IT

အမျိုးသမီးနဲ့ အမျိုးသား ဘယ်သူက ဂိမ်းပိုကစားသလဲ

Want create site? Find Free WordPress Themes and plugins.

MyGaming ရဲ့ ဖော်ပြချက်က ကမ္ဘာပေါ်မှာ PC လို့ ခေါ်တဲ့ ကွန်ပျူတာနဲ့ ဂိမ်းကစားသူ ဘယ်လောက်ထိ ရှိသလဲ၊ PC တွေရဲ့ ဂိမ်းကစားမှုနဲ့ အသုံးပြုမှု အပေါ်မှာ ဈေးကွက်နေရာ ဘယ်လောက်ထိ ရယူထားနိုင်သလဲ ဆိုတာ သိနိုင်အောင် ဖော်ပြတာ ဖြစ်ပါတယ်။ လက်ရှိ ပြည်တွင်းမှာ ခေတ်စားလာနေတဲ့ ဂိမ်းကစားခြင်းနဲ့ အတူ ကမ္ဘာမှာ လူဦးရေ ဘယ်လောက်ထိ ဂိမ်းကစား နေကြသလဲ ဆိုတာ လေ့လာကြည့်ရအောင်ပါ။

စမတ်ဖုန်းတွေနဲ့ တနိုင် ဂိမ်းကစားတဲ့ ပမာဏက ဖုန်း အသုံးပြုသူရဲ့ ရာခိုင်နှုန်း ၆၀ ကနေ ၈၀ ရာခိုင်နှုန်းလောက် ရှိပြီး၊ Online ဂိမ်းလို့ ခေါ်တဲ့ အင်တာနက်ဖွင့်ပြီး ကစားရတဲ့ ဂိမ်းရော Offline ဂိမ်းလို့ ခေါ်တဲ့ ဖုန်းထဲမှာ Install လုပ်ထားရုံနဲ့ ကစားနိုင်တဲ့ ဂိမ်း ကစားသူတွေ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒီတော့ လက်ရှိ ကမ္ဘာမှာ လူဦးရေ ၂ ဒသမ ၇ ဘီလီယံလောက် စမတ်ဖုန်း သုံးနေတယ် လို့ ခန့်မှန်းထားတဲ့ အတွက် လူဦးရေ ၂ ဘီလီယံကျော်လောက်က Online ရော Offline ဂိမ်းတွေကိုရော ကစားနေနိုင်တယ် လို့ ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။

PC နဲ့ Console လို့ ခေါ်တဲ့ ဂိမ်းစက်တွေကို သုံးပြီး ဂိမ်းကစားသူတွေ ဘယ်လို အခြေအနေလဲ။ ဂိမ်းစက်တွေက ဂိမ်းကစားရုံ သက်သက်ပဲ သုံးနိုင်ပြီး ဒါတောင်မှ ထုတ်လုပ်တဲ့ ကုမ္ပဏီ အပေါ် မူတည်ပြီး PlayStation တွေ Nintendo တွေ Xbox တွေ ကွဲပြားမှုက မိမိရဲ့ စက်နဲ့ ကစားနိုင်အောင် ထုတ်လုပ်ထားတဲ့ Platform တူတဲ့ ဂိမ်းတွေကိုပဲ ထည့်သွင်း ကစားနိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် ခန့်မှန်းသူတွေကတော့ နောက်ပိုင်းမှာလည်း Console တွေ အနေနဲ့ PC တွေကို ကျော်တက်ပြီး ရောင်းအား ကောင်းလာဖို့ မရှိဘူး လို့ ဆိုကြပါတယ်။

PC တွေကတော့ Desktop ကွန်ပျုတာတွေကနေ နောက်ဆုံး သယ်ဆောင်နိုင်တဲ့ Laptop တွေထိအောင် ပါရှိပြီး ကွန်ပျူတာ အနေနဲ့လည်း အခြား အသုံးတွေ သုံးနိုင်တယ်၊ ဂိမ်းလည်း ကစားနိုင်တာကြောင့် ဂိမ်းစက်တွေထက် ပိုပြီး လူကြိုက်များပါတယ်။ ဂိမ်း ထုတ်လုပ်သူတွေ ကလည်း ဥပမာ PS4 အတွက် အဓိကထားပြီး ဂိမ်းတခုကို ထုတ်လုပ်ချိန်မှာ အခြား Xbox တွေ Nintendo တွေနဲ့ Paltform မတူရင်တောင်မှ PC တွေနဲ့တော့ ကစားနိုင်အောင် ထုတ်လုပ်တတ်ကြပါတယ်။

