XiaomiMi 7 မော်ဒယ်သစ်ဖုန်းက ဘာတွေ ထူးခြားမှာလဲ
ပြီးခဲတဲ့ နှစ်အတွင်းမှာတော့ Xiaomi အတွက် ဈေးကွက်မှာ လူကြိုက်များစေတဲ့ ဖုန်းတွေ ဖြစ်တဲ့ Mi 6 နဲ့ Mi Mix 2 လို မော်ဒယ်တွေကို မိတ်ဆက် ရောင်းချနိုင်ခဲ့ပါတယ်။ တရုတ် အခြေစိုက် ဖုန်းကုမ္ပဏီအတွက်ကတော့ အခုနှစ်မှာပါ အောင်မြင်တဲ့ ဖုန်းသစ်တွေ ထုတ်လုပ်ရောင်းချဖို့ ခွန်အားတရပ် ဖြစ်လာစေခဲ့ပါတယ်။ သိရသလောက်တော့ အခုနှစ် အတွင်းမှာ Xiaomi အနေနဲ့ ဖုန်းမော်ဒယ်သစ် နှစ်မျိုးကို မိတ်ဆက်ရောင်းချဖို့ ပြင်ဆင်နေပါတယ်။
နှစ်စဉ်ကျင်းပနေကျ Mobile World Congress ကို နည်းနည်းလောက် ကြည့်ရအောင်ပါ။ ဒီပွဲမှာ Xiaomi အနေနဲ့ လူကြိုက်များမယ့် ဖုန်းသစ်တွေကို မိတ်ဆက်လာပါလိမ့်မယ်။ သေချာတာကတော့ Mi 6 ရဲ့ နောက်ဆက်တွဲ Mi 7 နဲ့ Mi 7 Plus မော်ဒယ်တွေပါ။ မော်ဒယ်သစ်တွေနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေ ပြောပြပါမယ်။
Gizmochina ရဲ့ ဖော်ပြချက်အရ ဆိုရင် Mi 7 မှာ ၅ ဒသမ ၆၅ လက်မအရွယ် မျက်နှာပြင်ကို LCD စနစ် ထည့်သွင်း ဖန်တီးထားမယ်။ Aspect Ratio က 18:9 ဆိုတော့ မြင်ကွင်းကျယ်ပေါ့။ Mi 7 Plus ကတော့ အရွယ်ပိုကြီးပြီး ၆ ဒသမ ၀၁ လက်မရှိမယ်၊ တန်းမြင့်စနစ် OLED ကိုသုံးထားမယ်၊ ဖုန်းမော်ဒယ်သစ် ၂ ခုလုံးက ဘေးဘောင်မဲ့ ဒီဇိုင်းနဲ့ ဖြစ်မှာပါ။ ရှေ့ဘက် ကင်မရာ ကလည်း 20MP ထိအောင် ရှိမှာပါ။
Android Headlines မှာဖော်ပြထားတာ ဆိုရင်လည်း မော်ဒယ်သစ် နှစ်ခုလုံးရဲ့ နောက်ဘက် ကိုယ်ထည်သားက ဖန် (မှန်) သား ဖြစ်မယ်။ ဖန်တီးမှု အားကောင်းလာနိုင်ပြီး တန်းမြင့် ဖုန်းတွေလိုပဲကြိုးမဲ့ အားသွင်းစနစ်ကို သုံးနိုင်လာမယ်။ Mi 7 မော်ဒယ်မှာ Dual-Lens ပုံစံကင်မရာကို ထိုင်ထားမယ်။ လက်ဗွေဖတ် စနစ်ကိုတော့ အရင်လိုပဲ ဖုန်းရဲ့ နောက်ဘက် မျက်နှာပြင်မှာ ပါရှိမယ် လို့ ဆိုထားပါတယ်။
ပြီးတော့ ဖုန်းသစ်နဲ့ ပတ်သတ်တဲ့ သတင်းထွက်ပေါ်ချက်တွေ အရ Chip အထိုင်မှာ အခုနှစ်အတွက် အကောင်းဆုံး ဖြစ်မယ့် Snapdragon 845 ကို ထိုင်ထားမယ်လို့ ဆိုကြပါတယ်။ BGR ရဲ့ သတင်းတရပ် အရ ဆိုရင်လည်း ဖုန်းတွေက RAM အနေနဲ့ 8GB ထိအောင် ပါရှိမှာ ဖြစ်လို့ RAM အား အကောင်းဆုံး ဖုန်းတွေ ဖြစ်လာမှာပါ။
