အခုနောက်ပိုင်း ခေတ်သစ် ငွေပေးချေမှု စနစ်တွေထဲမှာ Contactless Payment လို့ ခေါ်တဲ့ ထိတွေ့မှု မရှိဘဲ ငွေပေး ချေနိုင်တဲ့ စနစ်က တော်တော်လေး ခေတ်စားလာပြီ ဖြစ်ပါတယ်။ Contactless Payment ဆိုတာ NFC Chip ကနေ Contactless Payment စနစ် လက်ခံတဲ့ Card Reader နားကပ်ပြီး၊ ငွေပေးချေတဲ့ စနစ်တခု ဖြစ်ပါတယ်။
Apple Pay တို့ Android Pay တို့နဲ့လည်း စမတ်ဖုန်း NFC Chip ကနေ ငွေပေးချေလို့ရသလို၊ တချို့ဘဏ်ကတ်တွေမှာ Contactless Payment လုပ်လို့ရတဲ့ Chips တွေ ပါဝင်ပါတယ်။ စက်ထဲကို ကတ်ထည့်စရာ မလို၊ ကုဒ်တွေ ရိုက်ထည့်စရာ မလိုဘဲ အလွယ်တကူ မြန်မြန်ဆန်ဆန် ငွေပေးချေလို့ရတဲ့ စနစ်တခု ဖြစ်ပါတယ်။
Contactless Payment ရဲ့ ကောင်းကျိုးတွေကို အခုအခါ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့က လမ်းဘေး အနုပညာရှင်တွေလည်း ခံစား နိုင်တော့မှာ ဖြစ်ပါတယ်။ လန်ဒန်မြို့တော်ဝန် Sadiq Khan ဟာ လန်ဒန် လမ်းဘေး အနုပညာရှင်များအဖွဲ့အစည်း (Busk of London) ၊ ဆွီဒင် ငွေပေးချေမှုစနစ် ကုမ္ပဏီ တခုဖြစ်တဲ့ iZettle တို့နဲ့ ပူးပေါင်းကာ လန်ဒန်အတွင်းက လမ်းဘေး အနုပညာရှင်တွေကို Contactless Payment နဲ့ ငွေကြေးပေးအပ်နိုင်တဲ့ စီမံကိန်း တခုကို ပြီးခဲ့တဲ့ ရက်သတ္တပတ်က စတင် အကောင်အထည်ဖော်ခဲ့ပါတယ်။
အခုဆိုရင် လန်ဒန်လမ်းတွေပေါ်မှာ တချို့ လမ်းဘေးအနုပညာရှင်တွေဟာ iZettle ကုမ္ပဏီရဲ့ Contactless Readers တွေ အသုံးပြုကာ ငွေကြေး စတင် စမ်းသပ်လက်ခံနေပြီ ဖြစ်ပြီး၊ မကြာမီအချိန်အတွင်း လန်ဒန်မြို့က ခရိုင် ၃၂ ခုစလုံးမှာ ကျင့်သုံးသွားတော့မှာ ဖြစ်ပါတယ်။
လမ်းဘေးဖျော်ဖြေမှုအလုပ်နဲ့ပဲ အချိန်ပြည့်အသက်မွေးဝမ်းကျောင်းလုပ်နေသူ Charlotte Campbell က ဒီစနစ်ဟာ သူတို့အပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိပြီး၊ သူ သီချင်းဆိုနေတုန်း Contactless နဲ့ ငွေပေးသူတွေ များလာပြီး တယောက်က Contactless နဲ့ ပေးလိုက်တာမြင်ရင် နောက်လူတွေပါ လိုက်ပေးလာကြတယ်လို့ BBC News ကို ပြောကြားခဲ့ပါတယ်။
လမ်းသွားလမ်းလာတွေရဲ့ Contactless Payment ကို လက်ခံဖို့အတွက် လမ်းဘေးအနုပညာရှင် တယောက်ဆီမှာ ကိုယ်ပိုင် Reader စက်ရှိဖို့ လိုပြီး၊ အဆိုပါစက်ကို စမတ်ဖုန်း (သို့မဟုတ်) တက်ဘလက်နဲ့ ချိတ်ဆက်ထားဖို့ လိုအပ် ပါတယ်။ စမတ်ဖုန်း၊ Contactless Cards တွေနဲ့ ငွေပေးနိုင်သလို၊ စမတ်နာရီနဲ့ပါ ငွေပေးနိုင်တယ်လို့ သိရပါတယ်။
လောလောဆယ်တော့ လန်ဒန်က လမ်းဘေးအနုပညာရှင် ဘယ်လောက်ဆီကို ဒီ Readers စက်တွေ ချပေးထားလဲဆိုတာ အတိအကျ မသိရသေးဘဲ ဒီစက်အတွက် ငွေပြန်ပေးရလား ဆိုတာကိုလည်း မသိရသေးပါဘူး။ တရုတ်နိုင်ငံမှာလည်း လမ်းဘေး အနုပညာရှင်တွေနဲ့ သူဖုန်းစားတွေဟာ QR Codes တွေကနေတဆင့် မိုဘိုင်းငွေ ပေးချေမှုတွေကို လွန်ခဲ့တဲ့ တနှစ်လောက်ကတည်းက စတင်လက်ခံနေပြီ ဖြစ်ပါတယ်။
Ref: The Verge