၂၀၁၇ ခုနှစ် ကုန်ပြီးတော့ နှစ်ချုပ် စာရင်းတွေ အပြိုင် တက်နေတဲ့ အထဲက နည်းပညာသမားတွေ စိတ်ဝင်စားမယ့် ဒီနှစ် အတွင်း လူကြိုက် အများဆုံး စမတ်ဖုန်းတွေ အကြောင်း ပြောပြချင်ပါတယ်။ ဒီနေ့ခေတ်က နည်းပညာခေတ် ဖြစ်တဲ့ အတိုင်း လူတိုင်းလက်ထဲမှာ စမတ်ဖုန်း အသုံးပြုနေကြသလို အင်တာနက် အသုံးပြုနှုန်းပါ သိသိသာသာ မြင့်တက်လာ နေပြီ ဖြစ်လို့ အခု အမှတ်တံဆိပ်တွေကို ကြည့်ြ့ပီး ဖုန်းဝယ်မယ် ဆိုရင် ဘယ်တံဆိပ်တွေကို ရွေးသင့်တယ် ဆိုတာ စဉ်းစားလာနိုင်စေမှာလည်း ဖြစ်ပါတယ်။
(၁) Samsung ။ ။ လက်ရှိ ကမ္ဘာမှာ ဖုန်းအများဆုံး နှစ်စဉ် ရောင်းချနေရတဲ့ အမှတ်တံဆိပ်ပါ၊ Nokia ဆီကနေ ဖုန်း အများဆုံး ရောင်းချရမှု နေရာကို ရယူလိုက်နိုင်ပြီး နောက်ပိုင်း Samsung ကို ပြန်လည်ကျော်တက်နိုင်တဲ့ ဖုန်း အမှတ်တံဆိပ် ပေါ်မလာသေးပါဘူး။ နှစ်စဉ် ဖုန်းအလုံးရေ သန်း ၃၀၀ လောက် ရောင်းချနေရပါတယ်။ လက်ရှိ Android ဖုန်းတွေထဲမှာလည်း ဆမ်ဆောင်းလောက် နည်းပညာကောင်းမွန်ပြီး အရည်အသွေး မြင့်မားအောင် ဖုန်းထုတ်လုပ်နိုင်သူ မရှိ သလေက်ပါပဲ။ နိုင်ငံပေါင်း ၁၀၀ ကျော်မှာ တရားဝင် ဖြန့်ချိ ရောင်းချမှုတွေ လုပ်ဆောင်နေပါတယ်။
(၂) Apple ။ ။ iOS စနစ်နဲ့ အတူ ကမ္ဘာပေါ်မှာ စနစ် အကောင်းဆုံး ဖုန်းထုတ်လုပ်သူ အဖြစ် ရပ်တည်နေနိုင်သူပါ။ ကမ္ဘာ့နိုင်ငံပေါင်း ၄၀ လောက်မှာ တရားဝင် အရောင်းဆိုင်တွေ ထားရှိ ရောင်းချနေသလို ၁၅ နိုင်ငံလောက်မှာ ရုံးခွဲကြီးတွေ ရှိပါတယ်။ တနှစ်ကို ဖုန်း အလုံးရေ သန်း ၂၀၀ လောက် ရောင်းချနေရပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ် ကတည်းက တည်ထောင်ခဲ့တဲ့ ဖုန်းကုမ္ပဏီ ဖြစ်ပေမယ့် ၂၀၀၇ ခုနှစ်မှာမှ ပထမဆုံး iPhone ကို ထုတ်လုပ်နိုင်ခဲ့ပြီး ၁၀ နှစ်ကျော် ကာလအတွင်းမှာ ကမ္ဘာ့အမြတ်အစွန်း အများဆုံး ကုမ္ပဏီ ဖြစ်လာတာပါ။
(၃) Huawei ။ ။ ၂၀၁၇ ဖုန်းရောင်းချရမှု အရေအတွက် စာရင်းမှာ Apple ကို ကျော်တက်ပြီး ဒုတိယနေရာ ရောက်လာ ပေမယ့် လူကြိုက်များမှု အနေအထားအရတော့ Apple ကို ကျော်တက်နိုင်ဖို့ မလွယ်သေးပါဘူး။ တရုတ် အခြေစိုက် ဖုန်း ထုတ်လုပ် ကုမ္ပဏီတွေထဲမှာ ပထမဆုံးနဲ့ အောင်မြင်မှု အမြင့်ဆုံး ရထားတဲ့ တံဆိပ်ပါ။ ဖုန်းတွေ အပြင်၊ ကွန်ပျူတာ၊ တက်ဘလက်နဲ့ အင်တာနက် ချိတ်ဆက် စနစ်တွေပါ ထုတ်လုပ်လာပါတယ်။ ဝန်ထမ်းပေါင်း ၇၅၀၀၀ လောက်နဲ့ လည်ပတ် နေတဲ့ အခု ကုမ္ပဏီက နှစ်စဉ် ဖုန်းအလုံးရေ သန်း ၁၀၀ ထက် မနည်း ရောင်းချနေရပါတယ်။
