ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ယနေ့ မေလ ၂၄ ရက်နေ့မှာ စတင်မိတ်ဆက်ခဲ့တဲ့ www.mlis.gov.mm ဝက်ဘ်ဆိုက်မှာ ဥပဒေပိုင်းဆိုင်ရာနဲ့ ပတ်သက်သမျှ သိလိုသမျှကို ရှာဖွေနိုင်တယ်လို့ သိရပါတယ်။
mlis ရဲ့ အရှည်ကောက်ကတော့ Myanmar Law Information System ဖြစ်တယ်လို့ သိရပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ ၁၉၅၅ ခုနှစ်က နေ ယနေ့အထိ ထုတ်ပြန်ခဲ့တဲ့ ဥပဒေ၊ နည်းဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်၊ ညွှန်ကြားချက် များကို မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာနဲ့ ဖော်ပြထားတာ တွေ့ရပါတယ်။

ပြည်ထောင်စု တဆင့်ခံဥပဒေ၊ တိုင်းဒေသကြီး ပြည်နယ်အလိုက် ဥပဒေတွေအပြင် အပြည်ပြည်ဆိုင်ရာ သဘောတူညီမှု စာချုပ်တွေနဲ့ စီရင်ထုံး လုပ်ထုံးလုပ်နည်းတွေကိုလည်း ပြည့်ပြည့်စုံစုံ ဖော်ပြထားပါသေးတယ်။ ဥပဒေနဲ့ ဥပဒေဆိုင်ရာ အချက်အလက်တွေကို Website ပေါ်မှာ တိုက်ရိုက်ဖတ်ရှု နိုင်သလို Word ဖိုင်၊ PDF ဖိုင်နဲ့ Download ပြုလုပ်ပြီးလည်း သိမ်းဆည်း နိုင်ပါတယ်။
အသိပေးချက်နဲ့ အမေးအဖြေ ကဏ္ဍလည်း ပါဝင်တဲ့အတွက် ဥပဒေ သုတေသီတွေ၊ ဥပဒေပြု လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဥပဒေကျောင်းသား ကျောင်းသူတွေ၊ ဥပဒေလေ့လာသူတွေအတွက် အသုံးတည့်နိုင်မယ့် ဝက်ဘ်ဆိုက် တခု ဖြစ်ပါတယ်။