iPhone အသုံးပြုသူတွေ ဦးဆောင်ဖွဲ့စည်းထားတဲ့ UK အခြေစိုက် “Google You Owe Us” အမည်ရှိ အဖွဲ့အစည်းဟာ Google ကုမ္ပဏီကို ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေ ရယူအသုံးပြုမှုကြောင့် UK မှာ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
Google You Owe Us အဖွဲ့အစည်းရဲ့ အဆိုအရ Google ဟာ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ် အတွင်း iPhone အသုံးပြုသူပေါင်း ၅ ဒဿမ ၄ သန်းကျော်ရဲ့ Safari Browser က Third-party tracking cookies ပိတ်ထားတာကို ကျော်ဖြတ်ကာ User တွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို တရားမဝင်ရယူ အသုံးပြုမှုရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အချက်အလက်တွေထဲမှာ အသုံးပြုသူများရဲ့ လူမျိုး၊ ကျန်းမာရေးဆိုင်ရာ အချက်အလက်၊ လူနေမှု အခြေအနေ၊ တည်နေရာ၊ ဈေးဝယ်မှု အမူအကျင့်၊ စီးပွားရေးဆိုင်ရာ အချက်အလက်နဲ့ နိုင်ငံရေးခံယူချက်တွေအထိ ပါဝင်ပြီး ဒီအချက်အလက်တွေကို အုပ်စုပြန်ခွဲကာ Targeted Advertising (ပစ်မှတ်ထား ကြော်ငြာမှုစနစ်) အတွက် ပြန်လည် အသုံးချခဲ့တယ်လို့ သိရပါတယ်။
Safari Workaround လို့ အမည်ပေးထားတဲ့ အဆိုပါ Loophole ကို ၂၀၁၂ ခုနှစ်မှာ Ph.D ဘွဲ့ရ တဦးက စတင် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ကြောင့် Google အနေနဲ့ ၂၀၁၂ ခုနှစ်ကလည်း အမေရိကန်ပြည်ထောင်စုမှာ တရား စွဲဆိုခဲ့ရပြီး၊ လျော်ကြေးငွေ အမေရိကန်ဒေါ်လာ ၃၉ ဒဿမ ၅ သန်း ပေးခဲ့ရပြီးလည်း ဖြစ်ပါတယ်။
အခု ၂၀၁၈ ခုနှစ် အရောက်မှာတော့ ဒီပြဿနာကြောင့်ပဲ Google အနေနဲ့ U.K မှာ ထပ်မံ တရားရင်ဆိုင်နေရပြီး၊ လျော်ကြေးငွေ ၃ ဒဿမ ၂ ဘီလီယံအထိ ထပ်မံပေးဆောင်ရဖို့ ရှိနေပါတယ်။
Google You Owe Us အဖွဲ့အစည်းကို စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Which? ရဲ့ ဒါရိုက်တာ ဖြစ်သူ Richard Lloyd က ဦးဆောင် ဖွဲ့စည်းထားတာ ဖြစ်ပြီး၊ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း iPhone ကိုင်ဆောင်ခဲ့သူ အားလုံးကို ဒီအမှုမှာ ပါဝင်ဖို့ သူတို့ Website ကနေ တဆင့်ဖိတ်ခေါ်ထားပါတယ်။
လက်ရှိမှာ Google You Owe Us အဖွဲ့အစည်းကနေတဆင့် လျော်ကြေး တောင်းဆို ထားသူပေါင်း ၄ ဒဿမ ၄ သန်း ရှိနေပြီလို့လည်း သိရပါတယ်။ ဒီအမှုမှာ Google ရှုံးနိမ့်သွားပါက နစ်နာသူ တဦးချင်းစီအနေနဲ့ တယောက်ကို စတာလင် ပေါင် ၇၅၀ အထိ လျော်ကြေးရရှိနိုင်ပါတယ်။
“Google ရဲ့ လုပ်ရပ်က ဥပဒေမဲ့ လုပ်ရပ်တခုလို့ ကျနော် ဆိုချင်ပါတယ်။ သူတို့ လုပ်ရပ်ကြောင့် အင်္ဂလန်နဲ့ ဝေးလ်စ်က လူသန်းပေါင်းများစွာ ထိခိုက်နစ်နာမှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် U.K တရားရုံးမှာ သူတို့လုပ်ရပ်အတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှတ်ပေးဖို့ ကျနော်တို့ တောင်းဆိုသွားမှာဖြစ်ပါတယ်” လို့ Mr.Lloyd က ပြောကြားခဲ့ပါတယ်။
Ref ; dailymail, youoweus , theguardian