နာမည်ကြီး တရုတ်စမတ်ဖုန်း ကုမ္ပဏီတခုဖြစ်တဲ့ Xiaomi ကနေ နောက်ထပ်ထုတ်လုပ်မယ့် Flagship ဖုန်းအသစ် “Mi 8” မှာ စမတ်ဖုန်းချစ်သူတွေ စောင့်မျှော်နေတဲ့ In-Display Fingerprint Sensor (ဖုန်းမျက်နှာပြင်အတွင်း ထည့်သွင်းထားတဲ့ လက်ဗွေရာ ဆန်ဆာစနစ်) ပါဝင်လာဖို့ ရှိနေပါတယ်။
တရုတ်ဝက်ဘ်ဆိုဒ် တခုကနေတဆင့် YouTube ပေါ် ရောက်ရှိလာတဲ့ ဗီဒီယိုတခုမှာ Xiaomi Mi 8 စမတ်ဖုန်းရဲ့ In-Display Fingerprint Sensor အလုပ်လုပ်ပုံကို စမ်းသပ်ပြထားတာ တွေ့မြင်ရပြီး၊ လက်ရှိကျနော်တို့ အသုံးပြုနေတဲ့ Fingerprint Sensor တွေနီးပါး မြန်ဆန်ကောင်းမွန်စွာ အလုပ်လုပ်နိုင်တာကို တွေ့ခဲ့ရပါတယ်။
Display အတွင်း မြှုပ်နှံထားတဲ့ လက်ဗွေရာဆန်ဆာကြောင့် ဖုန်းကျောဘက် (သို့မဟုတ်) ဖုန်းအရှေ့ဘက်မှာ လက်ဗွေရာဆန်ဆာ သပ်သပ် ထားစရာ မလိုတော့ဘဲ ဖုန်းဒီဇိုင်းအတွက် နေရာအများကြီး ပိုထွက်လာမှာပါ။ ပြီးတော့ မျက်နှာပြင်အပြည့်နဲ့ ဘောင်မဲ့စမတ်ဖုန်းတွေ ခေတ်စားလာတဲ့ အခုအချိန်မျိုးမှာ ဒီနည်းပညာက တကယ့်ကို အရေးပါတဲ့ နည်းပညာတခုလည်း ဖြစ်လာနိုင်ပါတယ်။
နောက်ထပ် သိရှိရတဲ့ သတင်းတွေအရ Xiaomi Mi 8 စမတ်ဖုန်းမှာ In-Display Fingerprint Sensor အပြင် 3D စနစ်နဲ့ ပိုင်ရှင်မျက်နှာကို မှတ်သားပြီး Unlock လုပ်ပေးနိုင်တဲ့ 3D Facial Recognition စနစ် ၊ Snapdragon 845 Chipset ၊ 8GB RAM နဲ့ 64GB Storage တို့ ပါရှိလာမယ်လို့ သိရပါတယ်။ ဒီ့အပြင် Xiaomi ဖုန်းတွေထဲမှာ ပထမဆုံးအဖြစ် ကြိုးမဲ့ အားသွင်းစနစ် Wireless Charging နည်းပညာလည်း ပါဝင်လာမယ်လို့ သိထားရပါတယ်။
ဒီသတင်းတွေအတိုင်းသာ တကယ်ထွက်လာမယ်ဆိုရင်တော့ Xiaomi ပရိတ်သတ်တွေ လုံးဝအကြိုက်တွေ့မယ့် စမတ်ဖုန်း တလုံး ဖြစ်လာမှာပါ။ Xiaomi Mi 8 ထက်အရင် n-Display Fingerprint Sensor နည်းပညာကို စတင်စမ်းသပ် ပြခဲ့တာ ကတော့ Vivo X20 စမတ်ဖုန်းဖြစ်ပြီး၊ Huawei ရဲ့ Porsche Design Mate RS စမတ်ဖုန်းမှာလည်း ဒီနည်းပညာကို မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။