လက်ရှိ စမတ်ဖုန်း ဈေးကွက်ထဲမှာတော့ အကောင်းဆုံးနဲ့ လူကြိုက်အများဆုံး ဖုန်းဆိုတာ iOS စနစ်သုံး iPhone တွေပဲ ဖြစ်ပါလိမ့်မယ်။ အရည်အသွေး၊ စွမ်းဆောင်ရည်တွေကအစ လုံခြုံရေးစနစ် အထိအောင်ပါ အကောင်းဆုံး ဖြစ်လို့ လူကြိုက်များတာပါ။ အခု လူကြိုက်အများဆုံး ဖြစ်တဲ့ iPhoneတွေထဲက နောက်ဆုံးထွက် မော်ဒယ်တွေရဲ့ ဘက်ထရီ သက်တမ်းတွေ အကြောင်း ပြောပြချင်ပါတယ်။
ဖုန်းတလုံးအတွက် ဘက်ထရီသက်တမ်းဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာ ဖြစ်ပြီး iPhone အသစ် ဝယ်မလို့ စဉ်းစား နေသူတွေ အတွက်လည်း ဘယ်မော်ဒယ်က ဘက်ထရီအားကောင်းတယ် ဆိုတာ သိထားရအောင် ပြောပြချင် ပါတယ်။
အရင်ဆုံး အချိန်မပေးနိုင်သူတွေ အတွက် အလွယ်ပြောပြချင်တာကတော့ နောက်ဆုံးထွက် iPhone မော်ဒယ် ၃ ခု ရှိပါတယ်။ 8, 8 Plus နဲ့ X မော်ဒယ်တွေ ဖြစ်ပါတယ်။ X မော်ဒယ်ကတော့ ထူးခြားသလို အထူးထုတ် အဖြစ် ဈေးကွက်ထဲမှာ ရှိနေတာပါ။
ဒီမော်ဒယ် ၃ ခုထဲမှာ ဘက်ထရီသက်တမ်း အကောင်းဆုံးမော်ဒယ်ကတော့ 8Plus မော်ဒယ်ပါ၊ အားအပြည့်နဲ့ ဆိုရင် ဘက်ထရီက ၁၃ ဒသမ ၇၅ နာရီထိအောင် သုံးနိုင်ပါတယ်၊ ဒုတိယနေရာမှာတော့ 8 မော်ဒယ် ရှိပြီး ၁၃ ဒသမ ၅ နာရီ ထိအောင် သုံးနိုင်ပါတယ်။ အထူးထုတ် X ကတော့ ဘက်ထရီပိုင်းအား အနည်းဆုံး ဖြစ်ပြီး ၁၁ ဒသမ ၄၅ နာရီပဲ အသုံးခံပါတယ်။
X မော်ဒယ်ရဲ့ ဘက်ထရီဟာ အကောင်းဆုံးမဟုတ်
မော်ဒယ်က စုစုပေါင်း ၁၁ နာရီနဲ့ ၃၈ မိနစ်ပဲ အသုံးခံနိုင်ပါတယ်၊ ဒါဟာ တခြားဖုန်းတွေနဲ့ မယှဉ်သေးပဲ iPhone မော်ဒယ်ချင်း ယှဉ်ရင်တောင် အားနည်းလွန်း နေပါတယ်။ တခြားဖုန်းတွေက ၁၃ နာရီကျော် အသုံးပြုနိုင်လို့ပါ။
ဒီနေရာမှာ Android ထဲက အကောင်းဆုံးမော်ဒယ်တွေ ဖြစ်တဲ့ Samsung Galaxy Note 8 နဲ့ OnePlus 5T လို မော်ဒယ်တွေ ဆိုရင် ၁၇ နာရီ လောက်ထိ သုံးနိုင်နေတာ တွေ့ရပါတယ်။ အထူးသဖြင့်တော့ OLED စနစ်ကို မျက်နှာပြင်စနစ် အတွက် သုံးထားလို့ ဖြစ်နိုင်ပြီး ဒီစနစ်က အရောင်ထွက် ပိုကောင်းပေမယ့် ဘက်ထရီစားများတာ ဖြစ်ပါတယ်။ ပြီးတော့ ကင်မရာပိုင်း အားကောင်းအောင် ဖန်တီးထားတာနဲ့ Face ID လိုစနစ် သုံးနိုင်အောင် ထည့်သွင်း ဖန်တီးထားခြင်းတွေကြောင့် ဘက်ထရီစားများတာလည်း ဖြစ်နိုင်ပါတယ်။
ဘက်ထရီအကောင်းဆုံး iPhone 8 Plus
Android စနစ်သုံးတန်းမြင့် မော်ဒယ်တွေ လောက်တော့ မကောင်းဘူး ဆိုပေမယ့် iPhone ထဲမှာတော့ အကောင်းဆုံး မော်ဒယ် ဖြစ်နေပါတယ်။ 8 မော်ဒယ်နဲ့ သိပ်တော့ မကွာပါဘူး၊ 8 မော်ဒယ်က ၁၃ နာရီ ၃၁ မိနစ်၊ 8 Plus မော်ဒယ်ကတော့ ၁၃ နာရီ ၄၄ မိနစ် အသုံးခံမှာပါ။
၂၀၁၆ ထုတ်နဲ့ ၂၀၁၇ ထုတ် iPhoneများ
