Apple ပရိတ်သတ်တွေ စောင့်စားနေတဲ့ နှစ်စဉ်ကျင်းပနေကြ “Apple Worldwide Developers Conference (WWDC) 2018” ပွဲကြီးကို အမေရိကန် ပြည်ထောင်စု၊ ကယ်လ်ဖိုးနီးယားပြည်နယ်၊ San Jose မြို့မှာ ယနေ့၊ ဇွန်လ ၄ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲကျရင် ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။
Apple အနေနဲ့ ဒီပွဲမှာ ပစ္စည်း Hardware အသစ်တွေအစား၊ Software ပိုင်း အသစ်အသစ်တွေကို မိတ်ဆက်သွားဖို့ ရှိတယ်လို့ အားလုံးက ခန့်မှန်းထားကြပါတယ်။ ထူးခြားတာတခုက Apple အနေနဲ့ သူ့ Customers တွေရဲ့ iPhone အလွန်အကျွံ အသုံးပြုမှု အလေ့အကျင့်ကို ကုသပေးမယ့် Software တခုကိုပါ မိတ်ဆက်ပေးသွားဖို့ ရှိတယ်လို့ သတင်းထွက်နေတာပါ။
Apple အနေနဲ့ WWDC 2018 ပွဲမှာ ဘာတွေ မိတ်ဆက်သွားဖို့ ရှိလဲဆိုတာ လေ့လာကြည့်ရအောင်
(၁) Digital Health
Digital Health ဆိုတာကတော့ Apple Engineers တွေ နေ့မအား၊ ညမအား ကြိုးစားအကောင်အထည် ဖော်နေတဲ့ Software Tools တခု ဖြစ်ပါတယ်။ User တယောက်ဟာ ဒီ Tools တွေကနေ Apple Devices တွေနဲ့ တချို့ Apps တွေမှာ သူတို့ အချိန်တွေ ဘယ်လောက်ကုန်ပြီးပြီလဲ ဆိုတာကို စောင့်ကြည့်စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။
ဒီအချက်အလက်တွေကို နောက်အသစ်ထွက်မယ့် iOS 12 ရဲ့ Settings App ထဲက Menu မှာ ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့ Apple နဲ့ ရင်းနှီးသူတချိုရဲ့ အဆိုအရ သိရှိထားရပါတယ်။ Digital Health ရဲ့ လုပ်ဆောင်ချက် အသေးစိတ်ကိုတော့ WWDC 2018 ပွဲကျမှ အတိအကျသိရှိရမှာဖြစ်ပါတယ်။
(၂) iOS Software နဲ့ Augmented Reality
WWDC 2018 မှာ အားလုံးမျှော်လင့်နေတာကတော့ iPhones, iPads တွေအတွက် Operating System အသစ်ဖြစ်တဲ့ iOS 12 ပါ။
iOS 11 မှာ အဓိက Feature အနေနဲ့ ထည့်ပေးခဲ့တဲ့ Augmented Reality နည်းပညာဟာ အခုအသစ်မိတ်ဆက်မယ့် iOS 12 မှာ ပိုကောင်းလာဖို့ ရှိပါတယ်။ Apple အနေနဲ့ Developers တွေအတွက် ARKit 2.0 ကို ထုတ်ပေးသွားဖို့ ရှိပြီး၊ User အချင်းချင်း Virtual Environment (ကွန်ပျူတာ ဖန်တီးထားသော ဒီဂျစ်တယ်မြင်ကွင်း) တခုထဲမှာ AR ဂိမ်းတွေကို တယောက်နဲ့ တယောက် ယှဉ်ပြိုင် ဆော့ကစားလာနိုင်ဖို့ ရှိပါတယ်။ ဒီနည်းပညာတွေဟာ ၂၀၂၀ ခုနှစ်မှာ Apple က မိတ်ဆက်ပေးဖို့ရှိတဲ့ Apple AR Headset အတွက် ရှေ့ပြေး နည်းပညာတွေလည်း ဖြစ်လာနိုင်ပါတယ်။
တခြား ပြောင်းလဲမှုများ
တခြား ပြောင်းလဲမှုတွေ၊ Features အသစ်တွေအနေနဲ့ Snoozing Notifications နဲ့ ပတ်သတ်ပြီး Features အသစ်တွေ၊ စတော့ဈေးကွက်ကို အမြဲစောင့်ကြည့်နိုင်တဲ့ Tracking Mode တွေ၊ Video Calls နဲ့ ပတ်သတ်ပြီး Features အသစ်တွေ၊ iPhone X မှာ စပါဝင်လာတဲ့ Animoji တွေကို ပိုမို အသုံးချနိုင်စွမ်းတွေ ပါဝင်လာဖို့ ရှိပါတယ်။
Home Screen ကို ဒီဇိုင်းပြောင်းပြီး၊ Information Snippets ပြတာတွေ၊ Photos App ထဲမှာ Artificial Intelligence နည်းပညာထပ်ထည့်ဖို့ ရှိတာတွေနဲ့ iPads အတွက် File Management Tools အသစ်တွေကိုတော့ နောက်နှစ်ကျမှ ထုတ်ပေးဖို့ Apple အမှုဆောင်အရာရှိတွေက ဆုံးဖြတ်ခဲ့တာကြောင့် တချို့ အမိုက်စား Features တွေကိုတော့ ဒီပွဲမှာ တွေ့ရဖို့ မရှိသေးပါဘူး။
