မကြာခင် ရောက်ရှိတော့မယ့် သင်္ကြန်ကာလမှာ ဖုန်းရေစိုနိုင်ဖို့ အခြေအနေမှာ ရှိနေတဲ့သူတွေအတွက် ဖုန်းရေစို သွားတဲ့အခါ ဘယ်အချက်လေးတွေကို အလျင်အမြန် လုပ်ဆောင်ရင် ဖုန်းထိခိုက်မှုကနေ ကာကွယ် ပေးနိုင်တယ်ဆိုတာ ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် အခုလို အကြံပြုရေးသား လိုက်ပါတယ်။
(၁) ဖုန်းကိုပိတ်လိုက်ပါ၊ ဖုန်းကို အတည့်ထောင်ထားပါ။
(၂) ဖုန်းကာဗာနဲ့ အခြားအကာအကွယ်တွေကို ဖယ်ရှားလိုက်ပြီး ဖုန်းထဲမှာရှိတဲ့ SIM ကဒ်နဲ့ microSD ကဒ်တွေကိုလည်း ဖယ်ရှားလိုက်ပါ။
(၃) ဘက်ထရီ၊ SIM ကဒ်နဲ့ microSD ကဒ်တို့ကို ဖယ်ရှားပြီး ဖုန်းအနောက်ဘက်ကို ဖွင့်ထားပါ၊ (ဖုန်းမော်ဒယ် အမျိုးအစား အားလုံးမှာ ဒီလိုနည်းနဲ့ အသုံးဝင်ကောင်း ဝင်မယ်ဆိုတာ သတိချပ်ပါ)
(၄) ဖုန်းကို ခြောက်အောင် သုတ်ဖို့ အဝတ်စ၊ အဝတ်ရှည်နဲ့ စက္ကူပုဝါ တို့ကို အသုံးပြုပါ။ အရည်များကို ဖုန်းတဝိုက် ပျံ့နှံ့စေခြင်းကို ရှောင်ကြဉ်ပါ။ ဖုန်းရှိ အပေါက်များထဲသို့ ပိုမိုတွန်းပို့ ရောက်ရှိနိုင်သောကြောင့် ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် စုပ်ထုတ်ပစ်ပါ။
(၅) ရေကြောင့် ထိခိုက်တဲ့ ပမာဏက ကျယ်ဝန်း များပြားတယ်ဆိုရင် အက်ကွဲကြောင်းတွေထဲကနေ ရေဝင်နိုင်တာ မရှိစေဖို့ ဖုန်စုပ်စက်နဲ့ ရေကို စုပ်ထုတ်နိုင်ပါတယ်။ microSD, SIM ကဒ်, ဘက်ထရီတို့လို သေးငယ်တဲ့ အစိတ်အပိုင်း တွေကနေလည်း ရေကို စုပ်ထုတ်လိုက်ပါ။
(၆) ဇစ်နဲ့ပိတ်လို့ရတဲ့ အထုပ်တထုပ်ထဲ ထည့်ပြီး ဆန်အိုးထဲမှာ ဆန်တွေနဲ့ ဖုံးအုပ်ထားလိုက်ပါ။ ဆန်ဟာ အရည်တွေကို စုပ်ယူနေတဲ့ နေရာမှာ ကောင်းမွန်ပြီးတော့ စမတ်ဖုန်းနဲ့ တက်ဘလက်ဖုန်းတွေကို အခြောက်ခံတဲ့ အကောင်းဆုံး နည်းလမ်းတခုလည်း ဖြစ်ပါတယ်။
(၇) သင်ဟာ နမော်နမဲ့နိုင်တဲ့သူ တယောက်ဆိုရင်တော့ အိမ်မှာ သုံးဖို့ ဖုန်းအခြောက်ခံ ပစ္စည်းလေးတွေရှိထားတာ ပိုကောင်းပါတယ်။ အိမ်မှာ မရှိခဲ့ဘူး ဆိုရင်တော့ ဝယ်ယူထားတာ အကောင်းဆုံးပါ။ တကယ်တော့ အချိန်ဟာ အရေးကြီးဆုံးပါပဲ။ ဒါကြောင့် ဖြစ်နိုင်ရန် အမြန်ဆုံး ဖုန်းကို ဆန်းအိုး ဒါမှမဟုတ် ဆန်ပုံးထဲကို ထည့်ထားလိုက်ပါ။
(၈) ဖုန်းကို တရက်နဲ့ နှစ်ရက်လောက် အခြောက်ခံရမှာ ဖြစ်ပါတယ်။ ဖုန်းပျက်သွားပြီလား ကောင်းနေသေးလားဆိုပြီး အလျင်စလို ဖွင့်ကြည့်တာမျိုး လုံးဝ မလုပ်ပါနဲ့။ SIM ကဒ်ကို တခြားဖုန်းဟောင်း တခုထဲ ထည့်ပြီး ဆက်သွယ်နိုင်ပါတယ်။ အချိန် နှစ်ရက်လောက် ကြာပြီးတဲ့အခါ ဖုန်းကို ဆန်အိုးထဲကနေ ဖယ်ရှားလိုက်ပြီးတော့ ဖုန်းထဲကို ဘက်ထရီထည့်၊ ပါဝါ ဖွင့်ကြည့်နိုင်ပါတယ်။
(၉) တကယ်လို့များ ဖုန်းက ပါဝါ ပွင့်မလာဘူးဆိုရင် အားသွင်းကြည့်ပါ။ အားမဝင်ဘူးဆိုရင် ဖုန်းဘက်ထရီ ထိခိုက်သွားတာ ဖြစ်နိုင်ပါတယ်။ ဘက်ထရီ အစားထိုး လဲလှယ်လိုက်တာမျိုး ဖုန်းကျွမ်းကျင် ပညာရှင်နဲ့ ပြသဖို့ ဖုန်းပြင်ဆိုင်ကို အဲဒီ စမတ်ဖုန်း ယူသွားဖို့ စဉ်းစားပါ။
(၁၀) တကယ်လို့ သင့်ဖုန်းက ပါဝင်ပွင့်လာတယ် အလုပ်လုပ်တယ်ဆိုရင် နောက်ရက် အနည်းငယ်လောက် ဖုန်းကို သင့်မျက်စိရှေ့က အပျောက် မခံပါနဲ့။ ဖုန်းက ပုံမှန် အလုပ်လုပ်ရဲ့လားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ စပီကာတွေကို စစ်ဆေးဖို့ သီချင်း ဖွင့်ကြည့်တာမျိုး၊ Touch မျက်နှာပြင်ကောင်း၊ မကောင်း စမ်းကြည့်တာမျိုး လုပ်ပေးရမှာ ဖြစ်ပါတယ်။
Ref ; androidpit