ပြီးခဲ့တဲ့ ရက်ပိုင်းက စပိန်နိုင်ငံ၊ ဘာစီလိုနာမှာ ကျင်းပခဲ့တဲ့ Mobile World Congress မှာ တောင်ကိုရီးယား အခြေစိုက် Samsung ကုမ္ပဏီက သူ့ရဲ့ နောက်ထုတ်မယ့် မော်ဒယ်သစ် Galaxy S9 နဲ့ Galaxy S9+ တွေကို မိတ်ဆက်လာပါတယ်။ ဒါဆိုရင်တော့ S8 တွေပါ သုံးနေတဲ့ သူတွေ အတွက် နောက်ထပ် မော်ဒယ်သစ်က မကြာခင် ရောက်လာတော့မှာ ဖြစ်လို့ ရင်ခုန်စရာ အသစ် ဖြစ်လာစေပါတယ်။ ဒါနဲ့ မော်ဒယ်သစ်က ဘယ်လိုဆန်းသစ်မှုတွေ ပါရှိ ပါသလဲ။
မော်ဒယ်သစ်ကို S9 နဲ့ S9+ ဆိုပြီး ၂ မျိုး ခွဲခြား ထုတ်လုပ် ရောင်းချမယ် လို့ ဆိုပါတယ်။ S9 က ၅ ဒသမ ၈ လက်မ အရွယ် ဖုန်း ဖြစ်ပြီး AMOLED စနစ်နဲ့ ဖြစ်မယ်။ မျက်နှာပြင်စနစ်က အကောင်းဆုံးအဆင့် ရှိမယ်လို့ ဆိုပါတယ်။ S9+ ကတော့ ၆ ဒသမ ၂ လက်မ အရွယ်ရှိမှာ ဖြစ်ပြီး quadHD ရုပ်ထွက် ပေးနိုင်မယ့် AMOLED စနစ်နဲ့ ဖြစ်မယ် လို့ ဆိုပါတယ်။
S9 ရဲ့ ဒီဇိုင်းကရှေ့ထွက် S8 နဲ့ မကွာခြားဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် စွမ်းဆောင်ရည် ပိုင်းမှာတော့ အဆင့်မြှင့်ထားမှု များစွာ ပါရှိမယ် လို့ ဆိုပါတယ်။ ကင်မရာပိုင်းမှာ ဆိုရင် အလင်းနည်းနေတဲ့ အနေအထားမှာပါ ပုံမှန် ကင်မရာရဲ့ စွမ်းဆောင်ရည်မျိုးနဲ့ ပုံရိုက်နိုင်အောင် ဖန်တီးထားမယ် လို့ ဆိုပါတယ်။ Dual-aperture ကင်မရာစနစ်နဲ့ လာမှာပါ။ f/1.5 ကနေ f/2.4 အကြားထိ ချိန်ညှိရိုက်ကူးနိုင်မယ် လို့ ဆိုပါတယ်။ Pro အမည်ရှိ Mode ပါရှိလာမှာ ဖြစ်ကာ အဆိုပါ စနစ်ကနေ Aperture ကို စိတ်ကြိုက် ဝင်ချိန်နိုင်မှာ လို့ ဆိုပါတယ်။
S7 မော်ဒယ်ကနေ စပြီး ကင်မရာစနစ် အထူးကောင်းမွန်လာ သလို ဈေးကွက် အတွင်း ကင်မရာ အကောင်းဆုံး ဖုန်းစာရင်း ဝင်ခဲ့တာကြောင့် အဆိုပါ အားသာချက်ကို အခု မော်ဒယ်သစ်မှာပါ မပျောက်အောင် ဆက်ထိန်းထားမယ် လို့ ဆိုပါတယ်။ အရင်က ပုံတွေ ရိုက်ကူးသိမ်းဆည်းရေးမှာ ဖုန်းရဲ့ Memory စနစ်ကို ချိတ်ဆက် သိမ်းပေမယ့် အခုမော်ဒယ်သစ် S9 မှာ ကင်မရာ အတွက် Memory စနစ် သီးသန့် ပါလာမယ်။ အမြန်ရိုက်စနစ်နဲ့ ရိုက်ရင် အရင် S မော်ဒယ်တွေမှာ ၃ ပုံပဲ ရိုက်သိမ်းနိုင်ပေမယ့် အခု ၁၂ ပုံထိ ရလာမယ် လို့ ဆိုပါတယ်။
S9 မှာတော့ ကင်မရာက တလုံးထိုင် ဖြစ်ပေမယ့် S9+ ကတော့ ကင်မရာက နှစ်လုံးထိုင် ပုံစံ ဖြစ်မယ် လိုု့ ဆိုပါတယ်။ Galaxy Note 8 က ကင်မရာစနစ်နဲ့ ဆင်တူမှာ ဖြစ်ပြီး အဝေးက ပုံတွေကိုရိုက်ကူးရာမှာ Zoom လုပ်နိုင်မှု အားကောင်း လာပြီး ပုံထွက် မညံ့အောင် ပိုမိုအားထည့် ရိုက်ကူးလာစေနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
