လူထူထပ်တဲ့ ပွဲတော်တွေ၊ လူသူအရောက်ပေါက် နည်းတဲ့ ခရီးလမ်းတွေ သွားလာတဲ့အခါ အဓိက ပြဿနာတခုက လူစု ကွဲသွားတတ်တာပါ။ နည်းပညာ တိုးတက်လာတဲ့ခေတ်မှာ လူစုကွဲသွားရင် တယောက်နဲ့ တယောက် အင်တာနက် Connection (ကွန်နက်ရှင်) ၊ ဆယ်လူလာ ကွန်နက်ရှင်တွေသုံးပြီး လူပြန်ရှာနိုင်ပေမယ့် အဆိုပါ ကွန်နက်ရှင်တွေ တခုမှ မရှိတဲ့ နေရာမျိုး၊ အချိန်မျိုးမှာဆိုရင်တော့ အခက်အခဲ တွေ့တတ်ပါတယ်။
Indiegogo Campaign ကနေ စတင် Pre-Order မှာယူလို့ ရနေပြီဖြစ်တဲ့ “Lynq” စက်လေးကတော့ အင်တာနက် ကွန်နက်ရှင်တွေ၊ မြေပုံတွေ၊ App တွေ ဘာတခုမှ သုံးစရာမလိုဘဲ တည်နေရာ ပြန်ရှာပေးနိုင်တဲ့ စက်လေး ဖြစ်ပါတယ်။
လက်ဖဝါး အရွယ်ခန့်သာ ရှိတဲ့ Lynq စက်လေးဟာ အသုံးပြုရတာ အလွန်ရိုးရှင်း လွယ်ကူပြီး၊ ကလေးငယ်တွေတောင် အခက်အခဲမရှိ အသုံးပြုနိုင်မယ့် စက်လေးဖြစ်ပါတယ်။ နှိပ်စရာ ခလုတ်တခုသာ ပါရှိပြီး၊ ဒီ Gadget လေးရဲ့ အဓိက လုပ်ဆောင်ချက်က ကိုယ့်အဖွဲ့ထဲက လူတွေရဲ့ တည်နေရာနဲ့ အကွာအဝေးကို စက်ဝိုင်းပုံ Screen လေးမှာ ဖော်ပြပေးနိုင်တာ ဖြစ်ပါတယ်။
ပါဝါသုံးစွဲမှုနည်းတဲ့ Long-range Frequency ထုတ်ပေးတဲ့ ကိုယ်ပိုင်အင်တာနာ စနစ်နဲ့ GPS စနစ်တို့ကို ပေါင်းစပ် အသုံးပြုထားတာကြောင့် ဖုန်းတွေ၊ Wi-Fi တွေ၊ အင်တာနက် ကွန်နက်ရှင်တွေ လုံးဝ မလိုဘဲ တောကြီး မျက်မည်း ထဲမှာတောင် အဆင်ပြေပြေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီသက်တမ်းက ၃ ရက်တိတိ ခံတာကြောင့် ရက်ရှည်ခရီး ထွက်တဲ့လူတွေအတွက်လည်း အဆင်ပြေမှာပါ။
Lynq စက်ပေါင်း ၁၂ ခုအထိ အတူတကွ ချိတ်ဆက် အသုံးပြုနိုင်ပြီး၊ စက်တခုချင်းစီကိုလည်း နာမည်တခုစီ ပေးထား နိုင်ပါတယ်။ ကိုယ်ရှာချင်တဲ့ လူနာမည်ကို ခလုတ်နှိပ် ပြောင်းလိုက်တာနဲ့ Screen က ဘယ်လောက် အကွာအဝေး၊ ဘယ်တည်နေရာ ဘက်မှာ ရှိနေတယ်ဆိုတာကို ပြောပြနိုင်တာကြောင့် စက်ကိုကြည့်ပြီး လိုက်သွားရုံပါပဲ။
အကွာအဝေး ၃ မိုင်အထိ ချိတ်ဆက် အသုံးပြုနိင်သလို၊ “Safe Zone” အဖြစ် အကွာအဝေးတခု သတ်မှတ်ထားကာ အဆိုပါ အကွာအဝေးကနေ တယောက ်ကျော်လွန်သွားတာနဲ့ တုန်ခါသတိပေး စနစ်တွေလည်း ပါဝင်တာကြောင့် မိသားစုလိုက် ခရီးကြမ်းထွက်တဲ့ လူတွေအတွက် အသုံးဝင်မယ့် စက်တခု ဖြစ်ပါတယ်။
“Lynq” ကို ခရီးကြမ်းထွက်တာမျိုး၊ နှင်းလျောစီးတာမျိုးလို နေရာမျိုးမှာ အသုံးပြုနိုင်ရုံတင် မကဘဲ၊ လူထူထပ်တဲ့ ပွဲတော်လို နေရာမျိုးတွေမှာလည်း တယောက်နဲ့ တယောက် မပျောက်သွားရအောင် အသုံးပြုနိုင်ပါတယ်။
Lynq စက်လေးတခုကို အမေရိကန် ဒေါ်လာ ၈၉ ဒေါ်လာနဲ့ မှာယူ ဝယ်နိုင်ပြီး၊ မိသားစု တခုစာ ၃ ခုဆိုရင် ၂၅၅ ဒေါ်လာနဲ့ ဝယ်ယူနိုင်တာကြောင့် ဈေးကတော့ မဆိုးဘူးလို့ ပြောလို့ ရပါတယ်။
Ref: The Verge, Indiegogo