ဒီလိုပါပဲ Xbox အတွက် အဓိက ထွက်တဲ့ ဂိမ်းတွေကလည်း PS4 တွေနဲ့ ပြေ၊ မပြေ မသေချာပေမယ့် ဦးစားပေး အနေနဲ့တော့ PC တွေနဲ့ အဆင်ပြေအောင် အထူးသဖြင့် Windows စနစ်နဲ့ အဆင်ပြေပြေ ကစားနိုင်အောင် ထုတ်လုပ်လေ့ ရှိပါတယ်။ ဒါကြောင့် ဈေးကွက်မှာ ဂိမ်းကစားသူတွေကလည်း PC နဲ့ ကစားများသလို ဂိမ်းစက်တွေထက် PC တွေ ပိုပြီး အဝယ်လိုက်တာ ဖြစ်ပါတယ်။

ဒါက ဂိမ်းစက်နဲ့ PC မှာ ဘယ်စက်ကို ပိုပြီး လူကြိုက်များ ကစားတယ် ဆိုတာ ဖြစ်ပါတယ်။ နောက်တချက် ပြန်တွေးစရာ ရှိတာက PC တွေဟာ ဂိမ်းကစားလို့လည်း ရနေတယ်၊ ကွန်ပျူတာ အသုံးလည်း ဖြစ်နိုင်ပါလျက်နဲ့ ဘာလို့ ဂိမ်းစက်တွေ ဈေးကွက် နေရာ ရနေရသေးတာလဲ။

အကြောင်းကတော့ လက်ကိုင်ကစားနိုင်တာကြောင့်ပါ။ အလွယ်ဆုံး မျက်စိထဲ မြင်အောင် ပြောရရင် PC နဲ့ ဂိမ်းကစားရင် Keyboard နဲ့ Mouse ကနေပဲ ထိန်းချုပ် ကစားရပြီး ဂိမ်းစက်တွေကတော့ ထိန်းချုပ်ကစားဖို့ လက်ကိုင်အထိုင် စနစ် ပါလို့ ကစားလို့ ပိုကောင်းတဲ့ အတွက် ဂိမ်းစက်တွေလည်း ဈေးကွက်နေရာ ရနေသေးတာ ဖြစ်ပါတယ်။

MyGaming ကတော့ ကမ္ဘာမှာ လူဦးရေ ၁ ဒသမ ၈ ဘီလီယံလောက် PC နဲ့ ဂိမ်းစက်တွေကို သုံးပြီး ဂိမ်းကစားနေတယ် လို့ ခန့်မှန်း ပါတယ်။ ဒါက အထက်မှာ ပြောခဲ့တဲ့ စမတ်ဖုန်းနဲ့ ဂိမ်းကစားမှု အရေ မတွက် မပါပါဘူး။ ခန့်မှန်းချက်တွေ အရ ဂိမ်း ကစားသူတွေရဲ့ ၁ ဒသမ ၂ ဘီလီယံက PC နဲ့ ဂိမ်းကစားတာကြောင့် ၆၂ ရာခိုင်နှုန်းလောက်ထိ PC တွေနဲ့ ဂိမ်းကစားရတာကို နှစ်သက်ကြပြီး ကျန်တဲ့ သန်း ၆၀၀ လောက်သော ဂိမ်းကစားသူတွေကတော့ ဂိမ်းစက် အမျိုးမျိုးနဲ့ ဂိမ်းကစားနေကြပါတယ်။

MyGaming ရဲ့ အဆိုအရ ကမ္ဘာကျော် Chip ထုတ်လုပ်မှု ကုမ္ပဏီ Intel ရဲ့ စာရင်းနဲ့ ခန့်မှန်းချက်တွေကိုပါ ရယူ ခန့်မှန်းထားတာ ဖြစ်တယ် လို့ ဆိုတာကြောင့် သိပ်တော့ လွဲစရာ မရှိလှပါဘူး။ တဆက်တည်း ဖော်ပြချက်မှာ ဂိမ်းကစားသူတွေနဲ့ ပတ်သတ်ပြီး ပျမ်းမျှ ဂိမ်းကစားသူ တယောက်ရဲ့ အသက်ကို ၃၅ နှစ်လို့ ခန်းမှန်းထားတာ တွေ့ရပါတယ်။ ဒါဆို နိုင်ငံတကာမှာ သက်ငယ်ပိုင်း ဂိမ်းကစားသူထက် သက်လတ်နဲ့ သက်ကြီးပိုင်း ဂိမ်းကစားသူ ပိုများမယ် လို့ ယူဆရပါတယ်။

၁၈ နှစ်အောက် ဂိမ်းကစားသူက ၂၆ ရာခိုင်နှုန်း၊ ၁၈ နဲ့ ၃၅ နှစ်ကြား ဂိမ်းကစားသူက ၃၀ ရာခိုင်နှုန်း၊ ၃၆ နဲ့ ၄၉ နှစ်ကြား ဂိမ်းကစားသူက ၁၇ ရာခိုင်နှုန်းနဲ့ အသက် ၅၀ နဲ့ အထက် ဂိမ်းကစားသူက ၂၇ ရာခိုင်နှုန်းဆိုတဲ့ ခန့်မှန်းချက် အရတော့ တခြား နိုင်ငံတွေမှာ သက်ကြီးပိုင်းတွေဟာ အထီးကျန်မှုနဲ့ ဇရာကို ဂိမ်းကစားမှုနဲ့များ ဖြေသိမ့်လေသလား တွေးစရာပါ။

