IT

Microsoft အနေနဲ့ Apple ထက် အရင် ၁ ထရီလီယံတန် ကုမ္ပဏီ ဖြစ်လာနိုင်

ကမ္ဘာပေါ်က နည်းပညာ ကုမ္ပဏီကြီးတိုင်းလိုလို ဈေးကွက်မှာ အောင်မြင်မှုရဖို့ ပစ်မှတ်ထားနေကြတာက ဒေါ်လာ ၁ ထရီလီယံဖိုးလောက်ထိအောင် ဈေးကွက်နေရာရဖို့ ဖြစ်ပေမယ့် လွယ်လွယ်နဲ့တော့ ဖြစ်မလာကြပါဘူး။ ဒီနေ့ခေတ် နာမည်ကျော် Samsung, Appleနဲ့ Microsoft တွေလည်း အပြိုင်အနေနဲ့ အဆိုပါ ပန်းတိုင်ကို လှမ်းနေကြပါတယ်။

ဒီအထဲက iOS စနစ်နဲ့အတူ Mac တွေ iPhone တွေ လူကြိုက်များမှုကြောင့် ဈေးကွက်အောင်မြင်နေတဲ့ Apple က တခြား ကုမ္ပဏီတွေထက် ဈေးကွက်မှာ ပိုအောင်မြင်ပြီး ၁ ထရီလီယံ ရည်မှန်းချက်ကို အမြန်ပြည့်နိုင်မယ်လို့ ယူဆခဲ့ကြတာပါ။ တချို့သော ဈေးကွက် ဆောင်းပါးတွေမှာဆိုရင် Apple ကို ငွေထုတ်စက်ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီလို့တောင် တင်စား ရေးသားကြပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၅ နှစ်တာ ဈေးကွက်အနေအထားတွေကို ပြန်ကြည့်မယ်ဆိုရင်တော့ Apple ထက် အခြေအနေကောင်းနေတဲ့ နည်းပညာ ကုမ္ပဏီ တခုရှိပါသေးတယ်။ သူကတော့ Microsoft ပါ။

Microsoft 8 စနစ် ထွက်ရှိလာမှုတခုတည်းနဲ့တင် ကုမ္ပဏီက အမြတ်ငွေ ဒေါ်လာ ၂၅၀ ဘီလီယံလောက် ရထားတယ်လို့ သိရပါတယ်။ Apple နဲ့ Samsung လိုတော့ စမတ်ဖုန်း ဈေးကွက်မှာ အောင်မြင်မှုမရပေမယ့် ကမ္ဘာပေါ်မှာ လူသုံး အများဆုံး Windows စနစ်ကို အကောင်းဆုံး အဆင့်မြှင့်တင် ထုတ်လုပ်နိုင်နေဆဲမို့ အောင်မြင်နေဆဲ ဖြစ်ပါတယ်။

Cloud ဝန်ဆောင်မှုတွေဟာ ကမ္ဘာမှာ လူသုံးများလာမယ်ဆိုတာကို ကောင်းကောင်း နားလည်ထားတဲ့ ၂၀၁၄ ခုနှစ်ကမှ Microsoft ရဲ့ CEOဖြစ်လာသူ Satya Nadella က Azure ဝန်ဆောင်မှုကို စတင် လုပ်ဆောင်ခဲ့ပြီး အခုတော့ Wins စနစ်တွေအပြင် Cloud ဝန်ဆောင်မှုတွေနဲ့ အတူ Microsoft က ဈေးကွက်မှာ တန်ဖိုး ဒေါ်လာ ၆၅၀ လောက် တန်တဲ့ ကုမ္ပဏီကြီး ဖြစ်နေပါပြီ။

