Facebook ဟာ အသုံးပြုသူပေါင်း ၁၄ သန်းရဲ့ ပို့စ်အသစ်တွေကို Default Settings ကနေ Public ကို အလိုအလျောက် ပြောင်းလဲပစ်ခဲ့မိကြောင်း ဇွန်လ ၇ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မေလ ၁၈ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တဲ့ အဆိုပါ ဖြစ်ရပ်ဟာ Facebook ကနေ Feature အသစ်တခုကို စမ်းရင်းနဲ့ဖြစ်ပေါ်လာတဲ့ Software Bug တခုကြောင့် ဖြစ်ပါတယ်။
Facebook အသုံးပြုသူ တယောက်ရဲ့ ပို့စ်ဟာ ပုံမှန်အတိုင်းဆိုရင် နောက်ဆုံးရွေးချယ်ထားတဲ့ Privacy Settings ( ဥပမာ – Friend Only, Friend except..) မှာ ရှိနေရမှာဖြစ်ပေမယ့် မေလ ၁၈ ရက်နေ ကနေ မေလ ၂၇ ရက်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ Bug ကြောင့် “Public” ကို အလိုအလျောက် ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။
ပို့စ်တင်ပြီးသွားရင်တော့ “Public” ဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပေမယ့် ဒီအတိုင်း တန်းတင်နေကျ လူတွေအဖို့ သတိထား မိဖို့ခဲယဉ်းပါတယ်။ Facebook ရဲ့ အဆိုအရ အခု Bug သက်ရောက်ခဲ့သူပေါင်း ၁၄ သန်းကျော်ရှိတယ်လို့ သိရတာကြောင့် နည်းတဲ့ ပမာဏတော့ မဟုတ်ပါဘူး။
Facebook ဟာ ယခု Bug ကို မေလ ၂၂ ရက်နေ့မှာ စတင်ပြင်ဆင်ပေးခဲ့ပြီး၊ မေလ ၂၇ ရက်နေ့မှာတော့ အပြီးသတ် ပြင်ဆင်လိုက်နိုင်ပြီလို့သိရပါတယ်။ Public မှားပြောင်းမိခဲ့တဲ့ အသုံးပြုသူပေါင်း ၁၄ သန်းကိုလည်း သတိပေးချက်တွေ ပို့ထားပြီး၊ သူတို့ပို့စ်တွေကို Default Privacy Settings အဖြစ် အလိုအလျောက် ပြောင်းလဲပေးပြီး ဖြစ်တယ်လို့ သိရပါတယ်။
“ဒီနေ့ကစပြီး ယခု Bug ထိခဲ့တဲ့ အသုံးပြုတိုင်းကို အဲဒီအချိန်တွင်းမှာ တင်ထားတဲ့ သူတို့ရဲ့ ပို့စ်တွေကို Review ပြန်လုပ်ဖို့ကျနော်တို့ အသိပေးအကြောင်းကြားနေပါပြီ။ အခုလိုဆိုးရွားတဲ့အမှားအတွက်လည်း အနူးအညွတ် တောင်းပန်အပ်ပါတယ်” လို့ Facebook ရဲ့ Chief Privacy Officer ဖြစ်သူ Erin Egan က ပြောကြားခဲ့ပါတယ်။
အခု Privacy Bug ဟာ မေလ ၂၇ ရက်နေ့မှာတင် ပြီးဆုံးသွားပြီဖြစ်တာကြောင့် ကြောက်စရာတော့ မလိုတော့ပါဘူး။
Ref: CNBC, Wired