မော်ဒယ်မြင့် စမတ်ဖုန်းတွေကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ထုတ်လုပ် ရောင်းချနေမှုကြောင့် နာမည်ကြီးတဲ့ OnePlus ရဲ့ နောက်ဆုံးထွက် မော်ဒယ်ဖြစ်တဲ့ OnePlus 6 ကတော့ မေလထဲ ၅၂၉ ဒေါ်လာနဲ့ စတင်ရောင်းချနေပါပြီ။ OnePlus 5T ပြီးနောက် ၆ လအကြာမှာ ထွက်ရှိလာတဲ့ OnePlus 6 ဟာ အရင် OnePlus ဖုန်းတွေထက် ဘာတွေ ပိုကောင်းလာသလဲ၊ ဘာတွေ ပိုထူးခြားလာလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။
ဒီဇိုင်း
ဒီဇိုင်းပိုင်းအကြီးအကျယ် ပြောင်းလဲမှုတွေ လုပ်ခဲ့တဲ့ OnePlus 5T ပြီးနောက် ထွက်ရှိလာတဲ့ OnePlus 6 ဖုန်းမှာလည်း နောက်ထပ် ဒီဇိုင်းပြောင်းလဲမှုတွေကို ထပ်မံမြင်တွေ့ ရပါတယ်။ အကြီးမားဆုံး ပြောင်းလဲမှုကတော့ OnePlus ဖုန်းတွေ ထဲမှာ ပထမဦးဆုံးအဖြစ် ကျောဘက်ကိုယ်ထည်ကို ဖန်သားပြောင်းလဲ အသုံးပြုထားတာပါ။ ပြောင်လက်တောက်ပတဲ့ ဖန်သား ကိုယ်ထည်ကြောင့် အရင် OnePlus ဖုန်းတွေထက်စာရင် ပိုပြီးတော့ တန်ဖိုးကြီး ဖုန်းတလုံးဆိုတဲ့ ဖီလင်မျိုး ပိုခံစား လာရပါတယ်။ အရောင်ကွဲတွေအနေနဲ့ Mirror Black, Midnight Black နဲ့ Silk White ဆိုပြီး ၃ မျိုးတွေ့ရပါတယ်။ဖုန်းရှေ့ဘက်ပိုင်းကတော့ 19:9 Aspect Ration ဘောင်မဲ့ Display နဲ့ ဖြစ်ပါတယ်။ အရင် OnePlus 5T တုန်းကလည်း Bezel-less Display နဲ့ ဖြစ်ပေမယ့် Display အပေါ်ဘက်မှာ Notch မပါဝင်ဘဲ အခု OnePlus 6 မှာတော့ Notch ပါဝင်လာတာကို တွေ့ရပါတယ်။
ကျော ကင်မရာနေရာကိုလည်း အရင် OnePlus 5/5T တို့လို မဟုတ်ဘဲ ဖုန်းနောက်ကျောဘက် အလည်တည့်တည့် လောက်ကို ပို့လိုက်ပါတယ်။ Dual-Camera Setup အောက်မှာ Fingerprint Sensor ကို တွေ့မြင်ရမှာဖြစ်ပြီး၊ အဲ့အောက်မှာ OnePlus တံဆိပ်ကို တွေ့ရပါလိမ့်မယ်။ ဒီဇိုင်းပိုင်းက OnePlus5/5T တို့ထက်စာရင် OnePlus 3/3T တို့နဲ့ ပိုဆင်သယောင်ယောင် ရှိပါတယ်။
Design ပိုင်းမှာ အားနည်းချက်တခုကတော့ ဖုန်းအောက်ဘက်က Single-Speaker Grill နေရာကို မပြောင်းလဲ ထားတာပါ။ ဖုန်းကို Landscape အနေအထားနဲ့ လက်ထဲကိုင်ပြီး ဂိမ်းဆော့တာ၊ ရုပ်ရှင်ကြည့်တာမျိုးမှာ အသံကို လက်နဲ့အုပ်ပြီး ပိတ်မိသွားတာမျိုး ဖြစ်နိုင်ပါတယ်။
Display
