Apple ဟာ လွန်ခဲ့တဲ့ ၃ လဝန်းကျင်က Siri ပါဝင်တဲ့ အမေရိကန်ဒေါ်လာ ၃၄၉ ဒေါ်လာတန် HomePod စမတ် စပီကာကို စတင် ရောင်းချခဲ့ပြီးနောက်၊ အခုအခါ HomePod ထက် ဈေးပိုသက်သာတဲ့ တန်ဖိုးနည်း စမတ်စပီကာ တလုံးကို ထပ်မံ ထုတ်လုပ်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။
Apple ရဲ့ ပထမဆုံး စမတ်စပီကာဖြစ်တဲ့ HomePod ဟာ ပြိုင်ဘက်ကုမ္ပဏီတွေဖြစ်တဲ့ Google နဲ့ Amazon တို့ရဲ့ စမတ် စပီကာတွေထက် နှစ်ဆကျော်လောက် ဈေးပိုများနေခဲ့တဲ့အတွက် ရောင်းအားထင်သလောက် မကောင်းခဲ့ဘဲ၊ Apple ကိုယ်တိုင် ထုတ်လုပ်မှုတွေ လျော့ချခဲ့ရပါတယ်။ အခုအခါမှာတော့ Apple ဟာ HomePod ထက် ပိုမို ဈေးသက်သာတဲ့ စမတ်စပီကာ တလုံးကို ထပ်မံထုတ်လုပ်ဖို့ ပြင်ဆင်နေပါပြီ။
ထူးခြားချက် တခုက အခုထုတ်မယ့် တန်ဖိုးနည်း စမတ် စပီကာကို Apple အမှတ်တံဆိပ်နဲ့ထုတ်မှာ မဟုတ်ဘဲ Beats အမှတ်တံဆိပ်အောက်မှာ ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Apple ဟာ နာမည် မပေးရသေးတဲ့ တန်ဖိုးနည်း စမတ် စပီကာ မော်ဒယ်အသစ်ကို MediaTek ကုမ္ပဏီနဲ့ ပူးပေါင်းထုတ်လုပ်သွားဖို့ ရှိပြီး၊ ၁၉၉ ဒေါ်လာလောက်နဲ့သာ ရောင်းချနိုင်ဖို့ ကြိုးစားလျက်ရှိတယ်လို့ အတွင်း သတင်းရင်းမြစ်တချို့အရ သိရှိရပါတယ်။
Apple ဟာ Beats ကုမ္ပဏီကို ၂၀၁၄ ခုနှစ်ကတည်းက ဝယ်ယူထားပြီး ဖြစ်တာကြောင့် Beats အမှတ်တံဆိပ်နဲ့ Apple စမတ် စပီကာကို မကြာမီမှာ အမှန်တကယ် တွေ့မြင်ရနိုင်ပါတယ်။