Gimochina ရဲ့ ဖော်ပြချက်မှာ အတွင်းဖုန်းရဲ့ ကင်မရာစနစ်ဟာ Dual-Lens အထိုင်မှာ နည်းပညာအနေနဲ့ microchrome+RGB ကို အကူထည့်ထားပါမယ်။ ဒီနည်းပညာက ရုပ်ထွက်ပိုင်းမှာ RGB ဆိုတဲ့ အနီ၊ အစိမ်း၊ အပြာ ဆေးသားကို ပေါ်လွင်တိကျမှု အားကောင်း စေမှာပါ။ LED မီးလည်း နှစ်လုံးထိုင်ထားပါလိမ့်မယ်။ Huawei Mate 10 နဲ့ Mate 10 Pro တွေရဲ့ နည်းပညာလို A.I စနစ် အကူတောင် ပါလာနိုင်ပါသေးတယ်။
Mi 7 မော်ဒယ်မှာ မျက်နှာဖတ် စနစ်နဲ့ ဖုန်းဖွင့်လာနိုင်ပါတယ်။ ဒါဟာ iPhone X ရဲ့ စွမ်းဆောင်ချက်နဲ့ အတူတူ ဖြစ်လာနိုင် ပါတယ် လို့ BGR ရဲ့ ဖော်ပြချက်မှာ ပါရှိခဲ့တာပါ။ ဒါပေမယ့် လက်ဗွေဖတ်စနစ်ကိုတော့ ဖယ်ထုတ်ထားမှာ မဟုတ်ပါဘူး။ ပိုမို တိကျတဲ့ လုံခြုံရေး စစ်ဆေးမှု ပုံစံအနေနဲ့ ထည့်သွင်း ပါရှိလာဦးမှာပါ။
အနိမ့်ဆုံးမော်ဒယ်ခွဲမှာ ဆိုရင်တောင် Mi 7 ရော Mi 7 Plus တွေပါ Internal Memory က 64 GB နဲ့ လာပါလိမ့်မယ် လို့ Tech Advisor က ပြောထားပါတယ်။ ပြီးတော့ Android v8.0 ကိုသုံးထားမယ်။ ဒါပေမယ့် 9.0 ကို အဆင့်မြှင့်နိုင်ဖို့လည်း ပြင်ဆင်ထားလိမ့်မယ်။ ဘက်ထရီက Mi 7 မှာ 3500 mAh အားထိန်း ဖြစ်နိုင်ပြီး Mi 7 Plus ရဲ့ ဘက်ထရီကတော့ ပိုကြီးနိုင် ပါတယ်။
အခုမော်ဒယ်သစ် ၂ ခုကို MWC မှာထည့်သွင်း မိတ်ဆက်လာ မလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။ ကုမ္ပဏီရဲ့ တာဝန်ရှိသူ တချို့ကတော့ MWC မှာမိတ်ဆက်ဖို့ မရှိသေးဘူး လို့ Android Headlines ကိုပြောတာ တွေ့ရပါတယ်။ ဒါကလည်း ပြိုင်ဘက် HTC နဲ့ LG လိုကုမ္ပဏီတွေက သူတို့ရဲ့ ဖုန်းသစ်တွေကို MWC ပြီးမှ မိတ်ဆက်ဖို့ ရှိနေလို့ပါ။ အထူးသဖြင့်တော့ ဒီပွဲမှာ Samsung ရဲ့ မော်ဒယ်သစ် Galaxy S9 နဲ့ S9 Plus တွေ မိတ်ဆက်လာရင် Xiaomi ရဲ့ မော်ဒယ်တွေ လူစိတ်ဝင်စားမှု နည်းသွားနိုင်တာကြောင့် ဖြစ်ပါတယ်။
အရင်မှတ်တမ်းတွေ အရတော့ Xiaomi က သူ့ရဲ့ ဖုန်းသစ်တွေကို ဧပြီအတွင်းမှာ ပိုပြီး မိတ်ဆက်လေ့ ရှိပါတယ်။ လက်ရှိ အချိန်ထိ ထွက်ပေါ်လာတဲ့ ပုံတွေ အရ Mi 7 က Snapdragon 845 နဲ့ ဖြစ်ပါတယ်။ အရင်နှစ်က ထွက်ခဲ့တဲ့ Mi 6 ထက် ဈေးနှုန်း ပိုမြင့်လာနိုင်ပြီးGizmochina ရဲ့ ဖော်ပြချက်မှာတော့ Mi 7 က ဒေါ်လာ ၄၇၅ လောက် ဈေးနဲ့ ရောင်းချလာ နိုင်ပါတယ်။
Ref: www.digitaltrends.com