အခုနှစ်ကတော့ Acer ကုုမ္ပဏီ အတွက် သမိုင်းဝင် မော်ဒယ်တခု မိတ်ဆက် ထုတ်လုပ်လာနိုင်တဲ့ နှစ်သစ်ပါပဲ။ CES လို့ ဆိုတဲ့ နှစ်စဉ် ကျင်းပလေ့ ရှိတဲ့ နည်းပညာပြပွဲကြီးမှာ ကုုမ္ပဏီထုတ် လက်ရှိ ဈေးကွက်ဝင် မော်ဒယ်တွေ အားလုံး အထဲမှာ အပါးလွှာဆုံး မော်ဒယ်ဖြစ်မယ့် လက်ပ်တေ့ာကို မိတ်ဆက်လာနိုင်လို့ပဲ ဖြစ်ပါတယ်။ မော်ဒယ် အမည်က Swift 7 ဖြစ်ပြီး မော်ဒယ်ခွဲ အမည် အဖြစ် SF714-51 အဖြစ် သတ်မှတ်ထားတာ တွေ့ရပါတယ်။ ဒီမော်ဒယ်က အမြင့်ဆုံး အထူ အနေနဲ့ ၈ ဒသမ ၉၈ မီလီမီတာပဲ ရှိလောက်အောင် ပါးလွှာတာလည်း ဖြစ်ပါတယ်။
ဒါဟာ Acer အနေနဲ့ ကမ္ဘာ့ အပါးလွှာဆုံး မော်ဒယ်ကို ဖန်တီးထားနိုင်ခြင်း ဖြစ်တယ် လို့ ဆိုသလို ဈေးနှုန်းအနေနဲ့တော့ ဒေါ်လာ ၁၆၉၉ (စတာလင်ပေါင် ၁၅၉၉)နဲ့ ရောင်းချဖို့ ရှိတယ် လို့လည်း ဆိုပါတယ်။ မော်ဒယ်ရဲ့ ဒီဇိုင်းကိုလည်း ဆွဲဆောင်မှု ကောင်းကောင်း ဖန်တီးထားတယ်၊ အနက်ရောင် အဖြစ်ပဲ ထုတ်လုပ်လာပြီး ကိုယ်ထည်က အလူမီနမ်သားနဲ့ ဖန်တီးထားပါတယ်။
မျက်နှာပြင်က ၁၄ လက်မ အရွယ်ပါ၊ Corning Gorilla Glass စနစ်ကို သုံးထားပြီး ဒီစနစ်က စမတ်ဖုန်းတွေမှာ အသုံးပြုတဲ့ စနစ်ဖြစ် သလို အကြမ်းခံနိုင်အား ကောင်းမွန်တာလည်း တွေ့ရပါတယ်။ ရုပ်ထွက်ရဲ့ ကြည်လင် ပြတ်သားမှုက 1920×1080 p နှုန်းထိ ရှိပါတယ်။
Touch စနစ်လည်း သုံးနိုင်မှာ ဖြစ်ပါတယ်။ ဘေးဘောင်က အလွန်ကျဉ်း ပါတယ်။ Full HD ရုပ်ထွက် အထိ ပြသပေးနိုင်မယ့် စနစ် ဖြစ်တယ် လို့ ဆိုပါတယ်။ ချိတ်ဆက် အသုံးပြုနိုင်မှု အပိုင်းမှာ Wirless အနေနဲ့ Wifi တွေ အပြင် 4G LTE စနစ်ထိ ချိတ်ဆက် အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။ Antenna ကို ကိုယ်ထည်သားနဲ့ အတူ ရောစပ် ဖန်တီးထားတဲ့ အချက်က နည်းနည်း ဆန်းပါတယ်။ Keyboard ကို Backlit ပုံစံ ထည့်သွင်းဖန်တီးထားမှာပါ။
မော်ဒယ် အနေနဲ့တော့ လက်ရှိ ဈေးကွက်ထဲက ပြိုင်ဘက် ဖြစ်မယ့် မော်ဒယ် အများစု ရှိနေပြီ ဖြစ်ပေမယ့် အပါးလွှာဆုံး ဆိုတဲ့ ထူူးခြားချက်နဲ့ အတူ လူ့ကြိုက်များမယ် လို့ မျှော်မှန်းထားကြောင်းလည်း Acer က ပြောပါတယ်။ Processor အပိုင်းမှာတော့ Intel ကနေ မျိုးဆက် ၇ ဆက်မြောက် ထုတ်လုပ်ထားတဲ့ Core i7 ကို သုံးထားမယ်၊ SSD အနေနဲ့ 256 GB ထိ ပါရှိမှာပါ။ Memory ကတော့ 8 GB ဖြစ်ပါတယ်။
ရုပ်ထွက်ပိုင်း ကောင်းမွန်အောင် ဖန်တီးထားပြီး ဘက်ထရီထည့်သွင်းဖို့ နေရာ နည်းသွားပေမယ့် မော်ဒယ်ရဲ့ ဘက်ထရီက အားအပြည့်နဲ့ ဆိုရင် အချိန် ၁၀ နာရီကျော်ထိအောင် သုံးနိုင်မယ် လို့ ဆိုပါတယ်။ ဒီနှုန်းက ၁၄ လက်မ အရွယ် မော်ဒယ် တခု အတွက်တော့ အကောင်းဆုံး မဟုတ်ပေမယ့် လက်ခံနိုင်စရာ ပါ။ ဒါပေမယ့် ဈေးကွက်ထဲ အမှန်တကယ် ရောင်းချချိန်မှာ အခုထက်ပိုပြီး ဘက်ထရီအား ခံနိုင်ဖို့ ရှိလာမလား ဆိုတာလည်း စောင့်ကြည့်ဖို့ လိုအပ်မှာပါ။
Windows 10 စနစ်ကို ထည့်သွင်း ဖန်တီးထားမယ်။ လူကြိုက်များ Apple Macbook Air ဆိုရင် ၁၇ မီလီထိ ထူလို့ အခု မော်ဒယ်က Air မော်ဒယ်ထက် ထက်ဝက်လောက် ပိုမို ပါးလွှာလာတာလည်း ဖြစ်ပါတယ်။ နောက်ပြီး မော်ဒယ်မှာ ထူးခြားချက် တစ်ခုက Fingerprint စနစ် ပါရှိတာပဲ ဖြစ်ပြီး အခုလို လက်ဗွေဖတ်စနစ်က ဖုန်းတွေမှာကိုပဲ လူကြိုက်များ နေတာ ဖြစ်ပြီး အဖွင့်၊ အပိတ်နဲ့ အသုံးပြုသူရဲ့ ဝင်ရောက်မှု အတွက် အရင်လို Password တွေ အများအပြား ထည့်သွင်း အသုံးပြုရမှု အလုပ်ကနေ သက်သာ ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ကနဦး ဈေးကွက်တင်မှု အဖြစ် အမေရိကန်၊ အင်္ဂလန်နဲ့ သြစတြေးလျ တွေမှာ လာမယ့် ဧပြီ အတွင်း စတင် ရောင်းချဖို့ ရှိနေပါတယ်။
Ref: www.cnet.com