၁၀၀၀ ဘီလီယံတန်ဖိုးရှိမှ ၁ ထရီလီယံတန် ကုမ္ပဏီ ဖြစ်လာနိုင်မယ်။ အခုက ၆၅၀ ဖြစ်လို့ နောက်ထပ် ၅၀ ရာခိုင်နှုန်းလောက်သော တန်ဖိုးမြင့်တက်မှု လိုအပ်နေသေးပေမယ့် သူ့ရဲ့ စတော့ဈေးကွက်ပိုင်းမှာပါ ကုမ္ပဏီ ရှယ်ယာ တန်ဖိုးမြင့်တက်မှုတွေက Apple ကို ကောင်းကောင်း စိန်ခေါ်လာနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၁၂ လတာအတွင်းကိုပြန်ကြည့်ရင် Microsoft အနေနဲ့ ဒေါ်လာ ၃၂.၃ ဘီလီယံဖိုး ရောင်းချထားရပြီး အဲဒီထဲမှာ အသားတင် အမြတ်ငွေ ၂၂.၁ ဘီလီယံ ကျန်ထားပါတယ်။ ဒါဟာ ကုမ္ပဏီ ရှယ်ယာတခုရဲ့ တန်ဖိုးကို ၂၀ ရာခိုင်နှုန်းကနေ ၂၉ ရာခိုင်နှုန်းအတွင်းလောက်ထိအောင် မြင့်တက်သွားစေပါတယ်။ ဒါပေမယ့် ၁ ထရီလီယံတန် ကုမ္ပဏီ ဖြစ်လာမယ် ဆိုရင်တော့ Microsoft ရဲ့ ရှယ်ယာတစောင် ဈေးနှုန်းက ရာခိုင်နှုန်း ၄၅ လောက်ထိအောင် မြင့်တက်ဖို့ လိုအပ်ပါတယ်။ ကုမ္ပဏီ အနေနဲ့ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း ရှယ်ယာဈေးနှုန်း တနှစ်အတွင်း ၄၅ ရာခိုင်နှုန်းလောက်ထိအောင် မြင့်တက် အောင်မြင်တယ်ဆိုတာ ရှိတော့မရှိသေးပါဘူး။ ဒါကြောင့် တချို့ဈေးကွက် ကျွမ်းကျင်သူတွေကလည်း Microsoft အနေနဲ့ လွယ်လွယ်နဲ့ ၁ ထရီလီယံတန် ကုမ္ပဏီ ဖြစ်မလာနိုင်ဘူးလို့ ဆိုကြပါတယ်။

အနီးစပ်ဆုံးအနေနဲ့ ဆိုရင်လည်း Amazon လို ကုမ္ပဏီက Microsoft ထက် ပိုပြီး အမြတ်ငွေ ကျန်နှုန်း ပိုနေတာပါ။ ဈေးကွက် အောင်မြင်နှုန်းမှာ Amazon က လက်ရှိမှာ တနှစ်ကို ၃၀၀ ရာခိုင်နှုန်းလောက်နဲ့ကိုပဲ အောင်မြင်မှု မြင့်တက်နေတာပါ။ ဒါပေမယ့် အခုထိတော့ ၁ ထရီလီယံတန် ကုမ္ပဏီ ဖြစ်မလာသေးပါဘူး။ ဒါကလည်း ဈေးကွက်အောင်မြင်တိုင်း ကုမ္ပဏီတန်ဖိုး တက်မလာဘူး ဆိုတာကို သက်သေပြနေသလိုပါ။ ပြီးတော့ Brand Value လို့ ဆိုတဲ့ ကုမ္ပဏီ တန်ဖိုးအပိုင်းမှာလည်း အစကတည်းက Amazon က Apple နဲ့ Microsoft တို့လို တန်ဖိုးကြီး ကုမ္ပဏီ မဟုတ်သေးဘဲ နောက်မှ ပေါက်လာတဲ့ ရွှေကြာဖြစ်နေတာပါ။

ဒါပေမယ့် Evercore ISI လို ဈေးကွက်အဖွဲ့အစည်းကတော့ Microsoft အနေနဲ့ လာမယ့် ၂၀၂၀ ခုနှစ်၊ ဒါမှမဟုတ် အဆိုပါနှစ်ဝန်းကျင်မှာ ၁ ထရီလီယံတန် ကုမ္ပဏီ ဖြစ်လာမယ်လို့ ခန့်မှန်းထားပါပြီ။ ၂၀၂၁ ခုနှစ်မှာ Microsoft ရဲ့ Office စနစ် တခုတည်းကနေတင် တနှစ်ကို အမြတ် ၂၇ ဘီလီယံလောက် ရမယ်။ ဒီအတောအတွင်း Office စနစ်ကို အဆင့်မြှင့်နိုင်မယ်ဆိုရင် ၅ ဘီလီယံလောက် ပိုမြတ်နိုင်မယ်။ ဒီလို အမြတ်ကျန်နှုန်း မြင့်တက်လာမှုနဲ့အတူ ရှယ်ယာ ဈေးနှုန်းပါ တက်လာပြီး ကုမ္ပဏီက ၁ ထရီလီယံတန် ကုမ္ပဏီ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။