Mac အတွက် Software
Apple ရဲ့ နောက်ထပ်ငွေဝင်ပေါက်တစ်ခုဖြစ်တဲ့ Mac အတွက်လည်း Software ပိုင်းဆိုင်ရာအသစ်တွေကို ထပ်ထည့် ပေးသွားဖို့ ရှိပါတယ်။ သတင်းထွက်နေတဲ့ စိတ်ဝင်စားစရာ Feature တခုကတော့ iOS Apps တွေကို Mac မှာလည်း အသုံးပြုနိုင်အောင် လုပ်မယ့် အစီအစဉ်ပါ။ Chrome OS မှာ Android Apps တွေ Run နိုင်အောင် လုပ်ပေးတဲ့ Google ရဲ့ အစီအစဉ် ပုံစံမျိုးလို့ ယူဆရပါတယ်။
(၃) Hardware Products
Software ပိုင်းနည်းတူ Hardware ပိုင်းမှာလည်း အသစ်တွေ မိတ်ဆက်ဖို့ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် WWDC ပွဲဟာ အလန်းစား iMac Pro ကြီးအပြင် Mac Line တခုလုံးကို Upgrade လုပ်ပေးခဲ့တာကို မှတ်မိကြမှာပါ။ ဒီနှစ်မှာတော့ မနှစ်ကလောက် အသစ်အဆန်းတွေ မြင်ရဖို့ သိပ်မရှိပေမယ့် Apple ဟာ MacBook Pro နဲ့ 12-inch MacBook တို့ကို Intel Chips အသစ်တွေနဲ့ Refresh (ပြန်ထုတ်ပေး)ဖို့ ရှိတယ်လို့ သိထားရပါတယ်။
ဒါ့အပြင် မော်ဒယ်အသစ် မထွက်တော့တဲ့ MacBook Air နေရာကို အစားထိုးပေးမယ့် နည်းနည်း တန်ဖိုးသက်သာတဲ့ MacBook မော်ဒယ်သစ် တမျိုးကိုလည်း မိတ်ဆက်နိုင်ပါတယ်။ ဒီသတင်းသာ အမှန်ဆိုရင်တော့ Windows OS သုံးရတာ ငြီးငွေ့လာတဲ့သူတွေအတွက် ဆွဲဆောင်မှုတခုဖြစ်လာနိုင်ပါတယ်။ တချို့ကလည်း ဒီ MacBook အသစ်ကို ဒီနှစ်ကုန်ခါနီး လောက်မှ တွေ့ရဖို့ ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။
(၄) Watch & TV
Apple ဟာ သူတို့ စမတ်နာရီနဲ့ တီဗီတွေအတွက် watchOS နဲ့ tvOS ဆိုပြီး သပ်သပ် ထုတ်ပေးထားပေမယ့်၊ ဒီ OS တွေ အပေါ် Developers တွေရဲ့ အာရုံစိုက်မှုက လျော့ကျလာတာကို သတိထားမိပါတယ်။ နာမည်ကြီး ကုမ္ပဏီတွေဖြစ်တဲ့ “Instagram, Google Maps, Twitter, Amazon နဲ့ eBay” တို့တောင် သူတို့ရဲ့ watchOS အတွက် Apps တွေကို ရုပ်သိမ်းလိုက်ပြီဖြစ်တာကြောင့် Apple ဘက်က watchOS ကို ပြန်အားထည့်မှ ရပါတော့မယ်။
ဒီအတွက်ကြောင့် Apple ဟာ အရင် Apple Watches တွေထက် ပိုကြီးတဲ့ Edge-to-edge Screens တွေပါတဲ့ Apple Watch အသစ်တွေကို ယခုပွဲမှာ မိတ်ဆက်သွားနိုင်ကြောင်း ဒီပရောဂျက်နဲ့ ရင်းနှီးသူတဦးက ထုတ်ပြောထားပါတယ်။ Apple ဟာ ကိုယ်ပိုင်အင်တာနက်ရုပ်သံလိုင်းတစ်ခုကိုလည်း လုပ်ဖို့ ကြိုးစားနေတာကြောင့် ရုပ်သံလိုင်းအတွက် အဓိက Product ဖြစ်တဲ့ tvOS ကိုလည်း အဆင့်မြှင့်တင်ပေးဖို့ ရှိပါတယ်။
(၅) HomePod & Siri
Apple ဟာ ရှေ့တပတ်လောက်က HomePod စပီကာမှာ အခန်းတိုင်းက HomePod စပီကာတွေနဲ့ ချိတ်ဆက် နားဆင်နိုင်မယ့် Multi-room Music Listening Mode ကို ထည့်ပေးခဲ့ပါတယ်။ ပြီးတော့ HomePod ကနေ Calendar Appointment တွေ လုပ်နိုင်မယ့် စွမ်းဆောင်ရည်ကိုလည်း အသစ်ထည့်ပေးခဲ့ပါတယ်။ အခုပွဲမှာလည်း HomePod မော်ဒယ်အသစ်အစား HomePod ရဲ့ Software ပိုင်းကို ပိုမိုမြှင့်တင်ပေးသွားဖို့ ရှိပါတယ်။
Ref: Gadgets 360