မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး အော်ပရေတာ တခုဖြစ်တဲ့ Ooredoo မှ M-ပိုက်ဆံ ဝန်ဆောင်မှုကို အသုံးပြုပြီး iTunes နဲ့ Google Play Store အတွက် ဒီဂျစ်တယ်ကူပွန်၊ E-Commerce ငွေပေးချေမှုစနစ်များကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း ယနေ့၊ ဧပြီလ ၄ ရက်နေ့မှာ စတင် မိတ်ဆက် လိုက်ပါတယ်။
“M-Pitesan” Application သုံးစွဲသူများ အနေနဲ့ ဝန်ဆောင်မှုအမျိုးအစားများစွာကို ရွေးချယ် အသုံးပြုနိုင်မှာ ဖြစ်ပြီး Gift Cards သင်္ကေတ အောက်မှာပါတဲ့ “Google Play Store, Apple iTunes, Steam Wallet, EasyPoints နဲ့ Viber Out” စတဲ့ ဝန်ဆောင်မှုများ အတွက် ကူပွန်များနဲ့ ဘောက်ချာများကို ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။
Google Play Store နှင့် Apple iTune တို့မှ တေးသီချင်းများ၊ ဂိမ်းများနဲ့ Application များ၊ Steam Community အတွက် ဂိမ်းကစားရန် Coins များ၊ Viber စတစ်ကာများနဲ့ ဖုန်းခေါ်ဆိုရန်အတွက် VOIP Prepaid E Top-up များ၊ EasyPoints မှ ရယူနိုင်သော ဂိမ်းများ၊ Application များကို စာရင်းသွင်း ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
အဆိုပါ ဘောက်ချာများနဲ့ ကူပွန်များအားလုံးကို “M-Pitesan” သုံးစွဲသူများအတွက် အပို ဝန်ဆောင်ခ ပေးစရာ မလိုဘဲ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ M-ပိုက်ဆံမှ သုံးစွဲသူများအတွက် အခုလို E-Commerce ငွေပေးချေစနစ်ကို ဝန်ဆောင်မှု ပေးလိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် M-ပိုက်ဆံကို အသုံးပြုပြီး မြန်မာအမျိုးသား လေကြောင်းလိုင်းနဲ့ NOK Air တို့မှ လေယာဉ်လက်မှတ်များ ဝယ်ယူခြင်း၊ flymya.com မှာ ရရှိနိုင်တဲ့ ခရီးသွားဝန်ဆောင်မှုများ၊ လေယာဉ်လက်မှတ်၊ အဝေးပြေး ကားလက်မှတ်များ ဝယ်ယူခြင်း၊ ဟိုတယ်များ၊ သွားလာလည်ပတ်စရာ နေရာများ၊ ခရီးစဉ်များ ကြိုတင်စာရင်း သွင်းခြင်း၊ ကားငှားရမ်းခြင်း၊ အပန်းဖြေ ကစားစရာ နေရာများနဲ့ ပွဲလက်မှတ်များ စတဲ့ ဝန်ဆောင်မှုများကို M-ပိုက်ဆံ ပေးချေပြီး အသုံးပြုနိုင်မယ်လို့ သိရပါတယ်။
အဆိုပါ ခရီးသွား ဝန်ဆောင်မှုများအပြင် ဒီဂျစ်တယ်ပိုက်ဆံကို အသုံးပြုပြီး “SG Shop Myanmar, Myan Pwel နှင့် 123 payment service” တို့မှာလည်း အွန်လိုင်းမှ တဆင့် ဈေးဝယ်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်မယ်လို့ Ooredoo မှ ဆိုပါတယ်။ M-ပိုက်ဆံသုံးစွဲသူများအနေနဲ့ ယခုအခါ ခရီးသွားအသုံးစရိတ်များ ပေးချေခြင်း၊ အွန်လိုင်းမှ ဈေးဝယ်ခြင်း တို့ကို ပြုလုပ် နိုင်မယ်လို့ သိရပါတယ်။