S9 မော်ဒယ်သစ် နှစ်ခုလုံးမှာ ရုပ်သံရိုက်ကူးမှု အနေနဲ့ Super Slow-motion လို့ ခေါ်တဲ့ အနှေး ရိုက်ချက်ထိ ရိုက်ကူးလာ နိုင်မှာ ဖြစ်ပြီး တစက္ကန့်ကို ရိုက်ချက် ၉၆၀ နှုန်း အထိ အနှေးပုံရိပ် ရိုက်ကူးနိုင်မယ် လို့ ဆိုပါတယ်။ ဒါဟာအနှေး အနေအထားမှာတောင် ရုပ်ထွက်က 720p နှုန်းရှိပြီး HD ရုပ်ထွက် ရမှာပါ။ ပြောရရင်တော့ အဓိက ပြိုင်ဘက် Apple ရဲ့ နောက်ဆုံးထွက် iPhone 8 နဲ့ X မှာတောင် အနှေးရိုက်ချက် တစက္ကန့် ၂၄၀ ထက် ပိုကောင်းအောင် ဖန်တီးမှာလည်း ဖြစ်ပါတယ်။
ပြီးတော့ လူသုံးများလာတဲ့ Emoji အသုံးပြုမှု အနေအထားမှာ AR Emoji ဆိုတဲ့ စနစ်သစ် ပါလာမယ်။ ဒီစနစ်က သင့်ရဲ့ မျက်နှာကို ပုံရိုက်ပြီး Emoji အဖြစ် ပြောင်းလဲအသုံးပြုနိုင်မှာ ဖြစ်လို့ ကိုယ်မျက်နှာနဲ့တူတဲ့ Emoji ကို ချက်ချင်းဖန်တီး အသုံးပြုလာနိုင်မယ့် အားသာချက်လည်း ရှိလာမှာပါ။
သင့်ရဲ့ ဓာတ်ပုံကို မျက်နှာ အချိုးအဆစ် ၁၀၀ လောက်ထိ ချိန်ယူပြီး Emoji အဖြစ် ပြောင်းလဲ အသုံးပြုနိုင်မယ့် စနစ်လည်း ဖြစ်ပါတယ်။ သင့် အနေနဲ့ ကိုယ့်မျက်နှာနဲ့ တူတဲ့ Emoji ပုံစံံ ၁၈မျိုးထိ ဖန်တီး အသုံးပြုနိုင်မယ် လို့ ဆိုပါတယ်။
ပြီးတော့ လက်ဗွေဖတ် စနစ်က သီးသန့်နေရာထားရှိ အသုံးပြု မထားတော့ဘဲ ကင်မရာစနစ် အတွင်းမှာ ရောထည့် ထားမယ် လို့ ဆိုပါတယ်။ ဒါဟာ S8 မော်ဒယ်ထက် သိသာတဲ့ အဆင့်မြှင့်လာမှုလည်း ဖြစ်ပြီး လုံခြုံရေးစနစ်လည်း ပိုကောင်းလာမှာပါ။
မော်ဒယ်သစ်မှာ Snapdragon 845 ကို သုံးထားမှာ ဖြစ်ပြီး ဒီစနစ်က အခုနှစ် ၂၀၁၈ အတွက် အကောင်းဆုံးChip အဖြစ် သတ်မှတ် ခံထားရတာပါ။ မှတ်ဉာဏ်တု စနစ်ကို သုံးထားတဲ့ Bixby စနစ်မှာလည်း ဘာသာစကား အသုံးပြုနိုင်မှု ၅၄ ခုထိ ရွေးချယ်နိုင်အောင် ဖန်တီးထားမယ် လိုု့ ဆိုပါတယ်။ Bixby Vision စနစ်သစ် ပါလာမယ်။ ဒီစနစ်က ကင်မရာကနေ အစားအစာကို ပုံဖမ်းလိုက်တာာနဲ့ ကယ်လိုရီများတဲ့ အစာတွေဆိုရင် သတိပေးမယ် လို့ ဆိုပါတယ်။
အသံပိုုင်းစနစ်မှာ Stereo အသံထွက်မယ်။ ပုံမှန် စပီကာအပြင် Stereo အသံထွက် အတွက် AKG ကနေ ထုတ်လုုပ်ထား တဲ့ စပီကာအပို ထိုင်ထားမယ်လို့ ဆိုပါတယ်။ အသံထွက် ပိုလည်း ကျယ်ပြီး ပိုမိုရှင်းလင်း ပြတ်သားမှု ကောင်းလာမယ်လို့ ဆိုပါတယ်။ ၃ ဒသမ ၅ မီလီမီတာ နားကြပ်ပေါက် ပါပါမယ်။ နားကြပ်တပ် နားဆင်ချိန် အသံထွက် ပိုကောင်းအောင် Dolby Atoms စနစ် ထည့်ထားမယ် လို့ ပြောပါတယ်။
မော်ဒယ်ကို မတ်လ ၂ ရက်နေ့မှာ S9 မော်ဒယ်ကို ဒေါ်လာ ၇၂၀ နဲ့ စတင်ရောင်းချမယ် လို့ ဆိုပြီး S9+ ကိုတော့ ၈၄၀ နဲ့ ရောင်းမယ် လို့ Samsung ကုမ္ပဏီက ပြောပါတယ်။ ။
Ref: www.businessinsider.com