IT

လက်ဖဝါးဖတ် လုံခြုံရေးစနစ်နဲ့ လာနိုင်တဲ့ Samsung စမတ်ဖုန်းသစ်

Want create site? Find Free WordPress Themes and plugins.

လက်ရှိ ကမ္ဘာ့ဖုန်းအရောင်းရဆုံး အမှတ်တံဆိပ် Samsung က ဖုန်းစနစ် လုံခြုံရေး အပိုင်းနဲ့ ပတ်သက်ပြီး အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်နေရာ မှာ ပေါက်ကြား သိရှိလာရတဲ့ သတင်းတွေ အရ လက်ဖဝါး (လက္ခဏာ) တွေကို ဖတ်ပြီးမှ ဖွင့်နိုင်မယ့် လုံခြုံရေးစနစ်ကို လာမယ့် ဖုန်း အသစ်တွေ မှာ သုံးနိုင်အောင် ဖန်တီးနေတယ် လို့ သိရပါတယ်။ လက်ရှိ ဖုန်း လုံခြုံရေးစနစ် အပိုင်းမှာတော့ လူသုံး အများဆုံးနဲ့ ထုတ်လုပ်သူတွေကလည်း အများဆုံး ထည့်သွင်း ထုတ်လုပ်နေမှုက လက်ဗွေဖတ် စနစ် ဖြစ်ပြီး လက်ချောင်း ထိပ်ပိုင်းက လက်ဗွေရာတွေနဲ့ ဖုန်းကို Lock ချနိုင်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိ ဖုန်းတွေမှာ အသုံး အများဆုံး လုံခြုံရေး စနစ်ဖြစ်တဲ့ လက်ဗွေဖတ် စနစ်ထက် ပိုပြီး တိကျသလို ထူးခြားတဲ့ လုံခြုံရေး စနစ်ကို Samsung က ဖန်တီးနေတာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ပေါ်ထွက်လာတဲ့ Samsung ရဲ့ ဖန်တီးမှုပိုင်း ဆိုင်ရာ PDF ဖိုင် အရ သိလာရတာလည်း ဖြစ်ပါတယ်။ လက်ရှိ Samsung ရဲ့ ဖုန်းတွေမှာလည်း လက်ဗွေဖတ် စနစ် ထည့်ထားတယ်၊ ပြီးတော့ ဒုတိယ အဆင့် ပိတ်ပင်မှု အနေနဲ့ Pin ဒါမှမဟုတ် Pattern တွေ ထားရှိ အသုံးပြုနိုင်နေတာ ဖြစ်ပါတယ်။

အခု အသစ် ဖန်တီးနေတဲ့ လက်ဗွေဖတ် စနစ်ကတော့ Pin နဲ့ Pattern တွေ ပါရှိမှာ မဟုတ်တော့ဘဲ ဖုန်းက ပိုင်ရှင် လက်ထဲ ရောက်ပြီ ဆိုတာနဲ့ ကင်မရာကနေ တဆင့် ဖုန်းပိုင်ရှင်ရဲ့ လက်ဖဝါးကို ကင်မရာနဲ့ Scan ဖတ်မယ်၊ ပြီးရင် လက္ခဏာ အနေအထားတွေကို ကြည့်ပြီး လက်ဖဝါးပေါ်မှာ စာလုံးတွေ မှတ်ထားမယ်၊ ပြီးရင် အဆိုပါ လက္ခာဏာနဲ့ စာလုံးတွေကို သိမ်းထားပြီး ဖုန်းပြန်ဖွင့်မယ့် အချိန်မှာ တိုက်ဆိုင် စစ်ဆေးပြီး တူညီရင် ဖွင့်ပေးသွားမှာ ဖြစ်တယ် လို့ ဆိုပါတယ်။

ကုမ္ပဏီ အနေနဲ့တော့ အခု စနစ်ကို အောင်မြင်အောင် ဖန်တီးနိုင်ပြီ ဆိုရင် ဖုန်း အဖွင့်၊ အပိတ်စနစ်မှာ လက်ဗွေဖတ် စနစ် အစား အသုံးပြု ထုတ်လုပ်လာနိုင်ဖို့လည်း ရှိသလို တကယ်လို့ ဖတ်ရ၊ ဖွင့်ရ၊ အသုံးပြုရ ခက်မယ် ဆိုရင်တော့ ဒီစနစ်ကို Samsung Pay လို ငွေကြေး ပေးချေမှု စနစ်လို အပိုင်းမှာ လုံခြုံရေး ပိုမို ကောင်းမွန်တဲ့ စနစ် အဖြစ် ထည့်သွင်း အသုံးပြုနိုင်အောင် ဖန်တီးထားဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

