၂၀၁၅ ခုနှစ်က စတင်မိတ်ဆက်ခဲ့တဲ့ Facebook Live ဟာ အခုဆိုရင် ၂ နှစ်ကျော် ၃ နှစ်သက်တမ်း ရှိလာပြီ ဖြစ်ပါတယ်။ အစပိုင်းမှာ သုံးစွဲသူ အနည်းအကျဉ်းသာ ရှိခဲ့ပေမယ့် အခုဆိုရင် Facebook အသုံးပြုသူတိုင်းလိုလို အနည်းဆုံး တကြိမ်လောက်တော့ Live လွှင့်ဖူးနေပြီ ဖြစ်ပြီး၊ ပုံမှန် Live လွှင့်သူတွေလည်း များပြားနေပြီ ဖြစ်ပါတယ်။
သုံးစွဲသူ များပြားလာသလို Live ဗီဒီယိုကို တလွဲ အသုံးချကြသူတွေလည်း ရှိလာတာ တွေ့ရပါတယ်။ ၂၀၁၇ ခုနှစ်၊ မတ်လလောက်တုန်းက အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို လိင်ပိုင်းဆိုင်ရာ စော်ကား ကျူးလွန်နေတာကို Live လွှင့်ခဲ့တဲ့ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့သလို၊ ပြီးခဲ့တဲ့ မေလလောက်တုန်းကလည်း Live လွှင့်နေသူ တဦးကို သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်မှု တခု ဖြစ်ပွားခဲ့ပါတယ်။
ဒီလို ဖြစ်ရပ်ဆိုးတွေ ပါဝင်တဲ့ Live ဗီဒီယိုတွေဟာ Live ပြီးဆုံးသွားတာတောင် Timeline ပေါ်မှာ နာရီအတော်ကြာ ရှိနေခဲ့တာကြောင့် Facebook ကိုလည်း ဝေဖန်သံတွေ ရှိခဲ့ပါတယ်။ ဒီလို အဖြစ်တွေကြောင့် Facebook ဟာ Live ဗီဒီယိုပိုင်း ဆိုင်ရာကို Machine Learning နည်းပညာ အကူအညီနဲ့ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဖို့ လုပ်ဆောင်နေပြီလို့ သိရပါတယ်။
Video Contents တွေကို စစ်ဆေး ခွဲထုတ်နိုင်ဖို့ အတွက် Facebook ကိုယ်ပိုင် Chipsets တွေကို ထုတ်လုပ်နေပြီ ဖြစ်ကြောင်း ကုမ္ပဏီရဲ့ Artificial Intelligence (AI) နည်းပညာပိုင်းဆိုင်ရာ အကြီးအကဲဖြစ်သူ Yann LeCun က ပြီးခဲ့တဲ့ သောကြာနေ့က ပါရီမှာ ပြုလုပ်ခဲ့တဲ့ Viva Technology ညီလာခံမှာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
ပုံမှန် ကွန်ပျူတာတွေအတွက် ရည်ရွယ် ရေးဆွဲထားတဲ့ ကွန်ပျူတာစနစ်တွေကို အသုံးပြုပြီး များပြားလှတဲ့ Live နဲ့ ရိုက်ကူးပြီး ဗီဒီယိုတွေကို စောင့်ကြည့် စစ်ဆေးရတာက “ကွန်ပျူတာ တွက်ချက်မှု စွမ်းအား အများအပြား” လိုအပ်ပြီး၊ စွမ်းအင် သုံးစွဲမှုလည်း အလွန်တရာ များပြားလှတယ်လို့ LeCun က ဆိုပါတယ်။
“ဒါကြောင့် စွမ်းအင်သက်သာတဲ့ Chips တွေကို ကိုယ်ပိုင်ဒီဇိုင်း ဆွဲထုတ်လုပ်ဖို့ ဖြစ်လာပါပြီ။ တခြား ကုမ္ပဏီ အများအပြားလည်း ဒီလို Chipsets တွေကို ထုတ်လုပ်ဖို့ ကြိုးစားနေကြပြီး၊ ဒီထဲမှာ Facebook လည်း ပါလာပါပြီ” လို့ LeCun က ဆက်လက်ပြောကြားခဲ့ပါတယ်။
“အရင်ကလည်း Facebook အနေနဲ့ ကိုယ်ပိုင် Hardware တွေ ထုတ်ဖူးပါတယ်။ ကျနော်တို့ ဆာဗာဒီဇိုင်းတွေကို ကိုယ့်ဘာသာ လုပ်တာဖြစ်ပြီး၊ မားသားဘုတ်နဲ့ ဒေတာစင်တာတွေက Communication Chips တွေကိုလည်း ကိုယ့်ဘာသာ ထုတ်ထားတာပါ။ ဒီတော့ ဒါက Facebook အတွက် သိပ်အစိမ်းကြီး မဟုတ်ပါဘူး”
ဒါပေမယ့် Facebook ဟာ AI လို့ ခေါ်တဲ့ Artificial Intelligence နည်းပညာအတွက်တော့ Intel က ထုတ်တဲ့ CPUs တွေကိုပဲ အဓိကအားထားနေရပါတယ်။
Live ဗီဒီယိုတွေကို အချိန်ပြည့် စောင့်ကြည့်စစ်ဆေးနိုင်တဲ့ Artificial Intelligence Chips တွေကို ထုတ်နိုင်ပြီ ဆိုရင်တော့ Live ဗီဒီယိုတွေမှာ အကြမ်းဖက်မှုနဲ့ Users စိတ်အနှောင့်အယှက်ဖြစ်စရာအရာတွေ ပါလာခဲ့ရင် ချက်ချင်း ဖြုတ်ချပစ်တာ လိုမျိုး အရေးယူမှုတွေ ပြုလုပ်လာနိုင်မှာ ဖြစ်ပါတယ်။
Ref: Tech Times, Bloomberg