ကမ္ဘာ့ပထမဆုံး ဟိုလိုဂရမ်မျက်နှာပြင်သုံး စမတ်ဖုန်းဖြစ်တဲ့ “Hydrogen One” ကို မကြာမီလအနည်းငယ်အတွင်း မြင်တွေ့ ရတော့မှာ ဖြစ်ပါတယ်။ ဒီဖုန်းကို နာမည်ကျော် ပရော်ဖက်ရှင်နယ် ဒီဂျစ်တယ် Cinema ကင်မရာတွေကို ထုတ်လုပ်နေတဲ့ Red ကုမ္ပဏီက ထုတ်လုပ်မှာဖြစ်ပြီး၊ ယခုနှစ်နှောင်းပိုင်းအတွင်း စတင်ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က Red ကုမ္ပဏီဟာ နာမည်ကြီးနည်းပညာမီဒီယာတစ်ချို့ကို ရုတ်တရက် ဖိတ်ကြားပြီး Hydrogen One စမတ်ဖုန်း ရှေ့ပြေးမော်ဒယ်ကို မိတ်ဆက်ပြသခဲ့ပြီး၊ ယခုနှစ်ကုန်လောက်မှာ စတင်ရောင်းချသွားမှာ ဖြစ်တယ်လို့ တရားဝင် ကြေငြာလိုက်တာပါ။
Android စနစ်သုံးပဲဖြစ်တဲ့ Hydrogen One ဖုန်းရဲ့ အဓိကထူးခြားတဲ့ Feature တခုကတော့ မျက်မှန်မလိုဘဲ 3D ပုံရိပ် တွေကို တိုက်ရိုက်ခံစားကြည့်ရှုနိုင်မယ့် “Holographic Display” ပါ။ အသုံးပြုသူ တယောက်အနေနဲ့ ဒီ 3D ပုံရိပ်တွေကို ဘက်ပေါင်းစုံကနေ ကြည့်ရှုနိုင်မယ့်အပြင် လက်အမူအရာ ပုံစံတွေနဲ့လည်း ဒီပုံရိပ်တွေကို “ထိတွေ့ထိန်းချုပ်” နိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် Holographic Display မှာ ကြည့်နိုင်မယ့် 3D ပုံရိပ်တွေကို အဆင်သင့်ရိုက်ကူးနိုင်မယ့် Front ကင်မရာတွေလည်း ဒီဖုန်းမှာ ပါဝင်လာမယ်လို့ သိထားရပါတယ်။ ဒီကင်မရာတွေကို အသုံးပြုပြီး၊ 3D Video Chat တွေကိုလည်း အသုံးပြု လာနိုင်မှာ ဖြစ်ပါတယ်၊
Hydrogen One ရဲ့ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ နည်းပညာတစ်ခုက Modular နည်းပညာပါ။ ဖုန်း အစိတ်အပိုင်းတွေ ထပ်မံတပ်ဆင်လို့ရတဲ့ Modular Design ဟာ အထူးအဆန်းတော့ မဟုတ်ပေမယ့် Red ကုမ္ပဏီ အနေနဲ့ DSLR ကင်မရာတွေမှာ အသုံးပြုနေတဲ့ Lens အကြီးစားတွေကိုပါ ဒီဖုန်းမှာ ထပ်တပ်ဆင်နိုင်အောင် လုပ်ပေးဖိုု့ပြင်ဆင်လျက် ရှိပါတယ်။
Red Hydrogen One စမတ်ဖုန်းရဲ့ Pre-Order ဈေးနှုန်းတွေကတော့ အလူမီနီယမ် ကိုယ်ထည်မော်ဒယ်ကို အမေရိကန် ဒေါ်လာ ၁,၁၉၅ ဒေါ်လာ သတ်မှတ်ထားပြီး၊ တိုက်တေနီယမ်မော်ဒယ်ကို ကန်ဒေါ်လာ ၁,၅၉၅ ဒေါ်လာ ဈေးနှုန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဒီဈေးအတိုင်းဆို iPhone X ထက်တောင် ဈေးပိုများနေပြီး၊ ဈေးအကြီးဆုံး စမတ်ဖုန်းတစ်လုံး ဖြစ်လာနိုင်ပါတယ်။ အဆိုပါ စမတ်ဖုန်း တရားဝင် ထွက်ရှိမယ့် ရက်ကိုတော့ မသိရှိရသေးပါဘူး။