Apple လို Samsung ရဲ့ အဓိက ပြိုင်ဘက် ကုမ္ပဏီကနေ မျက်နှာဖတ်စနစ်ကို iPhone X လို နောက်ဆုံးထွက် မော်ဒယ်မှာ ထည့်သွင်း ဖန်တီးလာတာနဲ့ အတူ လူကြိုက်များလာတာက Android ဖုန်းတိုင်း လိုလို အသုံးပြုနိုင်နေတဲ့ လက်ဗွေဖတ်စနစ် တခုတည်းနဲ့တင် Samsung ဖုန်းတွေကို လူကြိုက်များအောင် ဆွဲဆောင်နိုင်ဖို့ ခက်ခဲလာတာလည်း ဖြစ်လို့ အခုလို စနစ်သစ်ကို ဖန်တီးနေတာ ဖြစ်နိုင်ပါတယ်။

သိရသလောက်ကတော့ Apple က လုံခြုံရေးစနစ် တခုကိုပဲ အဓိက ထားပြီး ထုတ်လုပ် လာချိန်မှာ Samsung အနေနဲ့ လုံခြုံရေး စနစ်ကို များလည်းများ၊ ကောင်းလည်း ကောင်းအောင် ဖန်တီးပြီး ကမ္ဘာ့ အကောင်းဆုံး တန်းမြင့် ဖုန်းတွေ ထုတ်လုပ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

အခုလို လုံခြုံရေးစနစ်သစ် ဖန်တီးနေမှုနဲ့ ပတ်သတ်ပြီး မီဒီယာတွေဆီ ပေါက်ကြားမှုနဲ့ အတူ စနစ်သစ် အကြောင်း မေးမြန်းချက် ကိုတော့ Samsung တာဝန်ရှိသူတွေက အခုထိ ပြန်လည် ဖြေရှင်း ပြောကြားတာ မရှိသေးပေမယ့် PDF ဖိုင် ထွက်ပေါ်လာတာ ကတော့ အမှန်ဖြစ်နေတာပါ။ နည်းပညာပိုင်း ကျွမ်းကျင်သူတွေကတော့ Samsung အနေနဲ့ လက်ဗွေဖတ်စနစ်ကို ဖယ်ထုတ်ပြီး အခု လက်ဖဝါးဖတ် စနစ်ကို အစားထိုး ထုတ်လုပ်ဖို့တော့ ချက်ချင်း မဖြစ်နိုင်သလို ကုမ္ပဏီ အနေနဲ့လည်း အသုံးပြုသူတွေ အားလုံးနဲ့ အသားကျပြီး ဖြစ်နေတဲ့ လက်ဗွေဖတ် စနစ်ကို ဖယ်ထုတ်ဖို့ စဉ်းစားမှာ မဟုတ်ဘူးလို့ ထင်ကြေးပေးနေပါတယ်။

အထူးသဖြင့်တော့ ငွေကြေးပေးဆောင်မှု အပိုင်းတွေမှာ အခု လက်ဖဝါးဖတ် စနစ်ကို သုံးလာနိုင်သလို တကယ်လို့ ငွေကြေး ပေးချေမှု အပိုင်းမှာ မသုံးဘူး ဆိုရင်တောင် နောက်ပိုင်းမှာ Pin နဲ့ Pattern တွေကို ဖယ်ထုတ်လိုက်ပြီး ပုံမှန် လုံခြုံရေး စစ်ဆေးမှု အနေနဲ့ လက်ဗွေကို ဖတ်မယ်၊ အကြောင်းတခုခုကြောင့် လက်ဗွေဖတ်မှု Match မဖြစ်မှသာ Pin နဲ့ Pattern တွေနဲ့ ဖွင့်ရမယ့် အစား အခု လက်ဖဝါးဖတ် စနစ်ကို ထည့်သွင်းလာနိုင်ပြီး Pattern လုပ်ဆောင်ရမှု၊ Pin ရိုက်ထည့်ရမှုတွေ ပျောက်သွားနိုင်တယ် လို့ ခန့်မှန်းနေတာလည်း တွေ့ရပါတယ်။

Samsung ကတော့ တန်းမြင့်ဖုန်း အသစ် Galaxy တန်းဝင် မော်ဒယ်ကို လာမယ့် ဖေဖော်ဝါရီနဲ့ မတ်လအတွင်း မိတ်ဆက် ရောင်းချလာဖို့ ရှိနေပေမယ့် အခုချိန်ထိ PDF ဖိုင်ထွက်ပေါ်မှုကလွဲရင် လုံခြုံရေးစနစ်သစ် အကြောင်း သတင်း ထုတ်ပြန်မှု မရှိတာကြောင့် အသစ် ထွက်လာမယ့် ဖုန်းအသစ်အထိ အခု နည်းပညာသစ် ပါရှိလာနိုင်ဖို့ မရှိသေးဘူး လို့လည်း ခန့်မှန်းနေကြ ပါတယ်။

Ref: www.cnet.com

Did you find apk for android? You can find new Free Android Games and apps.
Loading