IT

လူတဦး သေဆုံးခဲ့တဲ့ ယာဉ်တိုက်မှုကြောင့် မောင်းသူမဲ့ကား စမ်းသပ်မှုကို Uber ဖျက်သိမ်း

လွန်ခဲ့တဲ့နှစ်လက အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်မှာ စမ်းသပ်နေတဲ့ Uber မောင်းသူမဲ့ ကားတစီးဟာ လမ်းသွားလမ်းလာ တဦးကို ဝင်တိုက်ခဲ့မှု ဖြစ်ပွားပြီးနောက်၊ Uber ကုမ္ပဏီက အရီဇိုးနား မောင်းသူမဲ့ကား စမ်းသပ်မှု အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ယခုလအတွင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်ကြောင့် စက်ဘီးတွန်းကာ လမ်းဖြတ်ကူးနေသူ အမျိုးသမီးတဦး သေဆုံးခဲ့ရပြီး၊ ပထမဆုံး လူအသေ အပျောက် ရှိခဲ့တဲ့ မောင်းသူမဲ့ကား မတော်တဆမှုဖြစ်ရပ် အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒါ့အပြင် သယ်ယူပို့ဆောင်ရေး ကဏ္ဍကို တခေတ်ဆန်းစေမယ်လို့ ထင်ကြေးပေးထားကြတဲ့ မောင်းသူမဲ့ကား နည်းပညာကိုလည်း အဖက်ဖက်က ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမယ့် Uber ကတော့ ဒီဖြစ်ရပ်ကြောင့် သူတို့ရဲ့ မောင်းသူမဲ့ကား အစီအစဉ် တခုလုံးကို ရပ်ဆိုင်းပစ်လိုက်တာ မဟုတ်ဘဲ၊ ပစ်စ်ဘာ့ဂ်၊ ပင်ဆာဗေးနီးယားနဲ့ ကယ်လီဖိုးနီးယား ပြည်နယ်မှာရှိတဲ့ မြို့ကြီး ၂ မြို့က မောင်းသူမဲ့ကား စမ်းသပ်မှု အစီအစဉ်တွေကို ကန့်သတ်ချက်တွေအတိုင်း ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ တဦးက ပြောကြားခဲ့ပါတယ်။

တက္ကစီ အဌားဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်တဲ့ Uber ဟာ ယခုနွေရာသီမှာ မောင်းသူမဲ့ကား စမ်းသပ်မှု အစီအစဉ်တွေကို ပြန်လည် လုပ်ဆောင်သွားမှာ ဖြစ်ပေမယ့်၊ လမ်းနဲ့ ကားအရေအတွက်ကိုတော့ အကန့်အသတ်နဲ့ပဲ လုပ်ဆောင်သွားရ တော့မှာပါ။

“မောင်းသူမဲ့ ယာဉ်နည်းပညာကို ကျမတို့ အားထည့် လုပ်ဆောင်နေပါတယ်။ မကြာခင် အချိန်အတွင်း အများပြည်သူသုံး လမ်းမကြီးတွေပေါ် မှာ ပြန်စမ်းသပ်ခွင့်ရဖို့ မျှော်လင့်ထားပါတယ်” လို့ ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ပြောကြားခဲ့ပါတယ်။

ရာသီဥတု ကောင်းမွန်တဲ့ အရီဇိုးနားပြည်နယ်ရဲ့ ကျယ်ပြော ပြန့်ပြူးတဲ့ လမ်းမကြီးတွေ၊ ပူးပေါင်းဆောင်ရွက်မှု အားကောင်းတဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ မောင်းသူမဲ့ကားတွေ စမ်းသပ်ဖို့အတွက် စံပြအနေအထားမှာ ရှိခဲ့ပေမယ့်၊ လူသေဆုံးခဲ့ရတဲ့ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် Uber ကုမ္ပဏီအနေနဲ့ မိုး၊ ဆီးနှင်း၊ မြူ ထူထပ်ပြီး ယာဉ်ကြပ်တဲ့ မြို့ကြီးတွေမှာပဲ စမ်းသပ်မှုတွေ လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။

Uber အနေနဲ့ မောင်းသူမဲ့ကား နည်းပညာဟာ ကုမ္ပဏီရဲ့ အဌားယာဉ်ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ အနာဂတ်အတွက် အရေးကြီးတဲ့ နည်းပညာတခု ဖြစ်ကြောင်းလည်း ထုတ်ဖော် ပြောကြားခဲ့ဖူးပါတယ်။

“ပြည်နယ် အုပ်ချုပ်ရေးမှုးကတော့ အရီဇိုးရီးနား ပြည်နယ်သူ၊ ပြည်နယ်သားတွေ အကောင်းဆုံး ဖြစ်ဖို့ကိုပဲ အမြဲ အလေးစိုက် ဆောင်ရွက်နေတာပါ။ ကုမ္ပဏီတခုရဲ့ အကျိုးစီးပွားကို မကြည့်ဘဲ လူထုဘေးကင်းဖို့ကိုပဲ ဦးစားပေး လုပ်ဆောင်ပါတယ်” လို့ အရီဇိုးနားပြည်နယ် အုပ်ချုပ်ရေးမှူး Doug Ducey ကိုယ်စား ပြောရေးဆိုခွင့်ရှိသူ Daniel Scarpinato က ပြောကြားခဲ့ပါတယ်။

Ref: reuters.com

Loading