IT

ဈေးချိုချိုနဲ့ အရည်အသွေးကောင်းတဲ့ HTC ရဲ့U11 Life ဖုန်း

HTC ကနေ နောက်ဆုံးထုတ် တန်းမြင့် မော်ဒယ် အဖြစ် U11 ထွက်ထားတယ်၊ ဒါပေမယ့် အရည်အသွေး ကောင်းသလောက် ဈေးများနေတယ်၊ ဈေးကွက်မှာက တန်ကြေးသင့်နဲ့ တန်ဖိုးနည်း ဖုန်းတွေကို လူတွေက ပိုပြီး အဝယ်လိုက်နေတယ်၊ ဒီတော့ ကုမ္ပဏီလည်း နောက်ထပ် ရွေးချယ်နိုင်စရာ ရှိအောင်လို့ အခု မော်ဒယ် U11 Life ကို ထုတ်လုပ်ရောင်းချလာတာ ဖြစ်ပါတယ်။

သဘောကျစရာ ကောင်းတဲ့ အချက်က ကင်မရာပိုင်း ကောင်းမွန်တာပဲ ဖြစ်ပါတယ်။ ရုပ်ထွက်ရော အလင်းနည်းချိန် ပုံရိပ် ဖမ်းယူနိုင်မှုပါ စိတ်ကြိုက်ပါပဲ။ ပြီးတော့ မျက်နှာပြင်စနစ်၊ အလင်းဖြာနှုန်း ကောင်းမွန်တယ်၊ ဘက်ထရီစား နည်းစေတယ်၊ ပြီးတော့ အသုံးပြုနိုင်အောင် ထည့်သွင်း ဖန်တီးထားတဲ့ Android App တွေက ရိုးရှင်းတယ်၊ အသုံးပြုရ လွယ်တယ်၊ လူသုံးများပြီး မဖြစ်အနေ သုံးကြတဲ့ App တွေကိုပဲ ထည့်ထား သလို ဖုန်းကို သွက်သွက်လက်လက် သုံးနိုင်အောင် ဖန်တီးထားတာ သဘော ကျစရာပါ။

ဒါပေမယ့် မျက်နှာပြင်စနစ်မှာ အလင်းဖြာနှုန်းကို အကောင်းဆုံး ထိန်းထားသည့်တိုင်အောင် ဘက်ထရီပိုင်း ဖန်တီးမှု အနည်းငယ် အားနည်းနေပြီး ဘက်ထရီ သက်တမ်း တိုနေစေတာ တွေ့ရပါတယ်။ အထူးသဖြင့် တရုတ် ဖုန်းအများစုမှာ ဘက်ထရီ အရွယ် ကြီးကြီးနဲ့ သက်တမ်း ရှည်ရှည် သုံးနိုင်အောင် ဖန်တီးထားပေမယ့် အခု မော်ဒယ်မှာတော့ ဘက်ထရီ သက်တမ်းက ပြိုင်ဘက် မော်ဒယ်တွေထက် တိုနေပါတယ်။

ပြီးတော့ နောက်ဘက် ဖုန်းကိုယ်ထည်သားက တခြား ဖုန်းတွေမှာ သတ္တုသား ဖြစ်ပြီး အကြမ်းခံပေမယ့် အခု U11 Life မှာတော့ ပလက်စတစ်သားနဲ့ ဖြစ်နေလို့ အကြမ်းခံနိုင်မှု အားနည်းနေတာလည်း တွေ့ရပါတယ်။ ပြီးတော့ Android ဖုန်း ဖြစ်နေပေမယ့် ဘာကြောင့် နားကြပ်ပေါက် ထည့်မထားသလဲ စဉ်းစားစရာပါ။

ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလ အတွင်းမှာ ငြိမ်ချက်သား ကောင်းနေတဲ့ HTC က အခုတော့ ဈေးကွက်မှာ နေရာရဖို့ ပြန်လည် ပြင်ဆင်လာနေပြီး U11 ထွက်ရှိပြီးတဲ့နောက် အခု နောက်ဆက်တွဲ ဖုန်းမော်ဒယ် ထပ်ထွက်လာပါတယ်။ တန်ဖိုးသင့် မော်ဒယ် အဖြစ် ရွေးချယ်နိုင်စရာ ရှိအောင် ဖန်တီးလာတာ ဖြစ်ပြီး Google ရဲ့ One Program အတိုင်း သုံးနိုင်အောင်ပါ ထုတ်လုပ်ထား တာ တွေ့ရပါတယ်။ ဒီ Program အရ အခုဖုန်းကလည်း တခြား တန်းမြင့် ဖုန်းတွေလိုပဲ Android စနစ်ကို သီးသန့် Version အသစ် ထွက်တိုင်း အဆင့်မြှင့်စရာ မလိုပဲ အလိုအလျောက် အဆင့်မြှင့်ပြီး ဖြစ်နေမှာပါ။