OnePlus ဖုန်းတွေရဲ့ အဓိက နာမည်ကြီးတဲ့ အရာတခုက တောက်ပကြည်လင်ပြီး ကာလာစိုတဲ့ Optic AMOLED Display ဖြစ်ပါတယ်။ Display အရွယ်အစားက ၆.၂၈ လက်မရှိတာကြောင့် ၆.၀၁ လက်မရှိတဲ့ OnePlus 5T Display ထက် ပိုရှည်၊ပိုကြီးသွားပါတယ်။ OnePlus 6 ရဲ့ စခရင်နဲ့ဘောင်အချိုးကလည်း ၈၃ ဒဿမ ၈ ရာခိုင်နှုန်းတောင် ရှိလာပြီး၊ ဘောင်တွေကို သတိမထားမိတော့လောက်အောင် သေးသွားတာကို တွေ့ရပါတယ်။ Display Resolution ကတော့ 1080×2280 pixels (402 ppi) ဆိုတော့ 5T နဲ့ သိပ်မကွာပါဘူး။ Display ရဲ့ ကာလာဖော်ပြနိုင်မှု၊ တောက်ပမှုတို့ကတော့ AMOLED Display တခုဖြစ်တဲ့အတိုင်း အကောင်းဆုံးအရည်အသွေးကို ခံစားရမှာပါ။
Performance
Performance ကတော့ ထုံးစံအတိုင်း အကောင်းဆုံးဆိုတဲ့ Processor ၊ အမြင့်ဆုံး Hardwares တွေကို အသုံးပြု ထားတာကြောင့် Performance အမြင့်ဆုံး Android ဖုန်းတလုံးကို ဒေါ်လာ ၅၃၀ လောက်နဲ့ အသုံးပြုနိုင်မယ့် အခွင့်အရေးပါ။ လက်ရှိ Snapdragon Processor တွေထဲမှာ အမြင့်ဆုံးမော်ဒယ်ဖြစ်တဲ့ Snapdragon 845၊ Adreno 540 GPU ၊ 6GB RAM နဲ့ 64 GB Internal Storage တို့ ကို အသုံးပြုထားပါတယ်။ ပိုက်ဆံတတ်နိုင်ရင် 8GB RAM နဲ့ 256GB Storage Model ကို နောက်ထပ် ဒေါ်လာ ၁၀၀ လောက် ပိုသုံးပြီး ဝယ်နိုင်ပါသေးတယ်။
Fingerprint ကတော့ Bezel-less (ဘောင်မဲ့ Display) တွေရဲ့ ထုံးစံအတိုင်း ဖုန်းကျောဘက်ကို ရောက်ရှိသွားပြီး၊ Fingerprint သုံးရတာလည်း တော်တော်မြန်ပါတယ်။ OnePlus 6 ဖုန်းမှာလည်း Face Unlock စနစ်လည်း ပါဝင်တာကြောင့် Fingeprint တောင် သိပ်သုံးစရာလိုမှာမဟုတ်ပါဘူး။ ပြီးတော့ OnePlus ရဲ့ Face Unlock စနစ်က တော်တော်လေးကို မြန်ဆန်၊တိကျလွန်းပါတယ်။ လက်ရှိ Android ဖုန်းတွေထဲမှာ အမြန်ဆုံး Face Unlock စနစ်လို့ ဆိုရင်တောင် မှားမယ်မထင်ပါဘူး။
Software ပိုင်းမှာတော့ Android 8.1 စနစ်အခြေခံ Oxygen OS နဲ့ အသုံးပြုရမှာပါ။ Stock Android နီးပါး ရိုးရှင်းပြီး၊ Feature စုံလင်မြန်ဆန်တဲ့ Oxygen OS နဲ့ Snapdragon 845 တို့ရဲ့ ပေါင်းစပ်မှုကတော့ လျှပ်စီးလက်နေသလိုကို မြန်ဆန်ပါတယ်။ OnePlus ဖုန်းတွေ သုံးစွဲနေကြသူတွေအတွက်ကတော့ Performance ပိုင်းက အထွေအထူး ပြောနေစရာကို လိုမယ်မထင်ပါဘူး။
Camera
OnePlus 6 မှာ 16MP+20MP Dual-Camera Setup ကို အသုံးပြုထားပါတယ်။ ကင်မရာဆန်ဆာနှစ်ခုစလုံး f/1.7 ဆန်ဆာတွေပဲဖြစ်ပါတယ်။ 16MP Sensor Main Camera မှာ OIS ကော EIS စနစ်ပါ ပါဝင်လို့ ဓာတ်ပုံရိုက်ကူးတဲ့ အခါကော ဗီဒီယိုရိုက်တဲ့အခါမှာပါ တုန်ခါမှုကြောင့် ရုပ်မကြည်တာတွေ၊ ဝါးတာတွေ မတွေ့ရပါဘူး။ Camera Mode အနေနဲ့ Portrait, Pro Mode, Panorama, HDR, HQ စတဲ့ Mode မျိုးစုံနဲ့ စိတ်ကြိုက်ရိုက်ကူးနိုင်ပြီး၊ RAW image format လည်း သိမ်းထားနိုင်ပါတယ်။ ဗီဒီယိုပိုင်းမှာတော့ 4K ရုပ်ထွက်ဗီဒီယိုကို 60 fps ထိ ရိုက်ကူးနိုင်ပါတယ်။
