IT

ကင်မရာ အကောင်းဆုံး ဖုန်းတွေ အကြောင်း

Want create site? Find Free WordPress Themes and plugins.

ဒီနေ့ခေတ် စမတ်ဖုန်း ဈေးကွက်မှာ အမှတ်တံဆိပ်ပေါင်းများစွာ ထွက်ရှိနေပြီး အဓိက ပြိုင်ဆိုင်မှု အနေနဲ့ ကင်မရာပိုင်းကို ကောင်းသည်ထက် ကောင်းအောင် ပြင်ဆင် ထုတ်လုပ် ရောင်းချနေကြပေမယ့် တကယ်တမ်း ကင်မရာ အကောင်းဆုံး ဖုန်းတွေကိုတော့ Apple နဲ့ Samsung တို့ကပဲ ထုတ်လုပ်နိုင်နေတယ်လို့ ဆိုပါတယ်။

Consumer Reports ကိုယ်တိုင်လည်း နာမည်ကျော် ဖုန်းထုတ်လုပ်သူတွေ ဖြစ်တဲ့ Apple, Samsung, Google, LG, Huawei, HTC နဲ့ OnePlus တွေရဲ့ မော်ဒယ်ပေါင်း ၅၀ ကျော်ကို စမ်းသပ်မှု အရ Apple နဲ့ Samsung ရဲ့ မော်ဒယ်တွေ ကပဲ ကင်မရာပိုင်း အားကောင်းတာ တွေ့ရတယ် လို့ ဆိုပါတယ်။ ဘယ်မော်ဒယ်တွေက ကင်မရာပိုင်း အကောင်းဆုံးပါလဲ။

(၁၀) Samsung Galaxy S8 Active ။ ။ ကိုယ်ထည်ပိုင်းမှာ အကြမ်းခံနိုင်အောင် ဘေးဘက်မှာ သတ္တုသားထူထူ ထည့်ထားတဲ့ မော်ဒယ်။ နောက်ဘက်ပိုင်းက Polycarbonate သား၊ စစ်ဘက်နယ်ပယ်မှာတောင် သုံးနိုင်လောက်အောင် အကြမ်းခံတယ် လို့ ကုမ္ပဏီက ဆိုထားတဲ့ မော်ဒယ်ပါ။ ရေစိုလည်း ခံမယ်၊ ၅ ပေ အမြင့်ကနေ ပြုတ်ကျတဲ့ ဒဏ်ကိုလည်း ခံနိုင်မယ်တဲ့။ Galaxy S8 နဲ့ ဆင်ပါတယ်၊ နောက်ဘက် ကင်မရာက 12MP ရှိပါတယ်။ ရှေ့ဘက်ကတော့ 8-MPပါ။ ဓာတ်ပုံရော ရုပ်သံ ရိုက်ကူးမှုပါ အားကောင်းတယ် လို့ မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။

(၉) Apple iPhone 7 Plus ။ ။ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ အခု မော်ဒယ်က Apple ထုတ် မော်ဒယ်တွေထဲမှာ ကင်မရာ နှစ်လုံးထိုင်စနစ် ပထမဆုံး ထည့်သွင်း ဖန်တီးထားတဲ့ မော်ဒယ်ပါ။ ပြီးတော့ Optical Zoom ပထမဆုံး ပါရှိလာတဲ့ iPhone လဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်၊ ဒါကြောင့်လည်း ရုပ်ထွက်တွေက သိသာလောက်အောင် တောက်ပ ကောင်းမွန် ပါတယ်။ ဖုန်းမှာ နောက်ဘက်က 12MP ကင်မရာ ၂ လုံးနဲ့ ရှေ့ဘက်က 7MP ကင်မရာတွေ ပါရှိတာလည်း ဖြစ်ပါတယ်။ ရုပ်ထွက် အလွန်ကောင်းတယ် လို့လည်း ဆိုပါတယ်။

