IT

အထုတ်အသွင်း လုပ်နိုင်တဲ့ ရှေ့ကင်မရာနဲ့ ဘောင် မပါဝင်တဲ့ Vivo “Nex” စမတ်ဖုန်း

Want create site? Find Free WordPress Themes and plugins.

Vivo ဖုန်းပရိတ်သတ်တွေ စောင့်မျှော်နေတဲ့ ‘Nex’ စမတ်ဖုန်းကတော့ ဇွန်လ ၁၂ ရက်နေ့က တရားဝင် ထွက်ရှိလာပါတယ်။ Vivo ကုမ္ပဏီကတော့ Nex ဖုန်းဟာ “Bezel-less အိပ်မက်တွေကို ဖြည့်ဆည်းပေးမယ့်ဖုန်း” လို့ တင်စားထားပါတယ်။

Nex S နဲ့ Nex A ဆိုပြီး မော်ဒယ် ၂ မျိုး မိတ်ဆက်ခဲ့တဲ့ Vivo Nex ဖုန်းတွေဟာ ဖေဖော်ဝါရီလတုန်းက Mobile World Congress ပွဲမှာ ပြသသွားခဲ့တဲ့ ‘Vivo Apex’ ရှေ့ပြေးမော်ဒယ်ကို ဈေးကွက်ဝင်ထုတ်လိုက်တဲ့ မော်ဒယ်လို့ ဆိုနိုင်ပါတယ်။

တခြား ဘောင်မဲ့ဖုန်းတွေမှာ Selfie Camera အတွက် နေရာပေးထားရတာကြောင့် ‘notch’ လို့ ခေါ်တဲ့ အမည်းကွက်လေး ဖုန်း Display ပေါ်မှာ သိသိသာသာရှိနေပါတယ်။ Vivo Nex ဖုန်းမှာတော့ Notch ကို လုံးဝမေ့ထားပစ်လိုက်ပြီး Apex ဖုန်းတုန်းကလိုပဲ လိုအပ်တဲ့အခါ အထုတ်အသွင်း လုပ်နိုင်တဲ့ Selfie Camera ကို အသုံးပြုထားပါတယ်။

ဒီစနစ်ကြောင့် Nex ဖုန်းဟာ စခရင်နဲ့ ဘော်ဒီအချိုး ၉၁.၂၄ ရာခိုင်နှုန်းအထိ ရှိပြီး ဘောင် လုံးဝမရှိတဲ့ ကိုယ်ထည်ပြည့် Screen ကိုလည်း တွေ့မြင်ရမှာပါ။ ဖုန်းအောက်ဘက်လေးမှာတော့ ဘောင်လေး မဆိုစလောက် ကျန်နေသေးတာ တွေ့ရပါတယ်။

Vivo Nex ဖုန်းရဲ့ နောက်ထပ်ထူးခြားချက်ကတော့ လက်ဗွေရာဆန်ဆာကို ဖုန်းရဲ့ Display အောက်မှာ အသုံးပြုထားတာပါ။ ဒါပေမယ့် Nex S ဖုန်းမှာပဲ Display အောက် Fingerprint Sensor နဲ့ ဖြစ်ပြီး Nex A မှာတော့ Fingerprint Sensor ကို ဖုန်းကျောဘက်မှာ ပြန်လည်အသုံးပြုထားပါတယ်။

Nex S ဖုန်းဟာ သုံးထားတဲ့နည်းပညာတွေ ကောင်းသလောက် Specifications ကလည်း အလန်းစားပါပဲ။ လက်ရှိ အမြင့်ဆုံး ဖြစ်တဲ့ Snapdragon 845 Processor ၊ 8GB RAM နဲ့ 4,000mAh ဘက်ထရီတို့ ပါဝင်ပြီး Storage အနေနဲ့ လည်း 256GB အထိ ပါဝင်မှာပါ။ Display ကတော့ ၆.၅၉ လက်မအရွယ် 1080p+ OLED Display ဖြစ်ပါတယ်။

ဈေးများတဲ့ Snapdragon 845 မော်ဒယ်ကို မဝယ်ချင်ဘူးဆိုရင်လည်း Snapdragon 710၊ 6GB RAM ၊ 128GB Storage နဲ့ Nex မော်ဒယ်လည်း ရှိပါတယ်။ Snapdragon 845 မော်ဒယ်ကို Vivo Nex S လို့ နာမည်ပေးထားပြီး၊ Snapdragon 710 မော်ဒယ်ကိုတော့ Vivo Nex A လို့ နာမည်ပေးထားပါတယ်။

Vivo Nex S နဲ့ Nex A ဖုန်းတို့မှာ လုံးဝစခရင်အပြည့်ဒီဇိုင်းကို ရရှိဖို့အတွက် ဖုန်းပြောသံနားထောင်တဲ့ Earpiece Speaker ကို ဖုန်းရှေ့ဘက်ကနေ လုံးဝဖြုတ်ထားပြီး၊ ဖုန်းသံစပီကာအတွက် Screen SoundCasting လို့ ခေါ်တဲ့ နည်းပညာကို အသုံးပြုထားပါတယ်။ အဆိုပါနည်းပညာဟာ Micro-vibration ယူနစ်ကိုအသုံးချပြီး Screen တုန်ခါမှုလှိုင်းနဲ့ အသံကို ထုတ်ပေးနိုင်တာကြောင့် Earpiece မပါလည်း ဖုန်းအေးဆေး ပြောနိုင်မှာပါ။

ကင်မရာပိုင်းအနေနဲ့ကတော့ Vivo Nex S နဲ့ Nex A မော်ဒယ်နှစ်ခုစလုံးမှာ Dual ကျောကင်မရာကို အသုံးပြုထားပြီး တလုံးက 4-axis OIS စနစ်ပါ 12-megapixel Sony IMX363 sensor နဲ့ နောက်တလုံးက 5-megapixel sensor နဲ့ ဖြစ်ပါတယ်။

ရှေ့ကင်မရာကတော့ ရိုက်မယ်လုပ်တော့မှ ဖုန်းကိုယ်ထဲကနေ ထွက်လာမှာဖြစ်ပြီး၊ 8-megapixel camera ဖြစ်ပါတယ်။ ဖေဖော်ဝါရီတုန်းက အစမ်းပြခဲ့တဲ့ Apex မော်ဒယ်တုန်းကတော့ ကင်မရာထွက်လာဖို့ ဝ.၈ စက္ကန့်ပဲ ကြာပြီး ချက်ချင်းနီးပါး ရိုက်ကူးနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ကင်မရာ ထွက်လာတဲ့ စက်သံလေးတော့ နည်းနည်းကြားခဲ့ရပါတယ်။ ထူးဆန်းတဲ့ ဒီဇိုင်းအသစ် ဖြစ်တာကြောင့် အသစ်အဆန်းကိုင်ချင်သူတွေတော့ အကြိုက်တွေ့မှာပါ။

Vivo ဟာ Nex S နဲ့ Nex A ဖုန်းတွေမှာ ‘Energy UI’ အသစ်ကို အသုံးပြုထားပြီး Samsung Bixby လိုမျိုး ‘Jovi AI’ လို့ ခေါ်တဲ့ Digital Assistant တခုလည်း ပါဝင်မယ်လို့ သိရပါတယ်။ ဒီ့အပြင် Jovi AI အတွက် သီးသန့် ခလုတ်တခုလည်း ပါဝင်ဦးမှာပါ။

Vivo Nex ဖုန်းတွေရဲ့ ဈေးနှုန်းကတော့ အပျံစားတွေဖြစ်ပြီး၊ Nex S ