နာမည်ကျော် ဂျက်လေယာဉ်ထုတ်ကုမ္ပဏီ Lockheed Martin နဲ့ Aerion တို့ကတော့ လက်ရှိမှာ ကမ္ဘာ့ အမြန်ဆုံး ခရီးသည်တင် ဂျက်လေယာဉ်ကို အောင်မြင်အောင် ထုတ်လုပ်နိုင်ဖို့ ပြင်ဆင်နေတာ တွေ့ရပါတယ်။ ဂျက်လေယာဉ်အနေနဲ့ကတော့ ကိုယ်ထည်သေးငယ်ပြီး ခရီးသည် လိုက်ပါနိုင်မှု နည်းပါးနိုင်ပေမယ့် အခြား ခရီးသည်တင် လေယာဉ်တွေထက်စာရင် မြန်နှုန်းမြင့် သွားလာနိုင်တာကြောင့် အရေးပေါ် ခရီးစဉ်တွေအတွက် အဆင်ပြေစေမှာလည်း ဖြစ်ပါတယ်။
ကုမ္ပဏီနှစ်ခုကနေ ပူးပေါင်းလုပ်ဆောင်နေကြောင်း အတည်ပြုချက် ထုတ်ပြန်ထားသလို အဆိုပါ သတင်း ထုတ်ပြန်ချက်အတွင်း Aerion AS2 အမည်ရှိ လေယာဉ်ကို ဖန်တီးနေတယ်လို့ ဆိုပါတယ်။ ဒီလေယာဉ်ဟာ အမှန်တကယ် မောင်းနှင်နိုင်ချိန်မှာ အသံထက် ၁.၄ ဆ ပိုမို မြန်ဆန်မှာဖြစ်ပြီး တနာရီ ၁၀၇၄ မိုင်နှုန်းနဲ့ အမြန်ဆုံး ပျံသန်းနိုင်မယ်လို့ ဆိုပါတယ်။ ဒီလေယာဉ်အနေနဲ့ ခရီးသည် ၁၂ ယောက်ထိအောင် လိုက်ပါ စီးနင်းနိုင်မှာဖြစ်ပြီး လက်ရှိ စစ်ဖက်တွေမှာ သုံးနေတဲ့ အသံထက်မြန်တဲ့ တိုက်ခိုက်ရေး လေယာဉ်တွေရဲ့ ခရီးသည် ၁ ဦး၊ ၂ ဦး လိုက်ပါနိုင်မှုပုံစံကနေ ခရီးသည်တင် ၁၂ ယောက်စီးအဖြစ် ကိုယ်ထည်ကို ပိုမို ကြီးမားအောင်နဲ့ အသံထက် မြန်ဆန်အောင် မောင်းနှင်နိုင်ဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။
အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ဖြတ်သန်းမောင်းနှင်ရချိန် ပုံမှန် ခရီးစဉ် ၃ နာရီလောက်ကို လျော့ချလိုက်နိုင်မယ့် အခု မော်ဒယ်လ်က နယူးယောက်ကနေ လန်ဒန်ကို အသွား၊ အပြန် နေ့ချင်းပြီး ပြေးဆွဲလာနိုင်ဖို့ထိအောင် ရှိနေတာပါ။ လက်ရှိ စစ်ဖက်သုံး အသံထက် မြန်တဲ့ တိုက်လေယာဉ်တွေ ဖြစ်တဲ့ F16, F35 အပါအဝင် F22 လေယာဉ်တွေကိုလည်း အခု Lookheed Martin ကုမ္ပဏီက ထုတ်လုပ်ထားတာဖြစ်လို့ အသစ်ထွင်နေတဲ့ AS2 အနေနဲ့လည်း အမှန်တကယ်အောင်မြင် ပြေးဆွဲနိုင်တဲ့ ခရီးသည်တင် အသံထက်မြန်တဲ့လေယာဉ် ဖြစ်လာ နိုင်ပါတယ်။
