လွန်ခဲ့တဲ့ တပတ် အင်္ဂါနေ့က အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျိယ်လိစ်မြို့မှာ ပြုလုပ်သွားခဲ့တဲ့ ဒုတိယအကြိမ်မြောက် Uber Elevate Summit ပွဲမှာ Uber ကုမ္ပဏီဟာ အမေရိကန်စစ်တပ်နဲ့ ပူးပေါင်းပြီး အသံဆူညံမှုမရှိတဲ့ လေယာဉ်ပန်ကာ နည်းပညာသစ်တစ်ရပ်ကို အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြား သွားခဲ့ပါတယ်။
ဒီနည်းပညာသစ်ကို အနာဂတ်မှာ အသုံးပြုမယ့် မိုးပျံကားတွေ ဒါမှမဟုတ် စစ်ဘက်ဆိုင်ရာသုံး လေယာဉ်တွေမှာ အသုံးပြုသွားနိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း သိရပါတယ်။ Uber နဲ့ U.S Army တို့ရဲ့ ယခုပူးပေါင်း ပရောဂျက်ဟာ Bladerunner လိုမျိုး စိတ်ကူးယာဉ် သိပ္ပံရုပ်ရှင်ကားတွေမှာ ကျနော်တို့ တွေ့မြင်နေရတဲ့ Flying Cars တွေကို လက်တွေ့ကမ္ဘာမှာ အမှန်တကယ်စီးနင်းအသုံးပြုလာနိုင်ဖို့ ခြေလှမ်းတစ်လှမ်း ပိုမိုနီးစပ်လာတယ်လို့ ဆိုနိုင်ပါတယ်။
သမားရိုးကျ မော်တော်ယာဉ်တွေထက်စာရင် ကျယ်ပြောတဲ့ ကောင်းကင်မှာ ပျံသန်းပြေးဆွဲမယ့် မိုးပျံကားတွေဟာ လူနေ အရမ်းထူထပ်တဲ့ မြို့ကြီးတွေမှာ နေထိုင်သူတွေအတွက် တကယ့်ကို အချိန်ကုန်သက်သာ အဆင်ပြေစေမယ့် နည်းပညာတရပ် ဖြစ်လာမှာပါ။
ဒေါင်လိုက် ပျံတက်၊ ဆင်းသက်နိုင်မယ့် မော်တော်ယာဉ်တွေမှာ အသုံးပြုမယ့် လေယာဉ်ဒလက်စနစ်ကို အကောင်အထည်ဖော်၊ စမ်းသပ်ဖို့အတွက် ဒေါ်လာ ၁ သန်းလောက် အသုံးပြုသွားဖို့ လျာထားကြောင်းလည်း သိရှိရပါတယ်။ ယခု ဒလက်စနစ်မှာ ဒလက်တခုနဲ့ တခုကို အပေါ်အောက် ထပ်ထားမှာဖြစ်ပြီး၊ ရှုပ်ထွေးတဲ့ ဆော့ဖ်ဝဲ ပရိုဂရမ်တစ်ခုနဲ့ ဒလက်နှစ်ခုကို ဦးတည်ဘက်တခုထဲ တပြိုင်နက် လည်ပတ်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ ရဟတ်ယာဉ်တွေမှာ ယခုလိုမျိုး Stacked Rotor System ကို အသုံးပြုထားတာတွေ ရှိပေမယ့် ဒလက် နှစ်ခုဟာ ဦးတည်ဘက် မတူတဲ့ Contra-rotating စနစ်မျိုးနဲ့ လည်ပတ်နေတာဖြစ်ပြီး၊ Uber နဲ့ U.S Army တို့ အကောင်အထည်ဖော်မယ့် စနစ်က ဒလက်နှစ်ခုလုံး ဦးတည်ဘက်တပြိုင်တည်း လည်ပတ်မှာဖြစ်ပြီး အသံပိုတိတ်ဆိတ်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
“အသံလုံးဝ ဆူညံမှု မရှိတဲ့ ဒလက်စနစ် တခုကို အကောင်အထည်ဖော်ရတာက မြို့ကြီးပြကြီးတွေမှာ ပြေးဆွဲမယ့် မိုးပျံတက္ကစီ ပရောဂျက်အတွက် အကြီးမားဆုံး အခက်အခဲတစ်ခုပါပဲ” လို့ Uber Elevate ပရောဂျက်ရဲ့ မော်တော်ယာဉ် အင်ဂျင်နီယာ ဌာန အကြီးအကဲဖြစ်သူ Rob McDonald က အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။
Uber ဘက်က မိုးပျံတက္ကစီရည်ရွယ်ချက်နဲ့ လုပ်နေသလို အမေရိကန်စစ်တပ်ကလည်း လေယာဉ်ပြေးလမ်းမလိုသလို၊ လက်ရှိဒရုန်းတွေထက် အသံတိတ်ဆိတ်တဲ့ မျိုးဆက်သစ်မောင်းသူမဲ့လေယာဉ်တွေကို အကောင်အထည်ဖော်ဖို့ ဆန္ဒရှိနေကြောင်းလည်း အမေရိကန်စစ်တပ်သုတေသနနှင့်စမ်းသပ်မှုဌာနရဲ့ မော်တော်ယာဉ်နည်းပညာဆိုင်ရာ ဦးစီးဌာန ညွှန်ကြားရေးမှူး Dr. Jaret Riddick က ပြောကြားခဲ့ပါတယ်။
အမေရိကန်စစ်တပ်အနေနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး အဆင့်မြင့်နည်းပညာတွေကို သုတေသနပြု၊ အကောင်အထည်ဖော်ဖို့ ပိုမိုအားထည့် ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း Riddick က အင်တာဗျူးမှာ ဖြေကြား သွားခဲ့ပါတယ်။
Uber အနေနဲ့လည်း ၂၀၂၀ ခုနှစ်မှာ မိုးပျံတက္ကစီရှေ့ပြေးမော်ဒယ်တစ်ခုကို ထုတ်လုပ်ပြနိုင်ဖို့အတွက် တခြားအစိုးရ အေဂျင်စီတွေနဲ့ ဆက်လက် ပူးပေါင်းသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ Uber အနေနဲ့ လက်ရှိမှာ NASA နဲ့လည်း ပူးပေါင်းထားပြီးဖြစ်ကာ၊ မြို့ကြီးတွေပေါ်မှာ ပျံသန်းပြေးဆွဲမယ့် မော်တော်ယာဉ်အမြောက်အများကို စီမံထိန်းချုပ် နိုင်မယ့် ဆော့ဖ်ဝဲကို ရေးဆွဲနေပြီဖြစ်တာကြောင့် ကျနော်တို့စိတ်ကူးယဉ်နေတဲ့ မိုးပျံကားတွေကို မျှော်လင့်ထားတာထက် စောပြီး မြင်တွေ့လာရဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။
Uber နည်းတူ နာမည်ကြီးလေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Boeing Co နဲ့ Airbus SE တို့ကလည်း Google တည်ထောင်သူ Larry Page နဲ့ ပူးပေါင်းကာ သေးငယ်တဲ့ မောင်းသူမဲ့ လျှပ်စစ်လေယာဉ်တွေကို ထုတ်လုပ်ဖို့ ကြိုးစားလျက်ရှိပါတယ်။