ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ ၂၀၁၈ ခုနှစ် နည်းပညာပြပွဲကြီး CES မှာ ကမ္ဘာပေါ်က သတင်းမီဒီယာပေါင်း ၃၀၀ ကျော်လောက် တက်ရောက်ခဲ့ပြီး အဆိုပါ ပွဲမှာ တောင်ကိုရီးယား အခြေစိုက် Samsung ကနေ TV အသစ် တမျိုးကို ထည့်သွင်းပြသခဲ့တာ တွေ့ရပြီး မော်ဒယ် အမည်ကိုတော့ The Wall လို့ ပေးထားတာ တွေ့ရပါတယ်။
ကမ္ဘာ့ပထမဆုံး Modular System အမျိုးအစား ဖြစ်မယ် လို့ ကုမ္ပဏီက မိတ်ဆက်ပါတယ်။ ဆိုလိုတာကတော့ TV မျက်နှာပြင် အရွယ်ကို စိတ်ကြိုက် ပြောင်းလဲ အသုံးပြုနိုင်မယ် လို့ ဆိုပါတယ်။ micro LED စနစ်တွေကို အသုံးပြု ဖန်တီးထားတဲ့ အခု မော်ဒယ်က OLED စနစ်တွေနဲ့ ဖန်တီးမယ့် အနာဂါတ် TV တွေရဲ့ မြစ်ဖျားလည်း ဖြစ်လာနိုင်ပါတယ်။
ရုပ်ထွက် အနေနဲ့ 4K HDR အနေအထား အထိအောင် ပြသပေးနိုင်မှာ ဖြစ်ပြီး မျက်နှာပြင် အကျယ်က အကြီးဆုံး အနေနဲ့ ၁၄၆ လက်မထိ ကြီးမားမှာလည်း ဖြစ်ပါတယ်။ နံရံနဲ့ အပြည့် ကပ်ချိတ် အသုံးပြု ထားရှိ ကြည့်ရှုနိုင်မယ့် အခု မော်ဒယ်က တကယ်လို့ မိမိ အိမ်နံရံက အဆိုပါ ၁၄၆ လက်မ အရွယ်လောက် မရှိဘူး ဆိုရင်လည်း TV ကို အရွယ် သေးငယ်အောင် ချုံ့လိုက်နိုင်မှာလည်း ဖြစ်ပါတယ်။
Micro LED စနစ်ကို အသုံးပြုထားပေမယ့် OLED တွေရဲ့ ရုပ်ထွက်လိုပဲ တည်ငြိမ်မှု ရော အလင်းဖြာနှုန်းပဲ ကောင်းမွန် တာလည်း တွေ့ရပါတယ်။ အနက်ရောင် တည်ငြိမ်မှု၊ အရောင်ရောစပ်နှုန်း အချိုး အားကောင်းမှု၊ အရောင်စုံ ပြသပေးနိုင်မှု၊ စတဲ့ အဆင့်မြင့် TV တလုံးရဲ့ စွမ်းဆောင်ရည် အားလုံး ပါရှိအောင် ဖန်တီးထားတာလည်း တွေ့ရပါတယ်။ ပြီးတော့ OLED စနစ်နဲ့ TV တွေမှာ ဖြစ်တဲ့ Burn-in ဆိုတဲ့ အားနည်းချက်ကို အခု မော်ဒယ်မှာ မဖြစ်အောင် ဖန်တီးထားတယ် လို့ ဆိုပါတယ်။ Burn-in ဆိုတာကတော့ ရိုက်ချက် အရမ်းများတဲ့၊ Frame ပါဝင်မှု များတဲ့ ဇာတ်ဝင်ခန်းတွေမှာ ရုပ်ထွက် နှေးနေစေတဲ့ အားနည်းချက် ဖြစ်ပါတယ်။
