ဒီတခါမှာတော့ ဧရာဝတီ စာဖတ် ပရိတ်သတ်တွေအတွက် စမတ်ဖုန်းနဲ့ မြင်ကွင်းပြည့် 360-degree ဓာတ်ပုံတွေ ရိုက်ကူးနိုင်မယ့် နည်းလမ်းကို ဖော်ပြပေးသွားမှာပါ။ အခုဆိုရင် Facebook အပါအဝင် ဆိုရှယ်မီဒီယာ တော်တော်များများနဲ့ ဝက်ဘ်ဆိုက်တွေမှာ 360 ဓာတ်ပုံတွေ တင်နိုင်၊ ကြည့်နိုင်လာပြီ ဖြစ်ပါတယ်။
ကိုယ်ရောက်နေတဲ့ ရှုခင်းနေရာ တခုခုကို Social Media ပေါ်က မိတ်ဆွေတွေကို ပြသမျှဝေ ချင်တဲ့အခါမှာ 360 ဓာတ်ပုံတွေက တကယ့်ကို အကောင်းဆုံး နည်းလမ်းတခု ဖြစ်ပါတယ်။ 360 ဓာတ်ပုံတွေကို ရိုက်ကူးဖို့ အတွက်ကလည်း ဘာမှမခဲယဉ်းပါဘူး။ စာဖတ်သူဆီမှာ စမတ်ဖုန်း တလုံးနဲ့ Google Street View App တခုပဲ လိုအပ်ပါတယ်။ Google Street View App ကို Android အတွက်ကော iOS အတွက်ပါ သက်ဆိုင်ရာ App Store တွေမှာ အခမဲ့ ရယူနိုင်ပါတယ်။
(မှတ်ချက် – 360 ဓာတ်ပုံ ရိုက်ကူးနိုင်တယ်လို့ ဆိုတဲ့ App တော်တော်များများရှိပေမယ့်၊ အများစုက မြင်ကွင်းပြည့် 360 ဓာတ်ပုံတွေ မရိုက်ကူးနိုင်ဘဲ၊ 360 Panorama ပုံလောက်သာ ရိုက်ကူးပေးနိုင်ပါတယ်။ လက်ရှိအချိန်ထိ Street View App ကပဲ အခမဲ့ ရယူနိုင်တဲ့ အကောင်းဆုံး 360 Camera App တခုပါ။ Samsung Flagship ဖုန်းတွေနဲ့ Facebook App ထဲမှာလည်း 360 ပုံရိုက်ပေးနိုင်တဲ့ Camera Mode တွေ ပါပေမယ့် စာရေးသူကတော့ Street View App ကို စိတ်တိုင်း အကျဆုံး ဖြစ်ပါတယ်။)
360 ဓာတ်ပုံ ရိုက်ကူးပုံအဆင့်အဆင့်
(၁) Street View App ကို မိမိဖုန်းထဲမှာ Install လုပ်ပြီးပြီဆိုရင် Open လုပ်လိုက်ပါ။
(၂) App ရဲ့ ညာဘက်အောက်ခြေနားက ကင်မရာပုံလေးကို နှိပ်လိုက်ပါ။
(၃) ဒီအခါ ပုံမှာပြထားတဲ့အတိုင်း Options သုံးခုပေါ်လာပါလိမ့်မယ်။ အောက်ဆုံးက Camera ဆိုတာကို ထပ်နှိပ်လိုက်ပါ။
(၄) Open Camera ကို နှိပ်လိုက်ပါ။
(၅) ဒီအဆင့်မှာ ကင်မရာမြင်ကွင်းပေါ်လာမှာဖြစ်ပြီး၊ ကင်မရာအလယ်လောက်မှာ အဝါရောင်အစက်ကလေးတစ်ခုကို တွေ့မြင်ရပါလိမ့်မယ်။ အဆိုပါ အဝါရောင်အစက်ကလေးနဲ့ ကင်မရာအဖြူရောင်စက်ဝိုင်းကို တထပ်တည်းကျအောင် ထားလိုက်တာနဲ့ ဓာတ်ပုံတစ်ပုံ အလိုလိုရိုက်သွားပါလိမ့်မယ်။
