IT

စက်ရုပ်ခွေးများအတွက် ဈာပန ကျင်းပပေးတဲ့ ဂျပန်နိုင်ငံက ထူးခြားတဲ့ ဘုန်းကြီးကျောင်း

Want create site? Find Free WordPress Themes and plugins.

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ဆင်ခြေဖုံး ရပ်ကွက်တခုမှာ တည်ရှိတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတကျောင်းဟာ ထူးဆန်းတဲ့ ဈာပနပွဲတွေကြောင့် နာမည်ကြီးတဲ့ ဘုန်းတော်ကြီး ကျောင်းတကျောင်း ဖြစ်ပါတယ်။

အဆိုပါ ဘုန်းကြီးကျောင်းက ဈာပန အခမ်းအနားတွေဟာ သင်းပျံ့တဲ့ အမွှေးတိုင်တွေ၊ ဂါထာ မန္တာန်ရွတ်ဆိုနေတဲ့ ဘုန်းတော်ကြီးတွေနဲ့ ဂျပန်နိုင်ငံမှာ မြင်တွေ့နေကြ ဈာပန အခမ်းအနားတွေ အတိုင်းပါပဲ။ ဘဝတပါး ကူးပြောင်းသွားတဲ့ ဝိညာဉ်တွေ ကျွတ်လွတ်စေဖို့အတွက် ဆုတောင်း မေတ္တာ ပို့သပေးနေမှုတွေကိုလည်း ကြားရမှာပါ။

ဒါပေမယ့် ထူးခြားတာက ဒီဈာပနာ အခမ်းအနားတွေဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆွေမျိုးသားချင်းတွေအတွက် မဟုတ်ဘဲ အိမ်မွေး တိရိစ္ဆာန်လေးတွေအတွက် ဖြစ်ပါတယ်။ ဒီထက် ပိုထူးဆန်းတာက သာမန်အိမ်မွေး တိရိစ္ဆာန်တွေအတွက် မဟုတ်ဘဲ Sony ကုမ္ပဏီထုတ် စက်ရုပ်ခွေးတွေအတွက် ရည်ရွယ်ပြုလုပ်ပေးတဲ့ ဈာပနအခမ်းအနားတွေ ဖြစ်လို့ပါ။

သေဆုံး (ပျက်စီး) သွားပြီဖြစ်တဲ့ စက်ရုပ်ခွေးတွေအတွက် ပူပင်သောက ရောက်နေရသူ ပိုင်ရှင် အမြောက်အများဟာ ဒီဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်တဲ့ ဈာပနအခမ်းအနားကို လာရောက်ကြပါတယ်။ ဈာပနကို တက်ရောက်လာကြ သူတွေက သူတို့ရဲ့ စက်ရုပ်ခွေးတွေမှာလည်း အသက် ဝိညာဉ်ရှိတယ်လို့ ယုံကြည်နေကြပြီး၊ ခွေးတွေရဲ့ ဝိညာဉ် ငြိမ်းချမ်းရာ ဘုံဘဝ ရောက်ရှိစေဖို့အတွက် ဆုတောင်းမေတ္တာ ပို့သပေးကြပါတယ်။

ဂျပန်နိုင်ငံက ဘုန်းကြီးကျောင်းဟာ ထူးထူးခြားခြား စက်ရုပ်ခွေးများအတွက် ဈာပနကို လက်ခံ ကျင်းပပေးတာ ဖြစ်ပါတယ်

သေဆုံးသွားတဲ့ စက်ရုပ်ခွေးတွေဟာ Sony ကုမ္ပဏီထုတ် AIBO (Artificial Intelligence Robot) စက်ရုပ် ခွေးတွေ ဖြစ်ပြီး၊ Sony ကုမ္ပဏီဟာ အဆိုပါ စက်ရုပ်ခွေးတွေကို ၁၉၉၉ ခုနှစ်မှာ စတင်ရောင်းချခဲ့တာပါ။ Sony ဟာ ၁၉၉၉ ခုနှစ်မှာတင် ဂျပန်ဈေးကွက်အတွင်း AIBO စက်ရုပ်ခွေးပေါင်း ၃၀၀၀ လောက် ရောင်းချခဲ့ရပါတယ်။

၂၀၀၆ ခုနှစ်အရောက်မှာတော့ စက်ရုပ်ခွေးပေါင်း ၁၅၀,၀၀၀ လောက် ရောင်းချနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၀၆ ခုနှစ်မှာပဲ Sony ဟာ AIBO စက်ရုပ်ခွေး ထုတ်လုပ်မှုကို ရပ်ဆိုင်းပစ်ခဲ့ပြီး၊ ရောင်းပြီးသားမော်ဒယ်တွေအတွက် Software Support ပေးမှုကိုလည်း လုံးဝရပ်ဆိုင်းပစ်ခဲ့ပါတယ်။

