Huawei ရဲ့ မော်ဒယ် Mate 10 ရဲ့ နောက်ဆက်တွဲ တန်ဖိုးသင့် မော်ဒယ် အဖြစ် ထုတ်လုပ်လာတာ ဖြစ်ပြီး CNET ကနေ အမှတ်ပေး ထားမှု အနေအထားအရတော့ ဖုန်းတလုံးလုံးကို ပေးမှတ် ၁၀ မှတ်မှာ ရမှတ် ၇ ဒသမ ၆ မှတ်၊ ဒီဇိုင်းပိုင်း အားကောင်းပြီး ၉ မှတ်၊ နည်းပညာအသုံးပြုနိုင်မှု သင့်ပြီး ၇ မှတ်၊ စွမ်းဆောင်ရည် ကောင်းပြီး ၈ မှတ်၊ ကင်မရာနဲ့ ဘက်ထရီပိုင်း အသင့် အနေအထားပဲ ရှိပြီး ၇ မှတ်စီ ရထားပါတယ်။
အားသာချက် အဖြစ်နဲ့ ဘက်ထရီပိုင်း အနေအထားက ပြိုင်ဘက် မော်ဒယ် အများစုထက် ပိုကောင်းနေတယ်၊ ဖုန်းရဲ့ သွက်လက်မှုလည်း အားကောင်းတယ်၊ ဒီဇိုင်းပိုင်းကတော့ သဘောကျစရာ အကောင်းဆုံး ဖြစ်ပြီး ဆွဲဆောင်နိုင်မှုရော သိသာပေါ်လွင်မှုပါ အားကောင်း ပါတယ်။ မျက်နှာပြင်က ၅ ဒသမ ၉ လက်မ အရွယ် ရှိပြီး ဘေးဘောင်က အလွန်ကို သေးငယ် ကျဉ်းမြောင်းပါတယ်။ Facebook သုံးသူတွေ Game ကစားသူတွေ အတွက်ကတော့ စိတ်ကြိုက် ဖြစ်မှာပါ။ Note လို မော်ဒယ် အဖြစ် သုံးနိုင်မှာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ကင်မရာပိုင်းမှာ အားကောင်းလေ့ရှိတဲ့ တရုတ်ဖုန်း ဖြစ်နေပါလျက်နဲ့ အခု မော်ဒယ်မှာ ရှေ့ဘက်ရော နောက်ဘက် ကင်မရာစနစ်က အဆင့်မြှင့်ထားမှု အားနည်းပြီး ပုံစံ စွမ်းဆောင်ရည်လောက်သာ တွေ့ရပါတယ်။ ပြီးတော့ ဘက်ထရီ သက်တမ်းက ဖုန်းရဲ့ မျက်နှာပြင် အရွယ်နဲ့ ချိန်ကြည့်ရင်သာ သင့်ပေမယ့် အခုထက် ပိုမိုကြာရှည်အောင် အသုံးခံနိုင်ရင် စိတ်ကြိုက် ဖြစ်မှာပါ။ ပြီးတော့ ရေစိုခံနိုင်မှုလို စွမ်းဆောင်ရည်မျိုးလည်း မတွေ့ရပါဘူး။
ယေဘုယျ ပြောရမယ် ဆိုရင်တော့ OnePlus 5T အနေနဲ့ ဈေးကွက်မှာ အကောင်းဆုံး ဖုန်း အဖြစ် ဆက်လက် ရှိနေဦးမှာ ဖြစ်ပေမယ့် အခု မော်ဒယ်က ရွေးချယ်မယ် ဆိုရင်တော့ လက်ခံနိုင်စရာ ဖုန်းတလုံးလို့ ဆိုရမှာပါ။
မော်ဒယ်မှာ ကင်မရာက လေးလုံးထိအောင် ထည့်ထားပါတယ်။ နောက်ဘက် ပင်မ ကင်မရာက 16 MP နဲ့ 2MP ရှိတဲ့ ကင်မရာ နှစ်လုံးကို Dual အနေနဲ့ ထိုင်ထားတာပါ။ ရှေ့ဘက် Selfie ကင်မရာကတော့ 13MP နဲ့ 2MP ရှိတဲ့ ကင်မရာ စနစ်တွေကို ပေါင်းစပ်ထားတာပါ။ Dual ပုံစံ ဖြစ်ပေမယ့် ဒုတိယ ကင်မရာတွေက 2 MP ပဲ ရှိလို့ အကူသဘောမျိုးပဲ ထိုင်ထားတာ တွေ့ရပါတယ်။
