၂၀၁၀ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အကြား Samsung ကုမ္ပဏီက ရောင်းချခဲ့တဲ့ Android ဖုန်းတွေဟာ Apple ရဲ့ မူပိုင်ခွင့် ၅ ခု ကို ချိုးဖောက်ခဲ့တာကြောင့် Samsung ဘက်က လျော်ကြေး အမေရိကန် ဒေါ်လာ ၅၃၉ သန်း ပေးဆောင်စေရန် တရားရုံးက မေလ ၂၄ ရက်နေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် တရားရုံးရဲ့ ယခု ဆုံးဖြတ်ချက်ဟာ ၇ နှစ် ကြာမြင့်နေပြီဖြစ်တဲ့ Apple Vs Samsung မူပိုင်ခွင့် အမှုကြီးမှာ နောက်ဆုံးချမှတ်လိုက်တဲ့ အမိန့်တခု ဖြစ်ပါတယ်။ Samsung ကို Apple ဘက်က မူပိုင်ခွင့် ချိုးဖောက်မှုနဲ့ ၂၀၁၁ ခုနှစ်မှာ စတင် တရားစွဲဆိုခဲ့တာဖြစ်ပြီး၊ နောက်တနှစ်အကြာ ၂၀၁၂ ခုနှစ်မှာ Samsung ဘက်က နစ်နာကြေး ကန် ဒေါ်လာ ၁ ဒဿမ ၀၅ ဘီလီယံ ပေးဆောင်စေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။
ဒါပေမယ့် Samsung ဘက်က အယူခံ အကြိမ်ကြိမ် ဝင်ခဲ့တာကြောင့် ၂၀၁၅ ခုနှစ်၊ မေလမှာ နစ်နာကြေး ကန် ဒေါ်လာ ၅၄၈ သန်းသာ ပေးဆောင်စေဖို့ ထပ်မံ အမိန့်ချမှတ်ခဲ့ပါတယ်။ ဒီနစ်နာကြေးပမာဏကို ပေးဆောင်ဖို့ Samsung ဘက်က ကနဦး သဘောတူညီခဲ့ပေမယ့် နောက်ပိုင်းမှာ အယူခံ ထပ်ဝင်ခဲ့တာကြောင့် နစ်နာကြေး ကန် ဒေါ်လာသန်း ၄၀၀ အထိ ပြန်လျော့ကျသွားခဲ့ပါတယ်။
ဒါပေမယ့် ၂၀၁၇ ခုနှစ်၊ မေလမှာ Samsung ဘက်က ပေးသင့်တဲ့ နစ်နာကြေးပမာဏ တွက်ချက်မှု ပုံစံကို တရားရုံးမှာ ပြန်လည် ဆွေးနွေးခဲ့ကြပြီးနောက်၊ အခုနောက်ဆုံးအဖြစ် ဒေါ်လာ ၅၃၉ သန်းပေးဖို့အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
Samsung ဘက်ကတော့ ထုံးစံအတိုင်း ယခုဆုံးဖြတ်ချက်ကို သဘောတူညီမှု မရှိကြောင်း ပြောကြားခဲ့ပြီး၊ Appe ဘက်က တော့ ယခုုအမှုဟာ ငွေထက် Apple ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့တီထွင်ဆန်းသစ်မှုတို့ကို ကာကွယ်ပေးတာက ပိုမိုအရေးကြီးအောင် ပြောကြားခဲ့ပါတယ်။
Ref ; bbc, theverge.com