Sony က Support မပေးတော့ပေမယ့် စက်ရုပ်ခွေးတွေကို ခင်တွယ်နေပြီဖြစ်တဲ့ ခွေးပိုင်ရှင်တွေဟာ AIBO စက်ရုပ် ခွေးတွေကို မိမိဘာသာ ထိန်းသိမ်းပြုပြင်နိုင်မယ့် နည်းလမ်းတွေ အချင်းချင်း ဆက်လက်မျှဝေခဲ့ကြပါတယ်။ ဒါပေမယ့် အချိန်ကြာလာတဲ့အမျှ ဒီစက်ရုပ်ခွေးတွေဟာလည်း မမြဲခြင်းတရားအတိုင်း ပျက်စီး “သေဆုံး” တဲ့အဆင့်ကို ရောက်ခဲ့ ရပါတယ်။

ပျက်စီးသွားတဲ့ ခွေးစက်ရုပ်လေးတွေရဲ့ ပိုင်ရှင်တွေဟာ တခြား AIBO စက်ရုပ်ခွေးတွေအတွက် လိုအပ်မယ့် အစိတ်အပိုင်းတွေကို လှူဒါန်းဖို့အတွက် သူတို့ရဲ့ ခွေးလေးတွေကို ခေတ်ဟောင်း စက်ပစ္စည်းတွေကို လက်ခံပြုပြင်ပေးတဲ့ A FUN ကုမ္ပဏီကို ပေးပို့ကြပါတယ်။

A FUN ကုမ္ပဏီဟာ ပြင်မရအောင် ပျက်စီးသွားပြီဖြစ်တဲ့ စက်ရုပ်ခွေးတွေရဲ့ အစိတ်အပိုင်းတွေကို ဖြုတ်ယူခြင်း မပြုလုပ်ခင်မှာ တိုကျိုမှာရှိတဲ့ အခုဂျပန်ဘုန်းတော်ကြီးကျောင်းဆီကို အမှတ်တရဈာပနကျင်းပပေးဖို့အတွက် ပြန်လည် ပေးပို့လေ့ရှိတာ ဖြစ်ပါတယ်။

ဒီဈာပနအခမ်းအနားကို AIBO စက်ရုပ်ခွေးပိုင်ရှင်တွေ တက်ရောက်ကြပြီး ဆုတောင်းမေတ္တာပို့သမှုတွေ ပြုလုပ် ပေးကြပါတယ်။ လွန်ခဲ့တဲ့နှစ်ပိုင်းအတွင်း စက်ရုပ်ခွေးပေါင်း ၈၀၀ ကျော်လောက် ဘုန်းတော်ကြီးကျောင်းဆီ ရောက်လာခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

နှစ်ပေါင်း ၄၅၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ အဆိုပါ Kofukuji ဘုန်းတော်ကြီးကျောင်းက Bugen Oi ဘွဲ့တော်ရ ဘုန်းတော်ကြီးတပါးကတော့ စက်ပစ္စည်းတွေအတွက် ဈာပနပြုလုပ်တဲ့အစီအစဉ်ဟာ လက်သင့်မခံနိုင်စရာ လုပ်ရပ်တခုလို့ မထင်ဘူးလို့ ဆိုပါတယ်။

“အရာရာတိုင်းမှာ အသက်ဝိညာဉ်ကိန်းအောင်းနေပါတယ်” လို့ Bugen Oi က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ A FUN ကုမ္ပဏီရဲ့ အကြီးအကဲဖြစ်သူ Nobuyuki Norimatsu ကလည်း စက်ရုပ်ခွေးတွေမှာ အသက်ဝိညာဉ်ရှိတယ်လို့ သူခံစားရတယ်ကြောင်း ပြောကြားခဲ့ပါတယ်။ “သူတို့အတွက် ဈာပနမလုပ်ပေးရသေးဘဲနဲ့ အစိတ်အပိုင်းတွေကို ကျနော်တို့ ဘယ်တော့မှ ဖြုတ်မယူပါဘူး” လို့ Norimatsu က ဆိုပါတယ်။

AIBO ဟာ ကမ္ဘာ့ပထမဆုံး အိမ်တွင်းသုံး ဖျော်ဖြေရေး စက်ရုပ် တရုပ်ဖြစ်ခဲ့ပြီး၊ ကိုယ်ပိုင် အမူအကျင့်တွေ တည်ဆောက် နိုင်တဲ့ စက်ရုပ်လေးတွေဖြစ်ပါတယ်။

Ref: DailyMail

Did you find apk for android? You can find new Free Android Games and apps.
Loading