အမေရိကန်နိုင်ငံံံ ရီနိုမှာ အခြေစိုက်တဲ့ Aerion Coporation ကတော့ ၂၀၀၃ ခုနှစ် အတွင်းကမှ စတင် တည်ထောင် လုပ်ကိုင်နေတဲ့ လေကြောင်းပညာဆိုင်ရာ နည်းပညာကုမ္ပဏီဖြစ်ပြီး ပြီးခဲ့တဲ့ ၂ နှစ်ခွဲ ကာလအတွင်းက အခု လေယာဉ်နဲ့ ပတ်သက်တဲ့ ကိုယ်ထည် အထိုင်ဘောင် တည်ဆောက်ခြင်း၊ ပင်မ အတောင်ပံ ဒီဇိုင်း ရေးဆွဲပုံဖော်ခြင်း၊ လေယာဉ်တစီးလုံးရဲ့ စနစ်အထိုင်ချခြင်း၊ ထိန်းချုပ်မောင်းနှင်မှုဆိုင်ရာ စနစ်များ ဖြည့်သွင်း တပ်ဆင်ခြင်းတွေကို လုပ်ဆောင်နေတယ်လို့ သိရပြီး အမြန်ဆုံး AS2ကို စမ်းသပ် မောင်းနှင်နိုင်ဖို့ အကောင်အထည်ဖော်နေတယ်လို့ ဆိုပါတယ်။
Aerion ရဲ့ ဥက္ကဌဖြစ်သူ Robert M. Bass ကတော့ အခုလို Lookheed Martin နဲ့ တွဲဖက်လုပ်ဆောင်ရတဲ့ အတွက် ကျေနပ်မိကြောင်း ဆိုပါတယ်။ ကျွန်တော်တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုဟာ အမှန်တကယ် အသံထက်မြန်တဲ့ လေယာဉ်တစင်းဖြစ်ဖို့ အကူအညီကောင်းတွေ ရလာပါတယ်၊ Lookheed ရဲ့ ဖန်တီးမှုတွေကတော့ အားလုံးသိထားပြီးဖြစ်သလို လက်တွေ့လည်း အကောင်းဆုံး ပူးပေါင်း ဖန်တီးနိုင်နေပါတယ်လို့ Bass က ပြောပါတယ်။
ကျနော်တို့ဟာ Lookheed ရဲ့ စိတ်ကူးနဲ့ လက်တွေ့ အကောင်အထည်ဖော် ဖန်တီးမှုတွေမှာ ပါဝင်ခွင့်ရခဲ့တာပါ။ သူတို့ဟာ အရင်ကတည်းက အခုလို လေကြောင်းလိုင်းသုံး အသံထက်မြန်တဲ့ ခရီးသည်တင်လေယာဉ် ထုတ်လုပ်ဖို့ ဆန္ဒ ရှိနေတာပါလို့ ဆက်ပြောပါတယ်။ ခန့်မှန်းချက်တွေအရတော့ AS2 အနေနဲ့ လာမယ့် ၂၀၂၃ ခုနှစ်မှာ စတင် စမ်းသပ် ပျံသန်းလာနိုင်ဖို့ရှိပြီး သက်ဆိုင်ရာ အစိုးရ၊ အဖွဲ့အစည်းတွေနဲ့ လေကြောင်းလိုင်း တွေကနေ အတည်ပြု ထောက်ခံချက်ကို ၂၀၂၅ အတွင်းမှာ ရလာဖို့ မျှော်လင့်နေတာလည်း တွေ့ရပါတယ်။ ထောက်ခံချက်တွေရပြီဆိုရင်တော့ အတွင်းပိုင်း ဇိမ်ခံ အပြင်အဆင်တွေနဲ့အတူ အသံထက်မြန်တဲ့ လေယာဉ်က ကမ္ဘာ့အမြန်ဆုံး လေကြောင်းခရီးစဉ်တွေ ပို့ဆောင်ပေးလာဖို့ ရှိတော့မှာပါ။
www.maxim.com တွင်ဖော်ပြထားတဲ့ World’s first supersonic business jet will fly faster than 1.000 mph ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။