(၈) Samsung Galaxy Note 8 ။ ။ iPhone 7 Plus နဲ့ အတူတူပဲ အခု မော်ဒယ်မှာလည်း နောက်ဘက် ကင်မရာက နှစ်လုံးထိုင် ပုံုစံပါ။ Optical Zoom 2x လည်း ရလာသလို Potrait ဆန်ဆန် ပုံကောင်းတွေ ရိုက်နိုင်ပါတယ်။ အရောင် ထွက်နဲ့ ကြည်လင်ပြတ်သားမှု အထူးကောင်းတယ် လု့ိ မှတ်ချက် ရထားပါတယ်။ နောက်ဘက် ကင်မရာစနစ်မှာ 12MP နှစ်လုံးနဲ့ ရှေ့ဘက်က 8MP ကင်မရာစနစ်ကို ထိုင်ထားတာပါ။

 

(၇) Samsung Galaxy S8 ။ ။ ဈေးကွက်ထဲ ရောက်နေတာ ၁ နှစ်ကျော်လာပေမယ့် ကင်မရာ အကောင်းဆုံး စာရင်း ဝင်နေဆဲပါ။ iPhone X နဲ့ နောက်ထပ် မော်ဒယ်သစ် S9 တွေ မိတ်ဆက် မလာခင် အထိအောင် ကင်မရာပိုင်း အကောင်းဆုံး ဖုန်းလို့တောင် ဆိုနိုင်ပါတယ်။ အထူးသဖြင့် ဓာတ်ပုံ ရိုက်ကူးမှုမှာ ရုပ်ထွက် တည်ငြိမ်ခြင်းက အားသာချက် ပါ။ အရောင်လည်း စိုပါတယ်။ ပုံထွက် အရမ်းကောင်းပါတယ်။ ဒါတောင် နောက်ဘက် ကင်မရာက 12MP ကင်မရာ တခုတည်းပါ၊ ရှေ့ဘက်ကတော့ 8MP ရှိပါတယ်။

(၆) Apple iPhone 6s Plus ။ ။ ဈေးကွက်ထဲ ရောက်နေတာ ၃ နှစ်ရှိနေပြီ ဖြစ်ပေမယ့် 7 Plus လို မော်ဒယ်ထက် ကင်မရာပိုင်း ပိုကောင်းတာ တွေ့ရပါတယ်။ iPhone 6s နဲ့ ဆင်ပါတယ်။ ကင်မရာပိုင်းက အတူတူ ဆိုပေမယ့် 6s Plus က ပိုကောင်းနေတာပါ။ အရောင်ထွက် ကောင်းတယ်၊ တောက်ပတယ်၊ လှုပ်ရှား ပုံရိပ် ရိုက်ကူးနိုင်မှု အထူးကောင်းမွန်ပါတယ်။ နောက်ဘက် ကင်မရာက 12MP ရှိပြီး ရှေ့ဘက်ကတော့ 5MP ပဲ ရှိပေမယ့် ရုပ်သံ ရိုက်ကူးမှုပါ အထူးကောင်းတယ် လို့ မှတ်ချက်ရထားပါတယ်။

(၅) Apple iPhone 7 ။ ။ 7 Plus မော်ဒယ်က ကင်မရာနဲ့ စနစ် အတူတူ ဖြစ်ပေမယ့် နည်းပညာ အရ ပိုကောင်းနေတာ ပါ။ အခု မော်ဒယ်မှာ နောက်ဘက် ကင်မရာက တလုံးထိုင်ပါ၊ 7 Plus မှာတော့ နှစ်လုုံးထိုင်ပါ။ မော်ဒယ် ၂ ခုက ဓာတ်ပုံမှာ သိပ် မကွာဘူးလို့ ဆိုပေမယ့် ရုပ်သံ ရိုက်ကူးမှုမှာတော့ 7 က ပိုကောင်းလို့ အခုလို အဆင့် ၅ ရောက်နေတာပါ။ ရုပ်ထွက် တည်ငြိမ်မှုလည်း အားကောင်းပါတယ်တဲ့။ နောက်ဘက် ကင်မရာက 12MP ရှိပြီး ရှေ့ဘက်ကတော့ 7MP ပဲ ရှိတာပါ။

