မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ အသစ်တိုးချဲ့လိုက်တဲ့ LTE+ ကွန်ရက်ကို ချင်းပြည်နယ်ဟားခါးမြို့နဲ့ မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးစေတီတော်တို့မှာ စတင် အသုံးပြုနိုင်ပြီဖြစ်ပြီး LTE+ ကွန်ရက်ကို မြန်မာနိုင်ငံအနှံ့ ပြည်နယ်နဲ့တိုင်း အသီးသီးကို တိုးချဲ့နေပြီလို့ သိရပါတယ်။
MPT အနေနဲ့လက်ရှိ ချင်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့ အပါအဝင် နိုင်ငံတဝန်းမှ မြို့နယ်ပေါင်း ၈၂ မြို့ ကို LTE+ ကွန်ရက် ဖြန့်ကျက်ထားပြီး ယခုနှစ် ၂၀၁၈ ခုနှစ်အတွင်း ကျန်တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ မြို့နယ်ပေါင်း ၂၈၀ ကို LTE+ ကွန်ရက် ဖြန့်ကျက်သွားမယ်လို့ သိရပါတယ်။
ချင်းပြည်နယ်၊ ဟားခါးမြို့မှာ မြန်နှုန်းမြင့် အင်တာနက်လိုင်း LTE+ ဖြန့်ကျက်လိုက်ခြင်းအားဖြင့် ယင်းဒေသမှာ နေထိုင်သူများအနေနဲ့ အင်တာနက်သုံးခြင်း၊ သီချင်းနားထောင်ခြင်း၊ HD အရည်အသွေးရှိ ဗီဒီယိုများ ကြည့်ရှုခြင်းတို့ကို အရည်အသွေး ကောင်းမွန်သော အင်တာနက်လိုင်းဖြင့် အသုံးပြုနိုင်မှာဖြစ်ပြီး မွန်ပြည်နယ်၊ ကျိုက်ထီးရိုးဒေသမှာလည်း ယင်းကဲ့သို့ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။
MPT ဟာ မကြာသေးမီ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း အင်တာနက်ဒေတာ အမြန်နှုန်း ၂ ဆ ပိုမိုမြန်ဆန်တဲ့ LTE+ 4×4 MIMO ကွန်ရက်အဆင့်မြှင့်တင်မှု ဆောင်ရွက်ခဲ့ပြီး အဆိုပါ နည်းပညာနဲ့ ကိုက်ညီတဲ့ စမတ်ဖုန်းများကို အသုံးပြုပါက အမြန်နှုန်း 300Mbps အထိ ရရှိနိုင်မယ့်အကြောင်း မိတ်ဆက်ခဲ့ပါတယ်။
“MPT အတွက် ၂၀၁၈ ခုနှစ်ဟာ ကြီးကျယ်ခမ်းနားတဲ့ နှစ်တနှစ်ပါ။ ၂၀၁၈ ခုနှစ်အကုန်မှာ LTE+ ကွန်ရက်ကို နိုင်ငံတဝန်းမှာရှိတဲ့ မြို့ပေါင်း ၂၈၀ မှာ ဖြန့်ကျက်သွားဖို့ မျှော်မှန်းထားပါတယ်။ သုံးစွဲသူများအနေနဲ့ LTE+ ကွန်ရက်နည်းပညာနဲ့ ကိုက်ညီတဲ့ မည်သည့် 4G မိုဘိုင်းလ်ဖုန်း အမျိုးအစားမှာမဆို ဖုန်း Settings မှာ 4G Network ကို ဖွင့်ထားပြီး အမြန်ဆုံး အင်တာနက်လိုင်းကို အသုံးပြုနိုင်မှာဖြစ်ပါတယ်” လို့ MPT-KSGM Joint Operations မှ Chief Commercial Officer, Mr. Reizo Umeda က ပြောပါတယ်။
ဆက်လက်ပြီး “အမြန်ဆုံး အင်တာနက်ဆုရထားတဲ့ LTE+ ကွန်ရက်ကို နိုင်ငံတဝန်း အသုံးပြုသူတွေက အံ့အားသင့်ဖွယ်ကောင်းအောင် အသုံးပြုနေတာကို တွေ့ရပါတယ်။ ဒါကြောင့် LTE+ ကွန်ရက်ကို ဟားခါးနဲ့ ကျိုက်ထီးရိုး စေတီတို့မှာ မိတ်ဆက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ အခုလို အရေးပါတဲ့ သမိုင်းမှတ်တိုင်အဖြစ် ချင်းပြည်နယ်မှာ တိုးချဲ့ချိတ်ဆက်နိုင်ခြင်းဟာ MPT LTE+ ကို နိုင်ငံတဝန်းက ပြည်နယ်နဲ့တိုင်းအသီးသီးမှာ အသုံးပြုနိုင်ပြီဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ဟာ ၂၀၁၆ ခုနှစ်မှ၂၀၁၇ ခုနှစ်အတွင်း “မြန်မာ့အမြန်ဆုံး မိုဘိုင်းလ် ကွန်ရက်ဆု” ကို ကမ္ဘာ့ထိပ်တန်း အင်တာနက်အမြန်နှုန်းစစ်ဆေးရေ အဖွဲ့အစည်းဖြစ်တဲ့ Ookla ထံမှ ၂ ကြိမ် တိုင်တိုင် ချီးမြှင့်ခြင်း ခံရတယ်လို့ သိရပါတယ်။
MPT ဟာ KDDI ကော်ပိုရေးရှင်း ၊ Sumitomo ကော်ပိုရေးရှင်းတို့ ပူးပေါင်းဆောင်ရွက်တဲ့ KDDI Summit Global Myanmar Company Limited (KSGM) နဲ့အတူ လုပ်ငန်းစပ်တူ ပူးပေါင်းရန် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ က သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံရှိ မိုဘိုင်းလ်ဆက်သွယ်ရေး နည်းပညာ ပိုမိုအဆင်ပြေလွယ်ကူစေရန် ကွန်ရက်များကို တိုးချဲ့ခြင်းနဲ့နည်းပညာအသစ်များ အသုံးပြုပြီး အရည်အသွေးမြင့် ဆက်သွယ်မှုကွန်ရက်ကို ပြည်သူအများ အသုံးပြုနိုင်အောင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဆက်စပ်သတင်းလင့်ခ် – MPT မှ ဒေတာမြန်နှုန်း ၂ ဆ ပိုမြန်ဆန်တဲ့ LTE+ နည်းပညာ မိတ်ဆက်