ကျား၊ မ ဂိမ်းကစားမှုမှာတော့ ဂိမ်းကစားသူတွေရဲ့ ၅၆ ရာခိုင်နှုန်းက အမျိုးသားတွေ ဖြစ်နိုင်ပြီး ၄၄ ရာခိုင်နှုန်းက မိန်းကလေးတွေ ဖြစ်လို့ အမျိုးသားတွေက ဂိမ်းကစားနှုန်း ပိုပါတယ်။ ဒါပေမယ့် ထူးခြားချက်က မိန်းကလေးတွေမှာ အသက် ၁၈ နှစ်အောက် အရွယ်တွေက ဂိမ်းကစားနှုန်း မြင့်မားတာ တွေ့ရပြီး အသက် ၁၈ နှစ်အောက် အမျိုးသမီး ၃၃ ရာခိုင်နှုန်းလောက် ဂိမ်းကစားချိန်မှာ ၁၈ နှစ်အောက် အမျိုးသားတွေကတော့ ၁၅ ရာခိုင်နှုန်းလောက်ပဲ ကစားတာ တွေ့ရပါတယ်။

သက်ငယ်ပိုင်းမှာ ဂိမ်းကစားများတဲ့ အမျိုးသမီးတွေက သက်လတ်ပိုင်းမှာ ကစားမှု နည်းသွားပြီး အသက်ကြီးတော့ ပြန်ကစားကြ ပြန်ပါတယ်။ အမျိုးသားဂိမ်းသမားတွေရဲ့ ပျမ်းမျှ အသက် ၃၅ နှစ် ဖြစ်နေချိန်မှာ အမျိုးသမီး ဂိမ်းသမားတွေရဲ့ ပျမ်းမျှ အသက် က ၄၃ နှစ် ဖြစ်နေပါတယ်။ Social Game လို့ ခေါ်တဲ့ ပေါ့ပေါ့ပါးပါး ကစားရတဲ့ ဂိမ်းကစားသူက ၃၉ ရာခိုင်နှုန်း ရှိပါတယ်။ တိုက်ခိုက်ရေး ဂိမ်းကစားသူ ၃၀ ရာခိုင်နှုန်းနဲ့ ပဟေဠိ၊ အဖွဲ့လိုက် ဂိမ်းနဲ့ ဖဲချပ်လို ဂိမ်းကစားသူတွေ ကတော့ ၃၀ ရာခိုင်နှုန်း ရှိပါတယ်။
PC နဲ့ ကစားသူက ဂိမ်းကစားသူ အားလုံးရဲ့ ၆၂ ရာခိုင်နှုန်း၊ ဂိမ်းစက်နဲ့ ကစားသူက ၅၆ ရာခိုင်နှုန်း၊ စမတ်ဖုန်းနဲ့ ကစားသူ ၃၅ ရာခိုင်နှုန်း၊ ကြိုးမဲ့စက်တွေ (Tablet) လို စက်တွေနဲ့ ကစားသူ ၃၁ ရာခိုင်နှုန်း၊ လက်ကိုင် အကူပစ္စည်းသုံး ကစားသူ ၂၁ ရာခိုင်နှုန်း ရှိပါတယ်။

၂၀၁၄ ခုနှစ် အတွင်းက နောက်ဆုံး ဘဏ္ဍာရေး ရှင်းတမ်း စာရင်းတွေ အရ ဆိုရင် ကမ္ဘာတလွှားမှာ ဂိမ်းကစားဖို့ အသုံးပြုငွေက တနှစ်ကို ၂၂ ဒသမ ၄၁ ဘီလီယံဖိုးထိ ရှိနေပြီး ဆက်စပ်ပစ္စည်း အတွက် အသုံးစရိတ်က ၁ ဒသမ ၉၃ ဘီလီယံ၊ စက်အတွက် အသုံးစရိတ် ၅ ဒသမ ၀၈ ဘီလီယံ၊ ကစားဖို့ ဂိမ်း အတွက် အသုံးစရိတ် ၁၅ ဒသမ ၄ ဘီလီယံဖိုးလောက် ရှိနေပါတယ်။

နှစ်စဉ် အဆိုပါ ဂိမ်းကစားဖို့ အသုံးစရိတ်ဟာ ဒေါ်လာ ၅ ဘီလီယံလောက်ထိ တိုးတက်လာနိုင်တယ် လို့ ခန့်မှန်းသူတွေလည်း ရှိသလို အခုနှစ် ၂၀၁၇ ဆိုရင် ကမ္ဘာတလွှားမှာ ဂိမ်းကစားဖို့ အတွက်တင် အသုံးစရိတ် ဒေါ်လာ ၃၇ ဘီလီယံဖိုးထိ ရှိနိုင်နေတာလည်း ဖြစ်ပါတယ်။ ။

Ref: www.mygaming.com.za

Did you find apk for android? You can find new Free Android Games and apps.
Loading