အအေးပေးစနစ်ပါဝင်တဲ့ "Mindframe" နားကြပ်အသစ်ကို မိတ်ဆက်လိုက်တဲ့ HP
Gaming နားကြပ်တွေရဲ့ အားနည်းချက်တခုက တပ်ဆင်ထားရတာ ဘယ်လောက်ပဲ သက်သောင့်သက်သာ ရှိပါစေ၊ အသုံးပြုတဲ့အချိန် ကြာလာတာနဲ့အမျှ နားတွေ ပူခြစ်လာတာကို ခံစားရတာပါ။
ဒီပြဿနာကို သတိထားမိတဲ့ HP ဟာ Mindframe Headset မော်ဒယ်အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီ Headset ရဲ့ အထူးခြားဆုံး စွမ်းဆောင်ရည် တခုကတော့ တနေကုန်အသုံးပြုရင်တောင် ပူလာခြင်း မရှိဘဲ အမြဲတမ်း အေးမြနေအောင် စွမ်းဆောင်ပေးနိုင်တာ ဖြစ်ပါတယ်။
Mindframe Headsets ရဲ့ နားကြပ်ခွက် (Earcup) ထဲမှာ သာမိုအီလက်ထရောနစ် စက်တခု ပါရှိပြီး၊ Acoustic Chamber ထဲက အပူတွေကို အပြင်သို့ စီးကူးစေကာ နားကြပ်ကို အစဉ်အမြဲ အေးမြနေအောင် ပြုလုပ်ပေးနိုင်တယ်လို့ HP က ဆိုထားပါတယ်။ ဒီအအေးပေးစနစ်ဟာ HP မူပိုင်ခွင့်ရ နည်းပညာဖြစ်ပြီး၊ Mindframe နားကြပ်ဟာ အဆက်မပြတ် အအေးပေးစနစ် ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး နားကြပ်ဖြစ်တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Omen Gaming Products အသစ်များ မိတ်ဆက်ပွဲမှာ မိတ်ဆက်ခဲ့တဲ့ Mindframe နားကြပ်ကို Engadget ရဲ့ အကြီးတန်းအယ်ဒီတာဖြစ်သူ Devindra Hardawar တယောက် ကိုင်တွယ် စမ်းသပ်ခွင့် ရရှိခဲ့ပြီး၊ အဲယားကွန်း တခုရှေ့မှာ လက်ကို ကပ်ထားရသလိုပဲလို့ ပြန်ပြောပြခဲ့ပါတယ်။
HP Mindframe မှာ နားကို အမြဲအေးမြစေတဲ့ နည်းပညာအပြင် အသံဆူညံမှုကို ဖယ်ရှားပေးကာ ဦးတည်ရာ တခုတည်းက အသံကိုဖမ်းပေးနိုင်တဲ့ မိုက်ခရိုဖုန်း၊ Audio နဲ့ 7.1 Virtual Surround Sound စနစ်၊ RGB Lighting စနစ်နဲ့ USB 2.0 Type-A Connector 3D တို့လည်း ပါဝင်ပါတယ်။ ဈေးနှုန်းကိုတော့ ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိဘဲ၊ ၂၀၁၈ နှစ်ဝက်လောက်မှ ဈေးကွက်တွင်း ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။