၂၀၁၆ အတွင်းမှာတော့ 7 နဲ့ 7 Plus မော်ဒယ်တွေ ထွက်ခဲ့ပါတယ်။ Apple ကတော့ သူတို့ရဲ့ ဖုန်းတွေမှာ ဘက်ထရီ သက်တမ်းက သိပ်မကွာနိုင်ဘူးလို့ ဆိုခဲ့တာပါ။ ဟုတ်ပါတယ်၊ ပြန်ကြည့်ရင်လည်း 7 မော်ဒယ်တွေနဲ့ 8 မော်ဒယ်တွေရဲ့ ဘက်ထရီသက်တမ်းက သိပ်မကွာပါဘူး။ 8 မော်ဒယ်က အင်တာနက်သုံးမယ် ဆိုရင် ၁၂ နာရီ ဝန်းကျင်၊ Wireless ပုံစံနဲ့ ရုပ်သံကြည့်မယ် ဆိုရင် ၁၃ နာရီ အသုံးခံနိုင်ပါတယ်။ ဒီနှုန်းက 7 မော်ဒယ်နဲ့ စာရင် ၁ နာရီ ဝန်းကျင်လောက် ဘက်ထရီ သက်တမ်း ပိုကောင်းလာပါတယ်။ 8Plus က ဖုန်းပြောမယ် ဆိုရင် ၂၁ နာရီ၊ သီချင်းပဲ နားထောင်မယ် ဆိုရင် နာရီ ၆၀ ရပေမယ့်၊ 8 မော်ဒယ်က ဖုန်းပြောရင် ၁၄ နာရီ၊ သီချင်းနားထောင်မယ် ဆိုရင် နာရီ ၄၀ ပဲ သုံးနိုင်မှာပါ။
အားသွင်းဖို့
iPhone အသစ်တွေမှာ အားသွင်းဖို့ ခေါင်းက 5 watt နဲ့ လာပေမယ့် သိပ်ပြီး မြန်ဆန်အောင် အားသွင်း မလာနိုင်ပါဘူး။ USB-C လိုခေါင်းကို သီးသန့် ထုတ်လုပ်ရောင်းချတာလည်း တွေ့ရပြီး Quick Charge စနစ် အတွက် သုံးမယ် ဆိုရင်တော့ ရပါတယ်။ iOS 11 စနစ်က 7.5 watt ခေါင်းတွေနဲ့ အားသွင်းမယ် ဆိုရင်လည်း ရလာပါတယ်။ ဒီတော့ USB-C နဲ့ ဖြစ်စေ 7.5 watt ခေါင်းနဲ့ ဖြစ်စေအားသွင်းတာ ပိုမြန်ပါလိမ့်မယ်။
အခြား စမ်းသပ်ထားမှုများ
X မော်ဒယ် စမ်းသပ်မှုကို CNETတင် မဟုတ်ပဲ Tom’s Guide ရော Wall Street Journal ကပါ လုပ်ဆောင်ထားပြီးသူတို့ရဲ့ စမ်းသပ်ချက်မှာတော့ X ရဲ့ ဘက်ထရီသက်တမ်းက 8 နဲ့ 8 Plus အကြားမှာ ဘက်ထရီအား အသုံးခံနိုင်မှု အဖြစ် ရပ်တည် နေတာပါ။ ဒီတော့ သေချာတာက X ဟာ 8Plus မော်ဒယ်လောက် ဘက်ထရီ အသုံးမခံပါဘူး၊ 8 ထက်တော့ ကြာကြာပို သုံးနိုင်ချင် သုံးနိုင်ဖို့ ရှိနေပါတယ်။ စမ်းသပ်မှု အရတော့ အထက်မှာ ပြောခဲ့သလို X က ဘက်ထရီအားအနည်းဆုံးပါ။
၂၀၁၈ ဖုန်းဆိုရင်တော့ ဘက်ထရီပိုင်း ပိုကောင်းလာနိုင်တယ်
၂၀၁၇ ထုတ် မော်ဒယ်ဟာ ကမ္ဘာ့ အကောင်းဆုံးဖုန်း အဖြစ် သတ်မှတ်ခံ၊ လူကြိုက်များသည့် တိုင်အောင် ဘက်ထရီပိုင်းမှာ အားနည်းချက် ဖြစ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်ထုတ် 7 မော်ဒယ်တွေထက် ဘက်ထရီပိုင်း သိသာကောင်းမွန်လောက်အောင် အဆင့်မြှင့်နိုင်မှု မရှိခဲ့ပါဘူး။ ဒီတော့ ဘက်ထရီပိုင်းစွမ်းဆောင်ရည်က ၂၀၁၆ – ၁၇ ခုနှစ် ၂ နှစ်လုံးမှာ မပြောင်းလဲခဲ့လို့ အခုနှစ် ၂၀၁၈ အထိအောင် ဘက်ထရီပိုင်း အဆင့်မတင်နိုင်ရင် Android ဖုန်းတွေကိုဈေးကွက် ပြိုင်ဆိုင်ဖို့ ခက်ခဲသွားနိုင် ပါတယ်။
အထူးသဖြင့်တော့ Face ID လို စနစ်ကနေ ဘက်ထရီစား များနေတာကို ပြင်ရမယ်၊ Chip အထိုင်ပိုင်းမှာ ဘက်ထရီစား နည်းအောင် လုပ်ဆောင်ရမယ်၊ ဘက်ထရီစား ခံနိုင်မှု အပိုင်းဟာ ၂၀၁၈ ထွက်လာမယ့် iPhone အတွက် ဦးစားပေး စောင့်ကြည့်ရမယ့် အပိုင်း ဖြစ်လာပါတယ်။ ။
Ref: www.cnet.com