တရုတ်နိုင်ငံအခြေစိုက် စမတ်ဖုန်းကုမ္ပဏီ တခုဖြစ်တဲ့ Oppo ဟာ နောက်ထပ်ထုတ်မယ့် စမတ်ဖုန်းမော်ဒယ် အသစ်တွေမှာ Samsung ရဲ့ ‘Edge’ AMOLED Display တွေကို အသုံးပြုသွားဖို့ ရှိတယ်လို့ သိရပါတယ်။
Oppo အနေနဲ့ မကြာမီ ထုတ်တော့မယ့် စမတ်ဖုန်းမော်ဒယ် အသစ်တခုအတွက် ၆ ဒဿမ ၄၂ လက်မ အရွယ် Edge OLED Display တွေကို Samsung ကုမ္ပဏီဆီက မှာယူပြီးဖြစ်တယ်လို့လည်း သိရှိရပါတယ်။ Oppo ကုမ္ပဏီအနေနဲ့ ယခု ဇွန်လ ၂၀ ရက်နေ့မှာ Oppo Find X ဖုန်းကို မိတ်ဆက်ဖို့ ရှိတာကြောင့် အဆိုပါဖုန်းမှာ Samsung ရဲ့ Edge Display တွေကို စတင်မြင်တွေ့ရဖို့ အလားအလာ များနေပါတယ်။
တောင်ကိုရီးယား မီဒီယာတခုဖြစ်တဲ့ The Bell က Oppo ကုမ္ပဏီဟာ Samsung ဆီကနေ ဒေါ်လာ ၁၀၀ တန်ဖိုးရှိတဲ့ OLED flexible Display တွေကို မှာယူထားပြီးဖြစ်ကာ ယခုလကုန်ရောက်ရင် Samsung ဘက်က တင်ပို့ပေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ Display ချည်းပဲ ဒေါ်လာ ၁၀၀ လောက် တန်ဖိုးရှိတာကြောင့် အသစ်ထွက်မယ့် Oppo ဖုန်း အသစ်ဟာ ဈေးတော့နိမ့်မှာ မဟုတ်ပါဘူး။
လတ်တလော သိရှိထားတဲ့ သတင်းတွေအရ ဇွန်လအတွင်း ထွက်ရှိမယ့် Oppo ရဲ့ Find X စမတ်ဖုန်းဟာ အကောင်းစား Hardware တွေချည်း သုံးထားတဲ့ စမတ်ဖုန်းတလုံး ဖြစ်လာဖို့ ရှိနေပါတယ်။ ထူးခြားချက်အနေနဲ့ ၅ ဆ Optical Zoom ဆွဲနိုင်တဲ့ ကင်မရာ၊ လက်ရှိအမြင့်ဆုံးဖြစ်တဲ့ Snapdragon 845 Processor နဲ့ 8GB RAM တို့ ပါရှိလာမှာပါ။ ဒီလိုအမြင့်ဆုံး Hardwares တွေနဲ့ Samsung ရဲ့ AMOLED Edge Display ကိုသာ တွဲသုံးလိုက်မယ်ဆိုရင် အတိုင်းထက် အလွန်ပါပဲ။
Samsung ဟာ လက်ရှိမှာ အကြီးဆုံး OLED Panels ထုတ်လုပ်သူ ကုမ္ပဏီအဖြစ် ရပ်တည်လျက် ရှိပါတယ်။ iPhone X ရဲ့ OLED Display ကအစ OnePlus ဖုန်းတွေရဲ့ OLED Display တွေကအစ Samsung က ထုတ်ပေးထားတဲ့ Display တွေချည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပြိုင်ဘက် ကုမ္ပဏီတခုဖြစ်တဲ့ LG ကလည်း OLED Display ဘက်မှာ ရင်းနှီးမြှပ်နှံမှုတွေ ပိုမိုလုပ်ထားပြီး၊ မကြာမီအချိန်အတွင်း အမြောက်အများ ထုတ်လုပ်သွားဖို့ ရှိနေပါတယ်။
Ref: Gadgets 360