“Apple Watch” ကို ဆေးပညာသုံး ပစ္စည်းတခုအနေနဲ့ အသုံးပြုနိုင်ဖို့ စတင်စမ်းသပ်နေတာ လအနည်းငယ် ရှိနေပါပြီ။ ဒါပေမယ့် ဒီလို ဝတ်ဆင်လို့ရတဲ့ ပစ္စည်းတခုက သူ့မှာ တခြားစွမ်းအင်တခုခု ရှိနေတယ်ဆိုတာ သက်သေပြလိုက်ပါပြီ။
Cardiogram တည်ထောင်သူ Brandon Ballinger ရဲ့ နောက်ဆုံးလေ့လာတွေ့ရှိချက်အရ “Apple Watch ဟာ ဆီးချိုရောဂါကို ၈၅ ရာခိုင်နှုန်းအထိ တိကျစွာ တိုင်းတာနိုင်ပြီ”လို့ ဆိုပါတယ်။ ဒါပေမယ့် စဉ်းစာစရာအချက် တခုကတော့ အရင်တုန်းက ဆီးချိုရောဂါ ခံစားနေရတဲ့ မှတ်တမ်းဟောင်းရှိတဲ့ လူနာတွေမှာသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
တူညီတာတွေကတော့ Apple Watch ဟာ အလားအလာရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အိပ်ဆောင်ပစ္စည်းတခု ဆိုတာကိုတော့ လေ့လာချက်က အကြံံပြုထားတာပါ။ အဲဒီ သုတေသန ပြုချက်မှာဆိုရင် Apple Watch ပိုင်ရှင် ၁၄၀၀၀ ထံကနေ အချက်အလက်တွေကို စိစစ်မေးမြန်းထားပြီး သူတို့အထဲက ၄၆၂ ဦးဟာ နာရီထဲမှာပါရှိတဲ့ နှလုံးခုန်နှုန်းတိုင်း Sensor ကို အသုံးပြုပြီး ဆီးချိုရှိနေပြီဆိုတာ ဆုံးဖြတ်နိုင်ပြီလို့ ဆိုပါတယ်။
ဒါဆို အဲဒီအရာက ဘယ်လိုအလုပ်လုပ်တာလဲ သိဖို့လိုပါပြီ။၂၀၁၅ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ Framingham Heart လေ့လာချက်အရ ဆီးချိုဝေဒနာရှင်တွေဟာ ကျန်းမာတဲ့သူတွေနဲ့ယှဉ်ရင် နှလုံးခုန်နှုန်း ကွာခြားတယ်လို့ ဆိုပါတယ်။ အဲဒီလိုမျိုးပဲ နာရီရဲ့ နှလုံးခုန်နှုန်းတိုင်း Sensor က ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းတွေကို ပုံစံတကျ တိုင်းတာပြီး ဆီးချိုဝေဒနာရှင် ဟုတ်၊ မဟုတ် သတ်မှတ်ခွဲခြားပေးပါတယ်။
TechCrunch မီဒီယာရဲ့ ထောက်ပြချက်ကတော့ တခြား ကျန်းမာရေးလုပ်ငန်းသုံး ဝတ်ဆင်နိုင်တဲ့ ပစ္စည်းတွေမှာ ပါရှိတဲ့ sensor ပုံစံတူ တမျိုးသာဖြစ်ပြီး Apple Watch မှာ အသုံးပြုနိုင်ဖို့အတွက် ကန့်သတ်ချက်မရှိဘူးဆိုတဲ့ အဓိပ္ပါယ်သာ ရတယ်လို့ ဆိုပါတယ်။ အဲဒီလိုမျိုး ဝတ်ဆင်နိုင်တဲ့ပစ္စည်းတွေဟာ ရောဂါဝေဒနာကိုသာ တိုင်းတာပေးနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်တော့မဟုတ်ပါဘူး။
Apple Watch ကို Cardiogram ရဲ့ မှတ်ဉာဏ်တု အခြေခံ တွက်ချက်မှုစနစ်နဲ့ ပေါင်းပြီး သုံးတဲ့အခါ ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းကို ၉၇ ရာခိုင်နှုန်းအထိ တိတိကျကျ တိုင်းတာဖို့ Ballinger က အသုံးပြုခဲ့ပါတယ်။ ဒါ့အပြင် အထင်ကြီးရ လောက်တဲ့ တိကျတဲ့ နှလုံးခုန်နှုန်းတွေနဲ့ အိပ်ပျော်နေစဉ် အသက်ရှူကြပ်တာ၊ သွေးတိုးရောဂါတို့ကို ခွဲခြားဖော်ထုတ် နိုင်ပြီလည်း ဖြစ်ပါတယ်။
ပြီးတော့ Apple Watch နဲ့ အခြားကျန်းမာရေးသုံး ဝတ်ဆင်နိုင်တဲ့ပစ္စည်းတွေကို ရောဂါရှာဖွေရေး အတွက် ဘယ်လို အကျိုးရှိစွာ အသုံးချနိုင်မယ်ဆိုတာကို သိလိုတာကြောင့် Ballinger နဲ့ သူ့အဖွဲ့က နှလုံးခုန်နှုန်းတိုင်း Sensor ကိုသုံးပြီး ရောဂါအမျိုးအစား တော်တော်များများကို ဖော်ထုတ်ပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။
တကယ်လို့သာ အဲဒီသုတေသနပြုချက်တွေ အောင်မြင်ခဲ့မယ်ဆိုရင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းမှာ ကြီးမားတဲ့ အောင်မြင်မှု အသီးအပွင့်ဖြစ်လာမှာပါ။ စောစောစီးစီး ရောဂါကို သိရှိတာဟာ ကုသစရိတ် ကြီးလေးစေတာကလွဲလို့ တခြားရောဂါတွေကို လျှော့ချနိုင်တဲ့ အဓိကသော့ချက်လည်း ဖြစ်ပါတယ်။
ဒီလေ့လာချက်ဟာ (မှတ်ဉာဏ်တု အခြေခံ တွက်ချက်မှုစနစ်နဲ့ တွဲဖက်ထားတဲ့) ပုံမှန် နှလုံးခုန်နှုန်းတိုင်း Sensor တွေက တခြားဈေးကြီးတဲ့ ပစ္စည်းကိရိယာတွေကို အသုံးမပြုဘဲ ဆီးချိုရောဂါကို သတ်မှတ်ခွဲခြားနိုင်ပြီ ဆိုတာကို ပြသနိုင်တဲ့ လေ့လာချက်တခုသာ ဖြစ်ပါတယ်။
Ref; Digitaltrends