(၄) Lenovo ။ ။ တကယ်တော့ နှစ်စဉ် ဖုန်း အလုံးရေ ၇၀၀၀၀ လောက်ပဲ ရောင်းချနေရပေမယ့် နာမည်ကျော် နည်းပညာ ကုမ္ပဏီကြီး Motorola ကိုပါ လက်ခွဲ အဖြစ် ရှိနေတဲ့ အခု လီနိုဘို အမှတ်တံဆိပ်က အရည်အသွေးကောင်းတဲ့ ဖုန်းတွေကို ထုတ်လုပ်နိုင်သူပါ။ ဖန်တီးမှု အပိုင်းရော စမ်းသပ်မှု အတွက်ပါ ငွေကြေး ကောင်းကောင်းသုံးစွဲပြီး ထောက်ပံ့ပေးထားလို့ ဖုန်းကောင်းတွေ ထွက်ရှိနေပါတယ်။ အထူးသဖြင့်တော့ တန်ဖိုးနည်းဖုန်း ထုတ်လုပ်မှုမှာ ဈေးနှုန်း ချိုသလောက် ဈေးနှုန်းထက် ပိုကောင်းတဲ့ အရည်အသွေးကို ပြသနိုင်တဲ့ ဖုန်းတွေ ထုတ်လုပ်ရောင်းချနေသူပါ။
(၅) Xiaomi ။ ။ လက်ရှိ ပြည်တွင်းမှာတော့ Mi ဖုန်းလို့ လူသိများတဲ့ အခု ဖုန်းက တဖြည်းဖြည်း လူကြိုက်များလာနေ ပါတယ်။ ၂၀၁၀ ခုနှစ်ကမှ ကုမ္ပဏီ စတင် တည်ထောင်ပြီး ဖုန်းထုတ်လုပ်လာတာ ဖြစ်ပေမယ့် ကာလတို အတွင်း ဈေးကွက် အောင်မြင်မှု အားကောင်းလာပါတယ်။ ဝန်ထမ်း အင်အား ၈၀၀၀ လောက်နဲ့ လည်ပတ်နေတာပါ။ ကနဦး တရုတ်နဲ့ အိန္ဒိယမှာ ဈေးကွက် အောင်မြင်အောင် လုပ်ဆောင်ခဲ့ပြီး အခုတော့ ဘရာဇီး၊ စင်ကာပူ၊ တူရကီနဲ့ ထိုင်းတွေမှာပါ ဈေးကွက် ချဲ့နေပါတယ်။ တနှစ်ကို ဖုန်းအလုံးရေ ၆၅ သန်းလောက် ရောင်းချရမှု ရှိနေပါတယ်။
(၆) LG ။ ။ တောင်ကိုရီးယား အခြေစိုက် အခု ကုမ္ပဏီက ဖုန်းထုတ်လုပ်တာ တခုတည်းကြောင့် မဟုတ်ဘဲ အခြား လျှပ်စစ် ပစ္စည်း ထုတ်လုပ်တာကြောင့် ကမ္ဘာက လူသိများပါတယ်။ စမတ်ပစ္စည်း အပိုင်းမှာတော့ စမတ်ဖုန်း အပြင် တက်ဘလက်နဲ့ စမတ်နာရီတွေပါ ထုတ်လုပ်ပါသေးတယ်။ G Series, K Series, LG Tribute, LG G Flex နဲ့ LG Nexus တွေလို မော်ဒယ် တွေကို လူကြိုက်များပါတယ်။ တနှစ်ကို သူလည်း ဖုန်းအလုံးရေ သန်း ၆၀ လောက် ရောင်းချနေရပါတယ်။
(၇) ZTE ။ ။ တရုတ် အခြေစိုက် ကုမ္ပဏီတွေထဲမှာ ဈေးကွက် ပထမဆုံး အောင်မြင်မှု ရတဲ့ ဖုန်း အမှတ်တံဆိပ်ပါ။ ကနဦး အထိုင်ဖုန်း (ခလုတ်ဖုန်း) တွေနဲ့ အတူ လူကြိုက်များပြီး နောက်ပိုင်း တက်ဘလက်၊ စမတ်ဖုန်းတွေ ထုတ်လုပ် ရောင်းချလာသလို ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းတွေပါ လုပ်ကိုင်ခြင်းနဲ့ အတူ ဈေးကွက်မှာ နေရာကောင်းကောင်း ရနေပါတယ်။ ကုမ္ပဏီရဲ့ ရည်ရွယ်ချက်က အခြေခံ လူတန်းစားအလွှာကို အဓိက ဝန်ဆောင်မှု အကောင်းဆုံး ပေးဖို့နဲ့ တန်းမြင့် ဖုန်းတွေကိုလည်း ဆက်လက် ဖန်တီးထုတ်လုပ်နိုင်ဖို့ ဖြစ်တယ် လို့ ဆိုပါတယ်။ တနှစ်ကို ဖုန်းအလုံးရေ ၅၅ သန်းလောက် ရောင်းနေရပါတယ်။