CES ပွဲမှာ ကျွမ်းကျင်သူတွေကတော့ အခု မော်ဒယ် အနေနဲ့ OLED စနစ်သုံး မော်ဒယ်တွေရဲ့ ရုပ်ထွက်လိုပဲ အရည်အသွေး တူတယ် လို့ သုံးသပ်တာ တွေ့ရပါတယ်။ ဒါပေမယ့် အားသာချက် အဖြစ်နဲ့ ကတော့ မျက်နှာပြင် အရွယ်ကို လိုအပ်သလို ပြောင်းလဲ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အားနည်းချက် တခု ဖြစ်နေတာက အခု မော်ဒယ်ကို နောက်ပိုင်းမှာ OLED စနစ်နဲ့ ဖန်တီးနိုင်မှ ဈေးကွက်က ပိုပြီး နှစ်သက်ဖို့ ရှိနေတာပါ။ ဒါကလည်း OLED မော်ဒယ်တွေ အနေနဲ့ ရုပ်ထွက်ပိုင်းမှာ 4K ထက် မက ပိုမို ကောင်းမွန်တဲ့ ရုပ်ထွက်တွေကို ပြသနိုင်လောက်အောင် ဖန်တီးနိုင်နေလို့ ဖြစ်ပါတယ်။
သုံးသပ်သူတွေကတော့ အခု မော်ဒယ် အနေနဲ့ တကယ်တမ်း ဈေးကွက်တင်ချိန်မှာ OLED စနစ်နဲ့ ဖြစ်မယ်၊ အခုထက် ရုပ်ထွက် ပိုကောင်းမယ်ဆိုမှ ဈေးကွက်အောင်မြင်မှု ရနိုင်ပြီး micro-LED နဲ့ပဲ ဖန်တီးထားမယ် ဆိုရင်တော့ OLED မော်ဒယ်တွေကို ကျော်တက်နိုင်ဖို့ မလွယ်ဘူး လို့ ဆိုကြပါတယ်။
ရုပ်ထွက် ပြတ်သားနှုန်းမှာတော့ 3840×2160 p နှုန်းနဲ့ ပြသပေးနိုင်မှာပါ။ ပြီးတော့ အလင်းပြန်မှု မရှိအောင် နည်းပညာသုံး ဖန်တီးထားတယ် လို့ ဆိုပြီး အလင်းများတဲ့ အခန်းတွေမှာပါ စိတ်ကြိုက် ထားရှိ အသုံးပြုနိုင်ဖို့ ရှိပါတယ်။ မျက်နှာပြင် အရွယ်ကို စိတ်ကြိုက်ပြောင်းလဲနိုင်မယ် လို့ ဖော်ပြချက်တချို့လည်း တွေ့ရသလို အချို့သော မီဒီယာတွေရဲ့ ဖော်ပြချက်မှာ လည်း မော်ဒယ်က မျက်နှာပြင် အရွယ်ကို အသေးဆုံး ၇၅ လက်မ ထိအောင်ပဲ ချုံ့လိုက်နိုင်မယ် လို့ ဆိုထားတာ တွေ့ရပါတယ်။
Samsung ကတော့ မော်ဒယ်ကို အခု လာမယ့် မတ်လအတွင်း ပြန်လည်ပြီး အသေးစိတ် မိတ်ဆက် လုပ်ဆောင်မယ် လို့ ပြောသလို အဆင့်မြင့် ဇိမ်ခံ အသုံးအဆောင် အနေနဲ့ ရောင်းချမယ် လို့ ဆိုပါတယ်။ ဈေးနှုန်းနဲ့ ပတ်သတ်ပြီး မိတ်ဆက် ကြေငြာခြင်း လုံး၀ မတွေ့ရသေးပါဘူး။ Forbes ကတော့ နောက်ထပ် ၁၂ လ အတွင်း ရောင်းချနိုင်ဖို့ မရှိနိုင်သေးဘူးလို့ ခန့်မှန်း ထားတာလည်း တွေ့ရပါတယ်။
Ref: www.businessinsider.vom