Social Media ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတဲ့ ယနေ့ခေတ်လို အိုင်တီခေတ်၊ ဒီဂျစ်တယ် ခေတ်ကြီးထဲမှာ သမီးရည်းစား ချစ်သူထားတာကို အပြင်မှာတွေ့ပြီး ထားကြတာအပြင် အွန်လိုင်းကနေ ချိန်းတွေ့ကြပြီး သမီးရည်းစား ဖြစ်သွားကြတဲ့ စုံတွဲတွေ ဒုနဲ့ဒေးပါ။
တယောက်နဲ့ တယောက် ကောင်းကောင်းမွန်မွန်တွေ့ပြီး အဆင်ပြေသွားတဲ့ စုံတွဲတွေရှိသလို လူလိမ် လူညာတွေနဲ့ တွေ့ပြီး အလိမ်ခံလိုက်ရတဲ့ အဖြစ်တွေလည်း ရှိပါတယ်။ အွန်လိုင်း အသုံးပြုသူတွေအနေနဲ့ တဦးနဲ့တဦး မမြင်ရသေးတဲ့ Computer Screen နောက်ကွယ်က လူတွေ၊ အွန်လိုင်းပေါ်က လူသူစိမ်းတွေကို အလွယ်တကူ မယုံမိဖို့ လိုအပ်ပါတယ်။
အထူးသဖြင့် အွန်လိုင်းပေါ်မှာ အပြောကောင်းတဲ့သူတွေနဲ့ စကားပြောမိပြီဆိုရင် အလွယ်တကူ ပါမသွားစေဖို့ အထူး သတိထား ရပါတယ်။ ဒါကြောင့်မလို့ အွန်လိုင်းပေါ်က ကိုယ်မသိတဲ့လူ သူစိမ်းတွေကို အလွယ်တကူ မယုံကြည်ဖို့ သတိပြုရမယ့် အချက် ၅ ချက်ကို ဧရာဝတီ စာဖတ်ပရိသတ်ကြီးအတွက် အကြံပြု မျှဝေ ရေးသားလိုက်ပါတယ်။
(၁) နောက်ကြောင်း ရှင်းရဲ့လား
သူနဲ့ကိုယ် ပြောနေတဲ့အချိန်မှာ ကိုယ့်ဘက်က နောက်ကြောင်းရှင်းဖို့လိုသလို သူ့ဘက်ကနောက်ကြောင်း ရှင်းမရှင်း ကိုလည်း တတ်နိုင်သမျှ သိထားသင့်ပါတယ်။ သူ့ရဲ့စကားပြောဆိုပုံတွေက အရမ်းကိုကောင်းလွန်းနေပြီး ပြစ်ချက် မရှိဘူးဆိုရင် လွယ်လွယ်နဲ့ မယုံသင့်ပါဘူး။
(၂) စိတ်ပါနေပြီလား
သူနဲ့ စကားပြောရတာကို ကြည်နူးနေပြီလား။ တရက်လောက်မပြောဖြစ်ရင် မနေနိုင်သလိုဖြစ်နေပြီလား။ ဒါဆိုရင် သင့်ဘက်က စိတ်ပါနေပြီပေါ့။ တကယ်ပဲသူ့ကို စဉ်းစားတော့မှာလားဆိုတာ ကိုယ့်ကိုကိုယ် သေချာအောင် ပြန်လည် ဆန်းစစ်သင့်ပါပြီ။
(၃) သူငယ်ချင်းတွေရဲ့အမြင်ကို နားထောင်ပါ
လက်ရှိဖြစ်နေတဲ့ အဖြစ်အပျက်ကို သူငယ်ချင်းတွေကို ပြောပြပါ။ သူငယ်ချင်း တယောက်ချင်းစီရဲ့အမြင်ကို လက်ခံပြီး ရှေ့ဆက်သင့်၊ မဆက်သင့် ဆုံးဖြတ်ပါ။ ဒီလူဟာ အရမ်းလည်လွန်းပြီး စကားပြောရည် ပါးနပ်လွန်းတယ်။ သူ့ရဲ့ အပြောအဆိုတွေက ရဲတင်းလွန်းပြီး သင့်ကို ဆွဲဆောင်နိုင်လွန်းနေတယ်လို့ သူငယ်ချင်းတွေက ထောက်ပြလာပြီဆိုရင် အားလုံးဝိုင်းစဉ်းစားပြီး အဖြေတခုကို ထုတ်လိုက်ပါတော့။
(၄) လွယ်လွယ် မယုံပါနဲ့
သူငယ်ချင်းတွေက ဘယ်လောက်ပဲပြောပြော ကိုယ့်စိတ်ကိုမနိုင်ရင် မလွယ်ပါဘူး။ မျက်စိရှေ့မှာတောင် အလွယ်တကူ ယုံလို့မရတဲ့ ခေတ်ကြီးမှာ ကန့်လန့်ကာ နောက်ကွယ်က လူရဲ့စကားကို ယုံပြီး စိတ်လိုက်မာန်ပါ လုပ်တာမျိုး လုံးဝ မလုပ်လိုက်ပါနဲ့။
(၅) အချိန်ကို စောင့်ပါ
စိတ်ရှည်ပါ။ ဒီလူက သင့်ကို တကယ် စိတ်ဝင်စားတယ်၊ ရည်ရွယ်ထားတယ်ဆိုရင် သူ့ဘက်က စိတ်ရှည်ပြီး အမြဲ ဆက်သွယ်နေပါလိမ့်မယ်။ သူက စကားပြောကောင်းလို့ သင့်ဘက်က သဘောကျသွားတယ် ဆိုရင်တောင် ဒါက အချစ် မဟုတ်ပါဘူး။ ဒါကြောင့် တကယ်ချစ်မချစ် သိဖို့ဆိုရင် နှစ်ဦးနှစ်ဖက်လုံးက အချိန်ကို စောင့်သင့်ပါတယ်။
အထက်ပါ အကြောင်းအရာတွေက အွန်လိုင်းပေါ်က လူတွေနဲ့ ပတ်သက်မိနေတဲ့ အမျိုးသမီး၊ အမျိုးသားတွေ အတွက် ဆင်ခြင်ဖို့ ရည်ရွယ်ပြီး အကြံပြု ရေးသားထားတာပါ။ အွန်လိုင်းပေါ်က တခဏတာ အတုအယောင် အချစ်တွေနဲ့ မျောမနေဘဲ အပြင်လက်တွေ့ ဘဝမှာ တကယ် အချစ်စစ်၊ အချစ်မှန်နဲ့ ဆုံဆည်းနိုင်ပါစေလို့ ဆန္ဒပြုရင်း။ ။