(၈) Oppo ။ ။ ၂၀၀၁ ခုနှစ်ကမှ စတင် ထည်ထောင်လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ဖြစ်ပေမယ့် အခုတော့ တရုတ်မှာ ဈေးကွက် ခိုင်ခိုင်မာမာ ရနေပြီ ဖြစ်တဲ့ နည်းပညာနဲ့ လျှပ်စစ်ကုမ္ပဏီ ဖြစ်နေပါပြီ။ ၂၀၀၈ ခုနှစ် အတွင်းကမှ စမတ်ဖုန်း စတင် ထုတ်လုပ်လာတာ ဖြစ်ပြီး အခုဆို Oppo က လူတိုင်းသိတဲ့ အမှတ်တံဆိပ် ဖြစ်လာပါတယ်။ အာရှ၊ အမေရိက၊ အရှေ့အလယ်ပိုင်းနဲ့ ဥရောပတွေထိအောင် ဈေးကွက် ရှာဖွေနေတာ တွေ့ရပြီး လက်ရှိ နိုင်ငံပေါင်း ၂၀ လောက်ကို တရားဝင် တင်သွင်း ရောင်းချနေတာပါ။ သူလည်း တနှစ်ကို ဖုန်း အလုံးရေ သန်း ၅၀ လောက် ရောင်းနေရပြီး R7, Joy, Mirror, F1 နဲ့ Neo လို မော်ဒယ်တွေကို လူကြိုက်များပါတယ်။
(၉) Alcatel ။ ။ ကမ္ဘာပေါ်မှာ ဈေးကွက်ဖြန့်ကျက်မှု အင်အား အကောင်းဆုံး ဖုန်းထုတ်လုပ်သူပါ။ နိုင်ငံပေါင်း ၁၇၀ လောက်ကို ဖြန့်ချိ နေတာပါ။ ဒါကြောင့်လည်း တနှစ်ကို ဖုန်းအလုံးရေ သန်း ၅၀ လောက် နှစ်စဉ် ရောင်းချနေရပါတယ်။ စမတ်ဖုန်း ထုတ်လုပ်မှု နည်းသေးပေမယ့် Pixi, Idol နဲ့ Pop မော်ဒယ်တွေကို လူကြိုက်များပါတယ်။ ZTE လိုပဲ အထိုင်ဖုန်း (ခလုတ်ဖုန်း) ထုတ်လုပ်မှုနဲ့ လူပိုသိပါတယ်။
(၁၀) Vivo ။ ။ ၂၀၀၉ ခုနှစ်ကမှ ကုမ္ပဏီ စတင် တည်ထောင်လုပ်ကိုင်ခဲ့ ပေမယ့် ဖုန်းကုမ္ပဏီတွေထဲမှာ အမြန်ဆုံး အောင်မြင်လာတဲ့ အမှတ်တံဆိပ်လို့ ဆိုရမှာပါ။ ဖုန်း ထုတ်လုပ်မှုရော၊ ဆက်စပ် ပစ္စည်း ထုတ်လုပ်မှုရော Software ထုတ်လုပ်မှုပါ လုပ်ဆောင်လာနိုင်နေပါတယ်။ တနှစ်ကို ဖုန်း အလုံးရေ ၄၅ သန်းလောက် ရောင်းနေရပါတယ်။ အဓိကဖုန်း အမျိုးအစား ၃ ခု ထွက်ရှိပါတယ်။ X series က တန်းမြင့်ဖုန်း၊ Y series က တန်ဖိုးနည်းဖုန်းနဲ့ V series က တန်ဖိုးသင့် မော်ဒယ်တွေ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် အတွင်း ကမ္ဘာ့အပါးလွှာဆုံး ဖုန်းထုတ်လုပ်နိုင်ခဲ့မှုနဲ့ အတူ ကမ္ဘာ့ဈေးကွက်မှာ Vivo ကို လူသိများစေခဲ့တာ ဖြစ်ပါတယ်။ ။
Ref: www.marketing91.com
Your Thoughts …