(၄) Samsung Galaxy S8+ ။ ။ S8, S8 Activce နဲ့ အခု S8+ တွေမှာ ကင်မရာစနစ်တွေ အတူတူပါပဲ။ ဒါပေမယ့် စမ်းသပ်ချက်တွေ အရတော့ အခု S8+ က ပိုကောင်းတယ် လို့ ဆိုပါတယ်။ နောက်ဘက် ကင်မရာစနစ်က 12MP ပဲ ဖြစ်ပြီး ရှေ့ဘက်ကတော့ 8MP ဖြစ်ပါတယ်။ ဓာတ်ပုံရော ရုပ်သံ အရည်အသွေးပါ အထူးကောင်းတယ် လို့ မှတ်ချက်ရထား ပါတယ်။

(၃) Apple iPhone 8 Plus ။ ။ Apple ရဲ့ နောက်ဆုံးထုတ် မော်ဒယ်တွေထဲက အကောင်းဆုံး တခုပါ။ ဒီနေ့ထိ အကောင်းဆုံး ဖုန်းစာရင်း ဝင်နေပါတယ်။ Samsung Note 8 နဲ့ အပြိုင် ပုံရိုက်ကူး စမ်းသပ်မှုမှာ Note 8 ထက် ပုံထွက် ပိုကောင်းတာ တွေ့ရတယ် လို့ ဆိုပါတယ်။ နောက်ဘက် ကင်မရာစနစ်က နှစ်လုံးထိုင် ဖြစ်ပြီး 12MP ၂လုံး ထိုင်ထားတယ်၊ ရှေ့ဘက်က 7MP ရှိပါတယ်။ ပုံထွက် အထူးကောင်းတဲ့ မော်ဒယ်မြင့်ဖုန်းပါ။

(၂) Apple iPhone 8 ။ ။ Plus တွေက ပုံမှန်ထက် အဆင့်မြှင့့်ပြီး ထုတ်လုပ်ထားပေမယ့် အခု 8 မော်ဒယ်က Plus ထက် ပိုကောင်းနေ ပါတယ်။ အထူးသဖြင့် 8 Plus ထက် အခု မော်ဒယ်က ပုံထွက် ပိုကောင်းပါတယ်။ Auto-focus မြန်တယ်၊ တဆက်တည်း ပုံရိုက်ကူးနိုင်မှု အားကောင်းတယ်၊ Shutter လည်း မြန်လို့ သဘောကျစရာပါ။ နောက်ဘက် ကင်မရာ စနစ်က 12MP ရှိပြီး ရှေ့ဘက်က 7MP ရှိပါတယ်။ ဓာတ်ပုံ အရည်အသွေး အရမ်းကောင်းပြီး ရုပ်သံ အရည်အသွေး စိတ်ကြိုက်ဖြစ်တယ် လို့ မှတ်ချက်ရထားပါတယ်။

(၁) Apple iPhone X ။ ။ Apple ထုတ် မော်ဒယ်ထဲမှာ အကောင်းဆုံး ကင်မရာစနစ်ကို ထည့်ထားတဲ့ မော်ဒယ်ပါ။ ဘက်စုံ စစ်ဆေးချက်တွေ အရ iPhone 8 ထက်ရော Samsung S8 ထက်ပါ ပိုကောင်းပါတယ်။ ပြီးတော့ 8, 8 Plus နဲ့ X မော်ဒယ် ၃ ခုလုံးက ရှေ့ဘက် ကင်မရာ အကောင်းဆုံး စွမ်းဆောင်ရည်ရှိနေတယ် လို့ ဆိုုပါသေးတယ်။ နောက်ဘက် ကင်မရာက 12MP ရှိပြီး ရှေ့ဘက် ကင်မရာကတော့ 7MP ပါ။ ဓာတ်ပုံထွက် အရည်အသွေး အထူးကောင်းပြီး ရုပ်သံ ရိုက်ကူးနိုင်မှု စိတ်ကြိုက်ဆိုတဲ့ မှတ်ချက် ရထားပါတယ်။

Ref: www.businessinsider.com

Did you find apk for android? You can find new Free Android Games and apps.
Loading