ဒါက Office စနစ်အတွက်ပဲ ရှိသေးပြီး Cloud ဝန်ဆောင်မှု အပိုင်းမှာဆိုရင်လည်း Amazon Web Services ပြီးရင် Microsoft ရဲ့ Azure က လက်ရှိမှာ ကမ္ဘာ့ဒုတိယအကြီးဆုံး ဝန်ဆောင်မှု ဖြစ်နေပါတယ်။ ဒီလို အောင်မြင်လာမှုတွေက လာမယ့် ဆယ်စုနှစ်အတွင်း Cloud ဝန်ဆောင်မှု တခုတည်းကနေ အမြတ်ငွေ ကျန်နှုန်း ၃၀ ရာခိုင်နှုန်းလောက် တိုးတက်လာနိုင်သေးတယ်လို့ ခန့်မှန်းထားကြပါတယ်။

IaaS လို ဈေးကွက် လေ့လာရေး အဖွဲ့ကလည်း လာမယ့်နှစ်မှာ Microsoft ရဲ့ ဈေးကွက်အောင်မြင်မှုက ပိုလာမယ်လို့ ဆိုပါတယ်။ Amazon ရဲ့ ဈေးကွက်နေရာတချို့ကိုတောင် ဖယ်ထုတ်လာနိုင်ဖို့ရှိနေပြီး အဓိက ပြိုင်ဖက်နေရာကနေ Amazon ကို ဖယ်ထုတ်လာနိုင်မယ်လို့ ခန့်မှန်းနေပါသေးတယ်။ အထူးသဖြင့်တော့ Wins နဲ့ Office တွေထက် Cloud ဝန်ဆောင်မှုတွေက Microsoft ကို ၁ ထရီလီယံတန် ကုမ္ပဏီ အမြန်ဆုံး ဖြစ်စေမယ့်လုပ်ငန်းလို့ ဆိုကြပါတယ်။

လက်ရှိ လူသိများ အောင်မြင်နေတဲ့ အမှတ်တံဆိပ် အနေအထားမှာတော့ Apple က အသာရနေတာ မှန်ပေမယ့် လုပ်ငန်းပိုင်း ကြီးစိုးထားမှုကိုတော့ Microsoft က ကောင်းကောင်း ချုပ်ကိုင်ထားနိုင်ပြီး ကမ္ဘာ့ပထမဆုံး ၁ ထရီလီယံတန် ကုမ္ပဏီ ဖြစ်လာဖို့ ပြေးလမ်းပေါ်မှာ Amazon, Apple တို့နဲ့အပြိုင် တတိယမြောက် ကုမ္ပဏီအဖြစ် ရှိနေတာပါ။ သို့ပေမယ့် လာမယ့် နှစ်အတွင်းမှာ Amazon ကို နောက်ကောက်ချထားနိုင်ဖို့ ရှိလာနေပြီး ၂၀၂၀ ဝန်းကျင်မှာ Apple ထက် အရင် တန်ဖိုး အကြီးဆုံး ကုမ္ပဏီ အဖြစ် ရပ်တည်လာနိုင်နေပါပြီ။ လက်ရှိမှာ Microsoft ရဲ့ တန်ဖိုးက အထက်မှာ ပြောခဲ့သလို ဒေါ်လာ ၆၅၀ ဘီလီယံလောက် တန်ဖိုးရှိနေပြီး အဓိက ပြိုင်ဖက် Apple ကတော့ ၂၀၁၆ ခုနှစ်ကုန်ကတည်းက ဒေါ်လာ ၇၂၅ ဘီလီယံလောက် တန်ဖိုးရှိတယ်လို့ timeinc.net ရဲ့ Fortune 500 စာရင်းမှာ ထည့်သွင်းဖော်ပြထားတာ တွေ့ရပြီး အခုနှစ်အတွင်းမှာတော့ ဒေါ်လာ ၈၀၀ ဘီလီယံလောက်ထိအောင် တန်ဖိုးရှိလာနိုင်တာလည်း ဖြစ်ပါတယ်။

www.businessinsider.com တွင်ဖော်ပြထားတဲ့ Microsoft could beat Apple to being the first $ 1 trillion company ဆိုတဲ့ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Loading