စမတ်ဖုန်း Chipset ထုတ်လုပ်သူ ကုမ္ပဏီကြီး တခုဖြစ်တဲ့ Qualcomm ဟာ Snapdragon Processor အသစ်ကို မေလ ၂၄ ရက်နေ့က မိတ်ဆက်သွားခဲ့ပါတယ်။
Snapdragon 710 System-on-chip (SoC) ဟာ Mid-range လို့ကျနော်တို့ခေါ်နေကြတဲ့ မော်ဒယ်လတ် စမတ်ဖုန်းတွေ အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Processor ဖြစ်ပြီး၊ အရင် Snapdragon 660 SoC တို့ထက် စွမ်းဆောင်ရည် အများကြီး ပိုကောင်းလာပါတယ်။ Snapdragon 700 စီးရီးမှာ ပထမဆုံး ထွက်ရှိလာတဲ့ Processor လည်း ဖြစ်ပါတယ်။
စိတ်ဝင်စားစရာကောင်းတာက Snapdragon 710 Processor အသစ်ဟာ အရင်က Galaxy S7 တို့လို တန်ဖိုးကြီး စမတ်ဖုန်းတွေမှာပဲ ပါခဲ့တဲ့ Features တွေတော်တော်များများကို Mid-range ဖုန်းတွေဆီ ယူဆောင်လာ ပေးတော့မှာ ဖြစ်ပါတယ်။ ဆိုလိုတာက 4K Display တွေ၊ 4K HDR Playback တွေကို ၄ သိန်း ဝန်းကျင်တန် စမတ်ဖုန်းတွေမှာလည်း မြင်တွေ့လာရတော့မှာ ဖြစ်ပါတယ်။
၁၅ မိနစ်အတွင်း ၅၀ ရာခိုင်နှုန်းလောက် အားသွင်းပေးနိုင်တဲ့ Quick Charge 4+ လိုမျိုး အားအမြန်သွင်း နည်းပညာ တွေကို တန်ဖိုးသင့် စမတ်ဖုန်းတွေမှာ သုံးခွင့်ရတော့မှာပါ။
Snapdragon 710 SoC မှာ ပိုကောင်းလာတဲ့ အချက်တွေ ကတော့ စွမ်းဆောင်ရည်ပိုင်းမှာ အရင် Snapdragon 660 တွေထက် ၂၀ ရာခိုင်နှုန်း ပိုမြန်လာမှာဖြစ်ပြီး၊ App ဖွင့်တဲ့ ကြာချိန်တွေလည်း ၁၅ ရာခိုင်နှုန်း ပိုမြန်လာမှာပါ။ဘက်ထရီ သုံးစွဲမှုမှာလည်း ၂၀ ရာခိုင်နှုန်း ပိုမိုသက်သာလာမှာ ဖြစ်ပါတယ်။
Artificial Intelligence (A.I) ပိုင်းဆိုင်ရာ စွမ်းဆောင်မှုတွေမှာလည်း ပိုမိုကောင်းမွန်မှုတွေ ရှိလာတဲ့ 10nm Process သုံး Snapdragon 710 Chipset ကို ၂၀၁၈ ခုနှစ်၊ ဒုတိယ သုံးလပတ်အတွင်း ဈေးကွက်ထဲ စတင်မြင်တွေ့ရမှာ ဖြစ်တယ်လို့ Qualcomm က ပြောကြားသွားခဲ့ပါတယ်။