မော်ဒယ်ကို ဈေးနှုန်း ဒေါ်လာ ၃၄၉ နဲ့ ရောင်းချနေတာ ဖြစ်လို့ မြန်မာငွေနဲ့ ဆိုရင်တော့ ကျပ် ၅ သိန်းကျော်လောက် ဖြစ်နိုင်ပြီး ရှေ့ထွက် တန်းမြင့် မော်ဒယ် U11 နဲ့ စာရင်တော့ ဈေးနှုန်းက ထက်ဝက်လောက် နည်းသွားတာလည်း ဖြစ်ပါတယ်။ Honor 9, moto X4, Sony Xperia XZ1 Compact နဲ့ Samsung Galaxy A5 တွေ အတွက် အကောင်းဆုံး ဈေးကွက် ပြိုင်ဘက် ဖြစ်လာပါ တယ်။

 

ဖုန်းရဲ့ နောက်ဘက် ကိုယ်ထည်သားက ပလက်စတစ် ဖြစ်လို့ အခြား ဖုန်းတွေထက် အရောင်တောက်ပ ထင်ရှား လှပပါတယ်၊ မျက်နှာပြင်စနစ်က 1080p နှုန်းနဲ့ ပြသပေးမယ်၊ Chip အထိုင်မှာ Snapdragon 630 ကို သုံးထားတာ တွေ့ရပြီး နောက်ဆုံးထွက် မဟုတ်ပေမယ့် တန်ကြေးသင့် ဖုန်းတလုံး အတွက်တော့ သင့်ပါတယ်။

Graphic ပိုင်းမှာ အဓိက အားထည့်ထားတာ တွေ့ရပြီး ရုပ်ထွက်ကြီးတဲ့ ဂိမ်းတွေကိုပါ အကောင်းဆုံး ကစားနိုင်အောင် ဖန်တီး ထားတာ တွေ့ရပါတယ်။ ဘက်ထရီပိုင်းမှာတော့ ဖုန်းကို ပေါ့ပါးမှု ဦးစားပေး ပုံစံ ဖန်တီးထားပြီး 2600 mAh အားထိန်း ဘက်ထရီ ကို ထည့်ထားလို့ သက်တမ်း တိုနေစေတာပါ။

ဖုန်းရဲ့ အရွယ်က ၅ ဒသမ ၂ လက်မ ဖြစ်ပြီး လက်ရှိ ဈေးကွက် အတွင်းက လူကြိုက် အများဆုံး ဖုန်း အရွယ် ၅ ဒသမ ၅ လက်မထက် အနည်းငယ် သေးပေမယ့် On-hand လို့ ဆိုတဲ့ လက်ထဲမှာ ကိုင်တွယ် အသုံးပြုရမှု စိတ်ကြိုက် အနေအထားတော့ ဖြစ်လာစေပါတယ်။ Memory ပိုင်းမှာ 32GB နဲ့ 64 GB ဆိုပြီး ၂ မျိုး ရွေးချယ်စရာ ရပါမယ်။ RAM ကတော့ 4GB ရှိမှာပါ။

ချိတ်ဆက်နိုင်မှု အတွက် USB Type-C ကို တွေ့ရပါတယ်။ တန်းမြင့် မော်ဒယ်တွေမှာ သုံးလာတဲ့ စနစ် ဖြစ်လို့ သဘောကျစရာပါ။ ပြီးတော့ နားကြပ်ပေါက် ဖြုတ်ထားပေမယ့် USB-C ပေါက် ပါရှိတဲ့ နားကြပ်တွေ ဆိုရင်တော့ ချိတ်ဆက် အသုံးပြုနိုင်မှာပါ။ ဒါပေမယ့် USB-C နဲ့ လာတဲ့ နားကြပ်က ဈေးကွက်ဝင်မှုတော့ နည်းနေသေးတာ ဖြစ်ပါတယ်။

ဈေးနှုန်းအနေအထားမှာ ပြိုင်ဘက် တွေထက် ချိုသာမှုတော့ နည်းနေသေးပေမယ့် အရည်အသွေးနဲ့ စွမ်းဆောင်ရည်တော့ သင့်ပါတယ်။ အထူးသဖြင့်တော့ Google ရဲ့ နည်းပညာ ပံ့ပိုးမှု ကောင်းကောင်းရထားတဲ့ မော်ဒယ် ဖြစ်လို့ ရွေးချယ်ဖို့ သင့်တဲ့ မော်ဒယ်ကောင်း တခုလို့ သတ်မှတ်နိုင်ပါတယ်။ အခုထက် ဈေးပိုချိုမယ်၊ ဘက်ထရီသက်တမ်း ပိုကောင်းပြီး အကြမ်းခံနိုင်ရည် မြင့်လာရင်တော့ အကောင်းဆုံး ဖုန်းအဖြစ် သတ်မှတ်ရမယ့် အနေအထားပါပဲ။

Ref: techradar.com

Loading