ဒါနဲ့ မော်ဒယ်ကို ဈေးကွက် အလိုက် အမည်ကွဲ ခေါ်ဝေါ်မှုတွေ တွေ့ရပါသေးတယ်။ တချို့ ဈေးကွက်မှာ Nova 2i အဖြစ် ခေါ်ပါတယ်၊ မလေးရှား ဈေးကွက်မှာ Nova2i လို့ ခေါ်ပါတယ်၊ တရုတ် ဈေးကွက်မှာတော့ Huawei Maimang 6 အဖြစ် လူသိများ ပါတယ်။ အိန္ဒိယ ဈေးကွက်မှာ Huawei Honor 9i လို့ ခေါ်ပြန်ပါတယ်။ အခြား ဈေးကွက်တွေမှာတော့ Huawei G10 လို့ ရောင်းချတာလည်း တွေ့ရပါတယ်။
မော်ဒယ်က အလေးချိန် ၁၆၄ ဂရမ်လေးပါတယ်။ ကိုယ်ထည်က အလူမီနီယမ်သားကို သုံးထားပြီး အကြမ်းခံနိုင်အောင် ဖန်တီး ထားပါတယ်။ Simကတ် နှစ်ကတ် ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ မျက်နှာပြင်စနစ်က IPS LCD ဖြစ်ပါတယ်၊ သင့်ပါတယ်။ အကောင်းဆုံးတော့ မဟုတ်ပါဘူး။ အရောင်ထွက်နှုန်းက 1080 x 2160 p နှုန်းနဲ့ ပြသပေးမှာ ဖြစ်ပါတယ်။
Android စနစ်ကိုပဲ သုံးထားပြီး နောက်ထွက် Version ဖြစ်တဲ့ 7.0 (Nougat) ကို သုံးနိုင်မှာပါ။ Chip အထိုင်က HiSilicon Kirin 659 ကို ထိုင်ထားပါတယ်။ CPU က Octa-core နဲ့ ဖြစ်ပါတယ်။ GPU ပိုင်း အတွက် Mali-T830 ကို သုံးထားတာ တွေ့ရပါတယ်။ ဂိမ်းသမားတွေ အကြိုက်ပါပဲ။
Internal Memoryအနေနဲ့ 64GBပါရှိပြီး RAMကို 4GBထည့်ထားပါတယ်။ SDကတ်လည်း စိုက်နိုင်မှာပါ။ 256 GBထိအောင် စိုက်နိုင်ပေမယ့် ကတ်စိုက်မယ် ဆိုရင်တော့ Sim ကတ် တကတ်ပဲ သုံးနိုင်တော့မှာလည်း ဖြစ်ပါတယ်။ ကြိုးမဲ့ ချိတ်ဆက်မှု အဖြစ်နဲ့ Wi-Fi ချိတ်ဆက်နိုင်မယ်။ Bluetooth 4.2 သုံးနိုင်မယ်။ GPS လည်း ရမယ်။ USB ပိုင်းမှာ microUSB 2.0 ကို သုံးထားတာ တွေ့ရပြီး အခုထက် Version စနစ် ပိုမြင့်ရင်တော့ စိတ်ကြိုက် ဖြစ်မိမှာပါ။ လက်ဗွေဖတ် စနစ်ကို လုံခြုံရေးပိုင်း အတွက် သုံးနိုင်အောင် ဖန်တီးထားတယ်၊ ဖုန်းရဲ့ နေက်ဘက် မျက်နှာပြင်မှာ လက်ဗွေဖတ်ဖို့ နေရာ ထည့်ထားပါတယ်။
ဘက်ထရီက 3340 mAh အားထိန်း ဘက်ထရီဖြစ်ပြီး အသေတပ်စနစ်နဲ့ ဖြစ်ပါတယ်။ အနက်၊ ရွှေရောင်နဲ့ အပြာရောင်တွေ အဖြစ် ၃ မျိုး ထုတ်လုပ်ရောင်းချတာ တွေ့ရပါတယ်။ ဈေးနှုန်းကတော့ ယူရို ၃၅၀လောက် ရှိပါတယ်။
ဘက်ထရီ သက်တမ်းကတော့ ပုံမှန် အသုံးပြုမှုတွေ အတွက် ၇၆ နာရီလောက်ထိအောင် အထားခံနိုင်တာလည်း တွေ့ရပါတယ်။ ဈေးကွက်မှာ အဓိက ပြိုင်ဘက် အနေနဲ့ သတ်မှတ်နိုင်မယ့် မော်ဒယ်ကတော့ Motorola M X4 ရှိပြီး ရုပ်ထွက်ပိုင်းမှာတော့ အားနည်း ချင်ပေမယ့် မျက်နှာပြင် အရွယ်အစားနဲ့ ဈေးနှုန်း ချိုသာမှု အပိုင်းမှာတော့ ကောင်းမွန်ပြီး တန်ဖိုးသင့် အနေနဲ့ သဘောကျစရာ မော်ဒယ်ကောင်း တခုပါ။
Ref: www.cnet.com