Windows 10 Spring 2018 Update ကို တင်ပြီးနောက်မှာ တချို့ အသုံးပြုသူတွေရဲ့ Laptop တွေဟာ အားမဝင်တော့တဲ့ ပြဿနာမျိုးတွေ ကြုံတွေ့နေရပါတယ်။ အားသွင်းကြိုးတပ်ထားပေမယ့် “Pugged in” လို့ပဲ ပြပြီး၊ Charging လို့မပြဘဲ ဘက်ထရီအား မဝင်တော့တဲ့အဖြစ်မျိုးပါ။
တကယ်တမ်းတော့ ဒီပြဿနာဟာ အခု Windows Update မှ မဟုတ်ပါဘူး။ Windows Update တခု တင်ပြီးတာနဲ့ ဖြစ်လေ့ရှိတဲ့ ပြဿနာတခုလို့ ဆိုနိုင်ပါတယ်။ ဒါဆို ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ဖော်ပြပေးသွားပါမယ်။ လုပ်ရတဲ့အဆင့်က လွယ်ကူလွန်းတာကြောင့် ကွန်ပျူတာအသုံးပြုနေသူ ဘယ်သူမဆို ကိုယ့်ဘာသာကိုယ် လုပ်ကြည့် နိုင်ပါတယ်။
(၁) ပထမဦးဆုံး Windows Key ကို နှိပ်ပြီး Device Manager လို့ ရိုက်ကာ ဝင်လိုက်ပါ။ ဒါမှမဟုတ် Task Bar အောက်က Windows ပုံလေးကို Right-click နှိပ်ပြီးလည်း Device Manager ကို ရွေးကာ၊ ဝင်နိုင်ပါတယ်။
(၂) Device Manager ပေါ်လာပြီဆိုရင် Batteries ဆိုတာကို နှိပ်လိုက်ပါ။ ဒီအခါ ‘Microsoft AC Adapter’ နဲ့ ‘Microsoft ACPI-Compliant Control Method Battery’ ဆိုပြီး နောက်ထပ် Items နှစ်ခုထပ်ကျလာတာ မြင်ရပါလိမ့်မယ်။
(၃) အဆိုပါ Items နှစ်ခုမှာ တခုချင်းစီ Right-click ထောက်ပြီး Uninstall device ဆိုတာကို ရွေးပေးလိုက်ပါ။ ဒါဆို Laptop ဘက်ထရီ Driver တွေကို Uninstall လုပ်ပေးပါလိမ့်မယ်။ မစိုးရိမ်ပါနဲ့ Laptop ကို Restart ချလိုက်ရင် အဆိုပါ Driver တွေကို Windows က အလိုလို ပြန်သွင်းပေးမှာပါ။
(၄) နောက်တဆင့်မှာတော့ လက်ပ်တော့ကို Shut Down ချလိုက်ပါ။ Restart မချပါနဲ့။
(၅) Laptop ကနေ အားသွင်းကြိုးကို ဖြုတ်လိုက်ပါ။
(၆) သင့် Laptop ဘက်ထရီက အလွယ်ဖြုတ်တပ်လို့ရတဲ့ ဘက်ထရီအရှင်ဆို ဘက်ထရီကို ခဏဖြုတ်လိုက်ပါ။ ဘက်ထရီ အသေဆိုရင်တော့ နောက်ကကျောဖုံးကိုပါ ဝက်အူလှည့်နဲ့ ဖြုတ်ပြီး ဘက်ထရီနဲ့ Motherboard ဆက်ထားတာကို ခဏဆွဲဖြုတ်ရပါလိမ့်မယ်။ Laptop အာမခံသက်တမ်း ကျန်သေးရင်ဖြစ်ဖြစ်၊ ကိုယ့်ဘာသာ မလုပ်ရဲရင် ဖြစ်ဖြစ် ကျွမ်းကျင်သူကို အကူအညီတောင်းပါ။ ဒါမှမဟုတ် ဒီအဆင့်ကို ကျော်ပြီးလုပ်ကြည့်နိုင်ပါတယ်။ (တော်တော်များများက ဘက်ထရီဖြုတ်ပြီးမှ ပြန်အဆင်ပြေသွားတာများပါတယ်။)
(၇) ဘက်ထရီကို Laptop မှာ ပြန်တပ်ပြီး၊ အားသွင်းကြိုးပြန်တပ်လိုက်ပါ။
(၈) Laptop ပါဝါကို ပြန်ဖွင့်ပါ။
(၉) အခု Windows တက်လာပြီးပြီဆိုရင်တော့ ဘက်ထရီ Icon လေးကို ကလစ်ထောက်ကြည့်လိုက်ရင် ‘Pugged in’ ကော ‘Charging’ ကော ပြနေတာ တွေ့ရပါလိမ့်မယ်။
တကယ်လို့ သင့် Laptop ဘက်ထရီက Software Update တခုခုလုပ်ပြီးမှ ဖြစ်သွားတာမျိုး မဟုတ်ဘဲ သူ့ဘာသာ ဖြစ်သွားတာဆိုရင်တော့ ဘက်ထရီ မကောင်းတော့တာ ဖြစ်နိုင်ပါတယ်။ Laptop ဘက်ထရီ သက်တမ်းကို ပိုမို ခံစေဖို့အတွက် အနည်းဆုံး တပတ်တခါလောက်ဖြစ်ဖြစ် အားအပြည့်သွင်းပြီးမှ ၊ အားသွင်းကြိုးကိုဖြုတ်ပြီး ဘက်ထရီကို ကုန်တဲ့အထိ သုံးပေးတာမျိုး၊ Battery Calibration software သုံးပေးတာမျိုး လုပ်ပေးသင့်ပါတယ်။
ဒီနည်းလမ်းက ဘက်ထရီ သက်တမ်းခံဖို့ အကောင်းဆုံးနည်းလမ်း တခုဖြစ်ပေမယ့် တော်တော်များများ လုပ်လေ့ မရှိတာကြောင့် အကြံပေးလိုက်ရခြင်း ဖြစ်ပါတယ်။
Ref: Cnet