Instagram မှာ အရင်က ကိုယ် Follow လုပ်ထားတဲ့ သူငယ်ချင်း၊ မိတ်ဆွေ တယောက်ယောက်ရဲ့ ပို့စ် ဓာတ်ပုံတွေကို ကိုယ့် Feed မှာ မမြင်ချင်တော့ဘူးဆိုရင် Unfollow လုပ်ပစ်လိုက်ဖို့ နည်းတနည်းပဲ ရှိခဲ့ပါတယ်။
တဖက်လူက သူ့ Follower စာရင်းမှာ ကိုယ်မရှိတော့တာ သတိထားမိသွားတာနဲ့ နှစ်ဖက်စလုံး မျက်နှာပူစရာတွေ ဖြစ်လာ ရမှာပါ။ အထူးသဖြင့် အပြင်မှာ ခင်မင်ပေါင်းသင်းနေတဲ့ လူတွေဆို ပိုမျက်နှာပူစရာပါ။ ဒါပေမယ့် အခုတော့ အားနာစရာတွေ မလိုတော့ဘဲ ကိုယ်မနှစ်မြိုတဲ့ လူတယောက်ရဲ့ ပို့စ်တွေကို ကိုယ့် Feed မှာ မမြင်ချင်ဘူး ဆိုရင် Unfollow လုပ်စရာမလိုဘဲ Mute လုပ်ထားနိုင်တဲ့ Option အသစ်တခု Instagram မှာ ပါဝင်လာပြီ ဖြစ်ပါတယ်။
လောလောဆယ်တော့ ဒီ Feature ကို iOS အသုံးပြုသူ တချို့အတွက်ပဲ ထုတ်ပေး ထားသေးပြီး၊ မကြာမီ ရက်သတ္တပတ် အတွင်း အသုံးပြုသူ အားလုံးကို ထုတ်ပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ Mute လုပ်လိုက်တဲ့အခါ သူ့ပို့စ်တွေက ကိုယ့် Feed မှာ ပေါ်လာတော့မှာ မဟုတ်ပေမယ့် သူ့ Profile ထဲ ဝင်ကြည့်ရင်တော့ သူတင်ထားသမျှကို မြင်ရဦးမှာပါ။
တဖက်လူအနေနဲ့ ကိုယ့်ဘက်က Mute လုပ်လိုက်တာကို သိနိုင်မှာ မဟုတ်တဲ့အတွက် စိတ်အေးလက်အေး Mute လုပ် ထားနိုင်ပြီး၊ ကြိုက်တဲ့အချိန်မှာလည်း Unmute ပြန်လုပ် နိုင်ပါတယ်။ Instagram Stories တွေကိုတော့ အရင်ကတည်းက Mute လုပ်ထားနိုင်ပြီး၊ အခုမှ Posts တွေကိုပါ Mute လုပ်နိုင်တဲ့ Feature အသစ်ကို ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။