Google ပူးတွဲ တည်ထောင်ခဲ့သူ တဦးဖြစ်တဲ့ Larry Page ရဲ့ “Flyer” မိုးပျံကားကတော့ အမှန်တကယ် ထွက်ရှိလာပါပြီ။ Flyer မိုးပျံကားကို Larry Page ကိုယ်တိုင် ငွေကြေးစိုက်ထုတ် ပေးထားတဲ့ Kitty Hawk ကုမ္ပဏီက ထုတ်လုပ်ထားတာ ဖြစ်ပြီး၊ တယောက်ပဲ စီးနင်းနိုင်တဲ့ လျှပ်စစ်မိုးပျံကား ဖြစ်ပါတယ်။
Flyer မိုးပျံကား မော်ဒယ်သစ်ကို Kitty Hawk ကုမ္ပဏီကနေ CNN သတင်းထောက်တဦးကို ဖိတ်ကြားကာ စမ်းသပ် မောင်းနှင်ခွင့် ပေးရင်း မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ အဆိုပါ မိုးပျံကားကို စိတ်ဝင်စားသူတွေ အနေနဲ့ အမေရိကန် ဒေါ်လာ ၁၀၀ စရန်ပေးကာ Pre-Order မှာယူနိုင်ပြီ ဖြစ်ပြီး၊ အမှန်တကယ် ရောင်းချမယ့် ရက်နဲ့ ဈေးနှုန်းကိုတော့ မကြေညာရသေးပါဘူး။
Pre-Order မှာထားတဲ့ သူတွေအနေနနဲ့ Flyer ကို တကယ်ရောင်းချတဲ့အခါ အမေရိကန် ဒေါ်လာ ၁၀၀၀ အထိ လျော့ဈေး ရသွားမှာ ဖြစ်သလို၊ ယာဉ်စမ်းသပ်မှု အဆင့်တွေမှာလည်း ကိုယ်တိုင်လာရောက် စမ်းသပ် မောင်းနှင်ခွင့် ရမှာ ဖြစ်ပါတယ်။
Kitty Hawk ကုမ္ပဏီရဲ့ ပြောကြားချက်အရ Flyer မိုးပျံကား မောင်းနှင်နိုင်ဖို့အတွက် အလွန်လွယ်ကူပြီး၊ သင်ကြားချိန် ၁ နာရီခန့်သာ လိုအပ်တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ ၅ မိနစ်လောက် သင်ကြားပေးလိုက်ရုံနဲ့ ကျွမ်းကျွမ်းကျင်ကျင် မောင်းနှင်တတ်သွားအောင် ကြိုးစားလုပ်ဆောင်နေတယ်လို့ Kitty Hawk ကုမ္ပဏီရဲ့ CEO Sebastian Thrun က ပြောကြားခဲ့ပါတယ်။
Flyer ကို စမ်းသပ် မောင်းနှင်ခဲ့သူ CNN သတင်းထောက် Rachel Crane ရဲ့ ပြန်လည် ပြောပြချက်အရ Flyer ကို Atari ဂိမ်းစက်က Joystick လိုမျိုး လက်ကိုင် ခလုတ် တခုတည်းနဲ့ ထိန်းချုပ် မောင်းနှင်ရတာ ဖြစ်ပြီး၊ Joystick နဲ့ ရင်းနှီးပြီးသား လူတွေအနေနဲ့ အလိုလို မောင်းတတ်သွားလောက်အောင် လွယ်လွန်းတယ်လို့ သိရပါတယ်။ ကသိကအောက် ဖြစ်ရတဲ့ တချက်ကတော့ ထိုင်ခုံကနေ တုန်ခါမှုကို သိသိသာသာ ခံစားနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
မိုးပျံကား “Flyer” ဟာ လေယာဉ်နဲ့ ဒရုန်းတို့ကို ပေါင်းစပ်ထားတဲ့ ဒီဇိုင်း ပုံစံမျိုးရှိပြီး၊ ပန်ကာ ၁၀ လုံးနဲ့ ပျံသန်းမှာ ဖြစ်ပါတယ်။ လောလောဆယ် စမ်းသပ်ဆဲ အဆင့်မှာတော့ အန္တရာယ် ကင်းစေဖို့အတွက် ရေပြင်ပေါ်မှာပဲ ပျံသန်း စမ်းသပ်နေပြီး၊ ရေပြင်ထက် အမြင့်ပေ ၃ ပေကနေ ၁၀ ပေအမြင့်မှာ ပျံသန်းမောင်းနှင်နိုင်ပါတယ်။
လီသီယမ် ပိုလီမာ ဘက်ထရီကို အသုံးပြုထားတာကြောင့် အားအပြည့် တခါသွင်းပြီးရင် မိနစ် ၂၀ လောက်ပဲ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ FAA (အမေရိကန်ပြည်ထောင်စု လေကြောင်း ကြီးကြပ်ရေး) ရဲ့ စည်းမျဉ်းစည်းကမ်းတွေက အလေးချိန် ၂၅၄ ပေါင်အောက် လေယာဉ်တွေကို လေယာဉ်မောင်းလိုင်စင် မလိုဘဲ မောင်းနှင်နိုင်တယ်လို့ ဆိုထား တာကြောင့် ၂၅၀ ပေါင်ပဲရှိတဲ့ Flyer ကို လေယာဉ်မောင်း လိုင်စင် မလိုအပ်ဘဲ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။
Flyer ကို ယာဉ်မောင်းက မထိန်းချုပ်ထားဘူး ဆိုရင်တောင် သူ့အလိုလို လေယာဉ်ပေါ်မှာ ပျံဝဲနေမှာဖြစ်တာကြောင့် ဘေးအန္တရာယ် စိုးရိမ်စရာလည်း မရှိနိုင်ပါဘူး။
Kitty Hawk CEO ကတော့ Flyer မိုးပျံကားကို ဒီထက် ပိုမိုကောင်းမွန်အောင် တီထွင်စမ်းသပ်သွားမှာ ဖြစ်ပြီး၊ ၅ နှစ် အတွင်း ကောင်းကင်ပေါ်တက် ပျံသန်းနိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။
Ref: DailyMail, CNN, Flyer, CNBC