IT

တိဗက်အရေး မှားဖော်ပြတဲ့ ဟိုတယ်လုပ်ငန်း Marriott ရဲ့ ဝက်ဘ်ဆိုက် တရုတ်တို့ ပိတ်

တိဗက်နှင့် ဟောင်ကောင်ကျွန်းတို့ကို သီးခြားနိုင်ငံများ အဖြစ် မှားယွင်းဖော်ပြမိတဲ့ အမေရိကန် အခြေ စိုက် ဟိုတယ်လုပ်ငန်းစုကြီးဖြစ်တဲ့ Marriott International ရဲ့ အင်တာနက် စာမျက်နှာကို တရုတ် အာဏာပိုင်တွေက တပတ်ကြာပိတ်ထားလိုက်ပါတယ်။

Marriott ရဲ့ဝက်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှု့သူများအတွက် မန်ဒရင်းဘာသာစကားနဲ့ မေးမြန်းတဲ့ အစီအစဉ်တခုမှာ မိမိတို့ နေထိုင်ရာ တိုင်းပြည်အလိုက် စာရင်းဖော်ပြခိုင်းရာ တိဗက်၊ ဟောင်ကောင် ၊ မက္ကာအိုနဲ့ ထိုင်ဝမ်တို့ကို ရွေးချယ်စရာ သီးသန့်ပုံစံများဖြင့် လွှင့်တင်ခဲ့ခြင်းဖြစ်ပါတယ်။

အဲ့ဒီအတွက် ရှန်ဟိုင်းအာဏာပိုင်တွေက တရုတ်ဘာသာနဲ့ လွှင့်တင်နေတဲ့ Marriott ရဲ့အင်တာနက် စာမျက်နှာနှင့် မိုဘိုင်း App များကို တပတ်ကြာ ပိတ်ထားဖို့ မနေ့က အမိန့်ထုတ်လိုက်တာဖြစ်ပြီး တရားမဝင် မူမမှန်တဲ့ သတင်းအချက်အလက်တွေကို ရှင်းလင်းဖို့ ညွှန်ကြား ထားကြောင်း အစိုးရ၏ ကြေညာချက်တွင် ဖော်ပြထားပါတယ်။

တရုတ်အာဏာပိုင်တွေရဲ့ ပိတ်ပင်မှုကြောင့် Marriott အနေနဲ့ တရုတ်ဘာသာ ဝက်ဘ်ဆိုက်မှာ တောင်းပန်တဲ့ သတင်းကို ယခုလွှင့်တင်ဖော်ပြနေပြီး၊ တရုတ်ပြည်ရဲ့ အချုပ်အခြအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှု ကို ထိပါးမယ့် ဘယ်လိုခွဲထွက်ရေးကိုမဆို အားပေးမည်မဟုတ်ဟုလည်း ဆိုပါတယ်။

ဒါ့အပြင် နားလည်မှု လွဲစေသည့် ဘယ်အပြုအမူကိုမဆို မိမိတို့ အနူးအညွတ်တောင်းပန်တယ်လို့ လည်း ပါရှိပါတယ်။

Marriott ရဲ့ မှားယွင်းမှုကနေ ၁၉၅၀ ခုနှစ်များက တရုတ်က တိဗက်ကို သိမ်းပိုက် ပြီး ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ အဖြစ် ထားရှိခြင်းကို လူမှုကွန်ရက်တွေမှာ အုတ်အုတ်ကျက်ကျက် ပြန်လည်ဝေဖန်ရေး သားလာခဲ့ပါတယ်။

ရှန်ဟိုင်း အာဏာပိုင်တွေဟာ Marriott International အင်တာနက်စာမျက်နှာမှာ မန်ဒရင်းဘာသာ စကားနဲ့ မေးခွန်းပုံစံ တင်ဆက်ရာမှာ အပြောနှင့် အရေးမှားနေမှုကို အမျိုးသားဆိုက်ဘာ လုံခြုံရေးနှင့် ကြော်ငြာလုပ်ငန်း ဥပဒေနဲ့ စုံစမ်းစစ်ဆေးနေပါတယ်။

Marriott Rewards ရဲ့ တရားဝင် Twitter လူမှုကွန်ရက်မှာ တိဗက်မိတ်ဆွေများဆိုတဲ့ အိန္ဒိယ အခြေ စိုက် တိဗက်လွတ်မြောက်အုပ်စုတစုက အမေရိကန် ဟိုတယ်လုပ်ငန်း အင်တာနက်စာမျက်နှာက တိဗက်ကို နိုင်ငံတနိုင်ငံအဖြစ် အသိအမှတ်ပြုတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ရေး သားထား တာကြောင့် လူထုဒေါသလည်း အရှိန်မြှင့်ခဲ့ရပါတယ်။

Loading