(၆) နောက်ထပ် အဝါရောင်အစက်လေး ၄ စက် ထပ်ပေါ်လာပါလိမ့်မယ်။ ရှေ့မှာဖော်ပြထားသလိုပဲ အဝါရောင်အစက်နဲ့ အဖြူရောင်စက်ကွင်းလေးကို တထပ်တည်းကျအောင် ချိန်ပေးလိုက်ပါ။ ဒီအခါ နောက်ထပ် View အပိုင်းအစပုံတစ်ခုကို ထပ်ရပြီးဖြစ်ပါလိမ့်မယ်။
(၇) ဒီနည်းအတိုင်း အဝါရောင်အစက်တစ်ခုစီတိုင်းမှာ မိမိရဲ့ ပတ်ချာလည်၊အထက်အောက် မြင်ကွင်းတွေကို တပုံချင်း သေချာလိုက်ရိုက်ပေးပါ။ မြင်ကွင်းတွေ တခုနဲ့ တခု မညီမညာ ပေါ်နေတာ မြင်နေရရင်လည်း စိတ်ပူစရာမရှိပါဘူး။ အားလုံး ပြီးဆုံးသွားတဲ့အခါ App ကနေ အလိုအလျောက်ညီအောင် အတတ်နိုင်ဆုံး ပြန်ပေါင်းပေးပါလိမ့်မယ်။ ရိုက်ကူးတဲ့ သူကလည်း စိတ်ရှည်လက်ရှည်နဲ့ တိတိကျကျရိုက်ကူးဖို့တော့ လိုပါလိမ့်မယ်။
(၈) ကင်မရာအောက်နားက အမှန်ခြစ်ပုံလေးက ရိုက်ကူးမှုအဆင့်ကို ပြသပေးထားတာဖြစ်ပြီး၊ ဘေးနားက Back မြှား ကတော့ တစ်ပုံရိုက်တာ စိတ်တိုင်းမကျ ဖြစ်သွားခဲ့ရင် နောက်တကြိမ်ပြန်ရိုက်နိုင်တဲ့ Button လေး ဖြစ်ပါတယ်။
(၉) အမှန်ခြစ်လေးပြည့်သွားရင် ခုနရိုက်ကူးခဲ့တဲ့ပုံတွေကို 360 ဓာတ်ပုံ တပုံတည်းအဖြစ် App က အလိုအလျောက် ပြန်ပေါင်းပေးမှာဖြစ်ပြီး၊ နောက်ဆုံးပြီးသွားတဲ့ပုံကို App ထဲက “Private” Tab မှာ ပြန်ကြည့်ရှုနိုင်ပါတယ်။ အဆိုပါပုံက ဖုန်း Gallery ထဲမှာလည်း Save သွားမှာဖြစ်တဲ့အတွက် Facebook တို့မှာ ပြန်တင်ချင်တဲ့အခါ Gallery ထဲကနေ ပြန်တင်နိုင်ပါတယ်။
Google Street View သုံးပြီး 360 ဓာတ်ပုံ ရိုက်ကူးတဲ့အခါ သိထားသင့်တဲ့အချက်လေးတွေကတော့ ဖုန်းကို အမြင့် ၄၊ ၅ ပေလောက်မှာ ကိုင်ပြီး ရိုက်ကူးပါ။ ခန္ဓာကိုယ်လှည့်ပြီး ရိုက်ကူးရတဲ့အခါမျိုးမှာလည်း မြင်ကွင်းမှန်အောင် သတိထားပေးပါ။ ဖြစ်နိုင်ရင် လူသွားလူလာကင်းတဲ့ နေရာတွေမှာပဲ ရိုက်ကူးပါ။ လှုပ်ရှားနေတဲ့အရာတွေကို တပုံချင်းရိုက်ကူးတဲ့အခါ နောက်ဆုံးဓာတ်ပုံမှာ ဟိုတပိုင်း၊ ဒီတပိုင်း ပါလာတတ်ပါတယ်။
Google ရဲ့ Street View App ကနေ 360 ဓာတ်ပုံ ရိုက်တာက ခက်ခဲတယ်လို့ ထင်ရပေမယ့်၊ အလေ့အကျင့် ဖြစ်သွားရင် လွယ်ကူမြန်ဆန်လာပါလိမ့်မယ်။ အတွေ့အကြုံရသွားပြီးရင် နောက်ပိုင်းဆို တစ်ပုံရဖို့ အများဆုံး ၂ မိနစ်လောက်ပဲ ကြာမှာပါ။ အခုလိုမျိုး ဖုန်းနဲ့ပဲ အလုပ်ရှုပ်ခံ မရိုက်ကူးချင်ဘူးဆိုရင်တော့၊ အရည်အသွေးမြင့် 360 ဓာတ်ပုံ၊ ဗီဒီယိုတွေကို ချက်ချင်း ရိုက်ကူး ပေးနိုင်တဲ့ 360 ကင်မရာတွေ ဝယ်ယူရိုက်ကူးနိုင်ပါတယ်။