IT

iPhone မော်ဒယ်အသစ်မှာ ကင်မရာ ၃ လုံးတွဲ ပါဝင်လာဖွယ်ရှိ

Want create site? Find Free WordPress Themes and plugins.

Apple ဟာ iPhone X ပြီးနောက် ထွက်ရှိမယ့် မျိုးဆက်သစ် iPhone မော်ဒယ်မှာ ကင်မရာ ၃ လုံးတွဲကို ထည့်သွင်းသွားဖို့ ရှိကြောင်း သတင်းတခု ထွက်ပေါ်လာပါတယ်။ iPhone မော်ဒယ်အသစ်မှာ ကင်မရာ ၃ လုံးတွဲအပြင်၊ 3D Depth Sensing နည်းပညာနဲ့ ပိုမိုကောင်းမွန်တဲ့ Zoom နည်းပညာတို့လည်း ပါဝင်လာဖွယ်ရှိတယ်လို့ သိရပါတယ်။

Deutsche Securities ကုမ္ပဏီက ဈေးကွက် လေ့လာရေးပညာရှင် Jialin Lu က Apple ဟာ ၂၀၁၉ ခုနှစ်အတွင်းမှာ ကင်မရာ ၃ လုံးတွဲနဲ့ iPhone မော်ဒယ်အသစ်တမျိုးကို ထုတ်လုပ်သွားဖို့ ရှိကြောင်း ၎င်းရဲ့ သုတေသန စာတမ်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီသတင်းသာ အမှန်ဖြစ်မယ် ဆိုရင် အဆိုပါ iPhone မော်ဒယ် အသစ်ဟာ Huawei P20 Pro ပြီးနောက် ဒုတိယမြောက် ကင်မရာ ၃ လုံးတွဲနဲ့ စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။

Huawei P20 Pro စမတ်ဖုန်းမှာ 40-megapixel Lens နဲ့ 20-Megapixel Monochrome Lens ၂ လုံးတွဲအပြင်၊ 3x Optical Zoom ဆွဲနိုင်တဲ့ 8-megapixel Telephoto Lens တို့ကို အသုံးပြုထားပါတယ်။ ဒီကင်မရာ ၃ လုံးတွဲဒီဇိုင်းဟာ 3D Sensing နည်းပညာဘက်ကို အားထည့် လုပ်ဆောင်နေတဲ့ Apple အတွက် ပိုမိုအဆင့်မြင်တဲ့ 3D နည်းပညာတွေကို ယူဆောင်ပေးလာနိုင်ပါတယ်။

ကင်မရာ ၃ လုံး ပါရှိတဲ့ Huawei P20 Pro စမတ်ဖုန်း

ကင်မရာ ၃ လုံးတွဲမှာ Lens နှစ်ခုက ပုံရိပ် တခုကို မတူညီတဲ့ ထောင့်တွေကနေ တပြိုင်တည်း ရိုက်ကူးပေးနိုင်ပြီး တတိယမြောက် ကင်မရာက iPhone နဲ့ ပုံရိပ် အရာဝတ္ထုတို့ အကြားက အကွာအဝေးကို တိုင်းတာပေးနိုင်ကာ တိကျတဲ့ 3D ပုံဖော်မှု နည်းပညာတွေကို လုပ်ဆောင်နိုင်မှာပါ။ လက်ရှိ iPhone X ရဲ့ ရှေ့ဘက်ပိုင်းက TrueDepth ကင်မရာစနစ် လိုမျိုးပဲ၊ ဖုန်းနောက်ကင်မရာရဲ့ 3D ပုံဖော်မှုနည်းပညာကို Augmented Reality နည်းပညာအတွက်ပါ အသုံးပြုလာ နိုင်ပါတယ်။

ဒါ့အပြင် တတိယမြောက် ကင်မရာ Sensor ဟာ ပိုမိုကောင်းမွန်တဲ့ Zoom ဆွဲမှုတွေကို ပြုလုပ်ပေးနိုင်တဲ့ Focal Length ပိုများတဲ့ Lens တခု ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ ဒီအတိုင်းသာဆို နောက်အသစ်ထွက်မယ့် iPhone မော်ဒယ် အသစ်ဟာ Huawei P20 Pro မှာလိုပဲ Optical Zoom ကို ပုံရိပ် အရည်အသွေး မကျဘဲ Zoom ၃ ဆအထိ ဆွဲလာနိုင်မှာ ဖြစ်ပါတယ်။

Apple CEO Tim Cook ကလည်း Augmented Reality နည်းပညာကို အလွန်စိတ်ဝင်စားနေကြောင်း ထုတ်ဖော် ပြောကြားခဲ့ဖူးပြီး၊ ပြီးခဲ့တဲ့ iOS 11 မှာလည်း ARKit Platform ကို စတင် မိတ်ဆက်ပေးခဲ့တာကြောင့် AR နည်းပညာ အတွက် တကယ် အထောက်အကူဖြစ်မယ့် ကင်မရာ ၃ လုံးတွဲဒီဇိုင်းကို အမှန်တကယ် မြင်တွေ့ရနိုင်ပါတယ်။

Ref: Mac Rumors, Gadgets NDTV

Did you find apk for android? You can find new Free Android Games and apps.
Loading