နာမည်ကျော် သတင်းစာ တစောင်ဖြစ်တဲ့ The New York Times က ထောက်လှမ်းခဲ့တဲ့ အစီရင်ခံစာ တစောင်အရ Facebook ဟာ ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်း စမတ်ဖုန်းနဲ့ တက်ဘလက် ထုတ်လုပ်သူ ကုမ္ပဏီပေါင်းများစွာနဲ့ ဒေတာ မျှဝေရေး သဘောတူညီမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါကုမ္ပဏီတွေထဲမှာ Apple, Amazon, Microsoft နဲ့ Samsung တို့လို နာမည်ကြီး နည်းပညာ ကုမ္ပဏီကြီးတွေပါ ပါဝင်ပြီး ကုမ္ပဏီပေါင်း ၆၀ လောက်နဲ့ အထက်ပါ သဘောတူညီမှုတွေ ရယူခဲ့တယ်လို့ The New York Times က အခိုင်အမာ ဆိုထားပါတယ်။
Facebook ဟာ တိတိကျကျ ရှင်းလင်းခြင်း မပြုဘဲနဲ့ အသုံးပြုသူတွေရဲ့ Personal Data (ပုဂ္ဂိုလ်ရေး အချက်အလက်) တွေကို ဖုန်းထုတ်လုပ်သူတွေထံ ပေးပို့ခဲ့တာဖြစ်ပြီး၊ အဆိုပါ အချက်အလက်တွေထဲမှာ အသုံးပြုသူ တယောက်ရဲ့ Relationship Status၊ နိုင်ငံရေး ယိမ်းမှု၊ ပညာရေး နောက်ခံ၊ ကိုးကွယ်တဲ့ ဘာသာတရား နဲ့ ရှေ့လာမယ့် Events စတဲ့ အချက်အလက်တွေ ပါဝင်တယ်လို့ သိရပါတယ်။
The New York Times ရဲ့ အစီရင်ခံ ဆောင်းပါးဟာ အခုတလော ဒေတာလုံခြုံရေးဆိုင်ရာ ကိစ္စတွေနဲ့ တရားရင်ဆိုင် နေရတဲ့ Facebook အတွက်တော့ နောက်ထပ်ကြီးမားတဲ့ ထိုးနှက်ချက်တခုဆိုတာ အသေအချာပါပဲ။ The New York Times ရဲ့ အစီရင်ခံစာနဲ့ ပတ်သတ်ပြီး Facebook ကတော့ Blog Post တခုနဲ့ အောက်ပါအတိုင်း ရှင်းလင်းထားတာ တွေ့ရပါတယ်။
“ဒီလက်တွဲဖက် ကုမ္ပဏီတွေဟာ Facebook အသုံးပြုသူရဲ့ သတင်းအချက်အလက်တွေကို သူတို့ဖုန်းတွေမှာ Facebook အသုံးပြုမှု ပုံစံတခု ပြန်ရအောင် လုပ်ဖို့ကလွဲရင် တခြားမည်သည့် နေရာမှာမှ မသုံးပါဘူးဆိုတဲ့ ခံဝန်ကတိတွေ ထိုးထား ရပါတယ်။ ဖုန်းထုတ်သူတွေအနေနဲ့ အသုံးပြုသူ ခွင့်ပြုချက် မရဘဲ Facebook Features တွေကို သူတို့ဖုန်း (သို့မဟုတ်) တက်ဘလက်မှာ တခါတည်း တန်းသုံးလို့ရအောင် လုပ်လို့မရပါဘူး”
အခုလို Application Stores တွေ တွင်တွင်ကျယ်ကျယ် မရှိသေးတဲ့ Facebook ခေတ်ဦးမှာ ဖုန်းမော်ဒယ်တိုင်းနဲ့ များပြားလွန်းတဲ့ Operating Systems တိုင်းအတွက် အဆင်ပြေပြေ သုံးနိုင်တဲ့ App Version တခုကို ဖန်တီးဖို့ဆိုတာ လွန်စွာ ခက်ခဲခဲ့ကြောင်းနဲ့၊ Facebook အပါအဝင် Google, Twitter နဲ့ YouTube လို ကုမ္ပဏီကြီးတွေဟာ သူတို့ App တွေကို လူတိုင်းသုံးနိုင်ဖို့အတွက် Operating System တခုချင်းစီ၊ ဖုန်းထုတ်သူ ကုမ္ပဏီတခုချင်းစီနဲ့ တိုက်ရိုက် ပူးပေါင်း လုပ်ဆောင်ခဲ့ရကြောင်း ပြန်လည်ဖြေရှင်းထားပါတယ်။
Ref: CNBC, Facebook Newsroom