ဒါ့အပြင် Super Slow Motion ဗီဒီယိုတွေကို 1080p မှာ 240 fps, 720p မှာ 480 fps တို့နဲ့ ရိုက်ကူးနိုင်ပါတယ်။ Front ကင်မရာကတော့ 16 MP, f/2.0 ကင်မရာဖြစ်ပြီး၊ Front ကင်မရာမှာလည်း Portrait Mode တွေ ပါဝင်ပါတယ်။ OnePlus 6 ရဲ့ ကင်မရာအရည်အသွေးကတော့ ဒီဈေးဝန်းကျင်ဖုန်းတွေထဲမှာ အကောင်းဆုံးလို့ ဆိုနိုင်ပြီး၊ အလင်းကောင်းကောင်း ရတဲ့အချိန်မှာ Portrait ကော တခြား Mode တွေပါ အလန်းစားပုံတွေ ရိုက်ကူးနိုင်ပါတယ်။
ဒါပေမယ့် OnePlus ဖုန်းတော်တော်များများရဲ့ အားနည်းချက်တစ်ခုဖြစ်တဲ့ ညဘက်ပိုင်း အလင်းကောင်းကောင်းမရတဲ့ Low-light Photography အပိုင်းမှာ နည်းနည်းလေး အားနည်းနေပါသေးတယ်။ ဒါပေမယ့် ကြည့်ကောင်းတဲ့အဆင့်တော့ ရှိပါသေးတယ်။ ဒါပေမယ့် Video Quality ကတော့ လုံးဝစိတ်ကျေနပ်စရာပါ။
ဘက်ထရီ
OnePlus 6 မှာ Li-Po 3,300 mAh ဘက်ထရီကို တပ်ဆင်ပေးထားပြီး၊ Type C ကနေတဆင့် Dash Charge အားအမြန် သွင်းနည်းပညာကို အသုံးပြုနိုင်ပါတယ်။ Dash Charging ကလည်း လက်ရှိမှာ အမြန်ဆုံး Fast Charging စနစ်တခုဖြစ်ပြီး၊ နာရီဝက်အတွင်း 0% ကနေ 60% လောက်ကို အမြန်သွင်းပေးနိုင်ပါတယ်။
နိဂုံးချုပ်
OnePlus 6 မှာ စာရေးသူ အကြိုက်ဆုံးကတော့ Glass Back Panel ဖြစ်သွားတာပါ။ OnePlus 5 ဖုန်းမှာ စိတ်အညစ်ရဆုံး အချက်တခုက Anodized Aluminum ဘော်ဒီက သိပ်မကြာသေးဘဲ အစင်းရာ၊ အခြစ်ရာ ထင်လွယ်တာပါ။ နည်းနည်းလည်း မွဲခြောက်ခြောက်နိုင်တယ် ခံစားရပါတယ်။ ဒါပေမယ့် အခု OnePlus 6 ကတော့ Glass Body ဖြစ်သွားတော့ တော်တော်မိုက်သွားပါတယ်။
OnePlus 6 ဖုန်းကို နိဂုံးချုပ်ဆိုရမယ်ဆိုရင်တော့ ပေးရတဲ့ ၅၃၉ ဒေါ်လာဈေးနဲ့ ပြန်ရတဲ့ Performance အပိုင်းမှာ လုံးဝတန်တဲ့ ဖုန်းတလုံးပါ။ တန်ဖိုးကြီးဖုန်းတွေရဲ့ မရှိမဖြစ် Features တွေဖြစ်တဲ့ Bluetooth 5.0, NFC, Fast Charging စနစ်တွေ အကုန်ပါဝင်ပြီး၊ ရေစိုလည်း ခံပါတယ်။ (ရေစိမ်တော့ မခံဘဲ IP Rating လည်း မဖော်ပြထားတာကို သတိပြုပါ။)
အပြစ်ပြောရမယ်ဆိုရင် ကြိုးမဲ့အားသွင်းစနစ် မပါသေးတာဘဲ အပြစ်ပြောစရာရှိပေမယ့်၊ ကြိုးမဲ့အားသွင်းစနစ်ကလည်း သိပ်မတွင်ကျယ်၊ မထိရောက်သေးတဲ့အတွက် အရေးတော့မကြီးဘူးလို့ ထင်ပါတယ်။ စာဖတ်သူအနေနဲ့ ဒေါ်လာ ၅၀၀ ဝန်းကျင်ထဲမှာ အကောင်းဆုံး Hardware တွေနဲ့ Android စမတ်ဖုန်းတစ်လုံး ရှာနေတယ်ဆိုရင်တော့ OnePlus 6 က ရွေးချယ်ဖို့ စဉ်းစားသင့်တဲ့ ဖုန်းတလုံးဖြစ်ကြောင်း ညွန်းဆိုလိုက်ပါတယ်။