ကမ္ဘာကျော်နည်းပညာ ကုမ္ပဏီကြီး တခုဖြစ်တဲ့ Google ဟာ စမတ်ဖုန်းတွေ၊ စမတ်စပီကာတွေ၊ မောင်းသူမဲ့ကားတွေ၊ ဆော့ဖ်ဝဲတွေတင်မကဘဲ လူခေါ်ခေါင်းလောင်းတွေကိုပါ ထုတ်လုပ်ရောင်းချနေပြီ ဖြစ်ပါတယ်။
ဥရောပမှာ ၂၇၉ ယူရိုဈေးနဲ့ စတင်ရောင်းချနေပြီဖြစ်တဲ့ Google ရဲ့ Nest Hello အမည်ရ လူခေါ်ခေါင်းလောင်းတွေဟာ Facial Recognition လို့ ခေါ်တဲ့ လူတယောက်ရဲ့ မျက်နှာကို မှတ်သားခွဲခြားနိုင်တဲ့ နည်းပညာပါရှိတဲ့ အဆင့်မြင့် လူခေါ် ခေါင်းလောင်းတွေ ဖြစ်ပါတယ်။ အိမ်ကိုလာတဲ့ ဧည့်သည့်ရဲ့ မျက်နှာကို ဖတ်သားကာ ဘယ်သူဘယ်ဝါဆိုတာ ချက်ချင်း သိရှိနိုင်ပြီး၊ အိမ်ရှင်ကို အသံနဲ့ဖြစ်စေ Message နဲ့ ဖြစ်စေ လှမ်းအကြောင်းကြားနိုင်ပါတယ်။
အကယ်လို့ ကိုယ်က အိမ်မှာ မရှိနေတဲ့ အခါမျိုးမှာလည်း စမတ်ဖုန်းမှာပါတဲ့ မိုက်ခရိုဖုန်းကို အသုံးချပြီး Nest Hello လူခေါ် ခေါင်းလောင်းကနေ ဧည့်သည်ကို လှမ်းစကားပြောနိုင်ပါသေးတယ်။ ဒါ့အပြင် ဗီဒီယို ကင်မရာတခုလည်း ပါရှိတာကြောင့် လုံခြုံရေး ကင်မရာတခုအနေနဲ့လည်း အသုံးချနိုင်ပြီး၊ မျက်နှာသိ မဟုတ်တဲ့ လူစိမ်းတွေ အိမ်နားရောက်လာရင်လည်း အလိုအလျောက် အကြောင်းကြားပေးနိုင်တဲ့ အလန်းစား လူခေါ်ခေါင်းလောင်း တခုပါ။
Wi-Fi နဲ့ ချိတ်ဆက် အသုံးပြုရတဲ့ Nest Hello မှာ HDR ရိုက်ကူးနိုင်တဲ့ ညကြည့်စနစ်ပါ မြင်ကွင်းကျယ် HD Camera တခု၊ စပီကာတခု၊ ဆူညံနေတဲ့ အချိန်မျိုးမှာတောင် ဧည့်သည့်ဘက်က ပြန်ပြောတဲ့စကားသံကို ပီပီသသ ကြားရဖို့အတွက် အသံဆူညံမှု ဖယ်ရှားစနစ်ပါ မိုက်ခရိုဖုန်း တခုတို့ ပါရှိပါတယ်။
ဧည့်သည် ဘယ်သူဘယ်ဝါဆိုတာ သိရှိဖို့ အတွက်တော့ Nest Hello ခေါင်းလောင်းမှာ ဧည့်သည့်မျက်နှာနဲ့ နာမည်ကို အရင်ဆုံး Register လုပ်ထားရမှာဖြစ်ပြီး၊ နောက်တခါ အိမ်အလည်လာတာနဲ့ ခေါင်းလောင်းက အလိုလို မှတ်မိကာ အိမ်ရှင်ဖြစ်သူထံကို နာမည်နဲ့တကွ အကြောင်းကြားပေးနိုင်မှာ ဖြစ်ပါတယ်။
Facial Recognition နည်းပညာကို အသုံးပြုနိုင်ဖို့အတွက်ကတော့ Nest Hello ခေါင်းလောင်း ဝယ်ရုံနဲ့ မရဘဲ၊ Nest Aware လို့ခေါ်တဲ့ ဝန်ဆောင်မှုကိုပါ တလ ယူရို ၅ ဒေါ်လာနဲ့ စာရင်းသွင်းထားဖို့ လိုအပ်ပါတယ်။ Nest Aware ဝယ်ထားတဲ့ သူတွေအနေနဲ့ ၂၄ နာရီလုံး ဗီဒီယိုရိုက်ကူး မှတ်တမ်းတင်ထားနိုင်ခွင့်ပါ ရရှိမှာပါ။ မဝယ်ထားဘူးဆိုရင်တော့ Nest Hello က အပြင်ဘက် လှုပ်ရှားမှုတခုခုကို အာရုံခံမိမှ အလိုအလျောက် ဗီဒီယိုရိုက်ပေးမှာ ဖြစ်ပါတယ်။
Nest Hello ရဲ့ နောက်ဆုံးလုပ်ဆောင်နိုင်စွမ်းကတော့ သာမန်လူခေါ်ခေါင်းလောင်းတွေလိုပဲ ခေါင်းလောင်းသံ မြည်ပေး နိုင်တာပါ။ ဒါကိုမှ ထပ်ပြီးထူးခြားချင်တယ်ဆိုရင် ကိုယ်ပြောချင်တဲ့စကားတခုခုကို အသံသွင်းထားပြီး၊ ခေါင်းလောင်းကို ပရိုဂရမ်ပေးထားလို့ လည်း ရပါတယ်။
နောက်ထပ်ကောင်းမွန်တဲ့လုပ်ဆောင်ချက်တခုကတော့ ဖုန်းထဲမှာရှိတဲ့ Nest Application ကနေ လွန်ခဲ့တဲ့ ၃ နာရီအတွင်း ထူးခြားတဲ့ ဗီဒီယိုမှတ်တမ်း တင်ထားမှုတွေကို အလွယ်တကူ ပြန်ကြည့်ရှုနိုင်တဲ့ Sightline လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ထူးခြားတဲ့ မှတ်တမ်းထဲမှာ ခွေးဟောင်သံလိုမျိုး ကြားနေကျ မဟုတ်တဲ့ အသံ ကြားရတဲ့ အချိန်မျိုး၊ မူမမှန်တဲ့ လှုပ်ရှားမှုတွေ တွေ့ရတာမျိုး စတာတွေကို လူကိုယ်တိုင်ပြန်ရှာကြည့်နေစရာမလိုဘဲ App မှာ ချက်ချင်းကြည့်နိုင်မှာ ဖြစ်ပါတယ်။
Nest Hello ကို အခုဝယ်ယူထားနိုင်ပြီဖြစ်ပေမယ့် အော်ဒါမှာထားလို့ပဲ ရသေးပြီး၊ ဇွန်လလယ်လောက်ရောက်မှ ဥရောပမှ စဖြန့်ပေးမှာ ဖြစ်ပါတယ်။ US မှာတော့ ပြီးခဲ့တဲ့ မတ်လထဲက အမေရိကန်ဒေါ်လာ ၂၂၉ ဒေါ်လာနဲ့ ဝယ်ယူရရှိနိုင်နေပါပြီ။
Ref: DailyMail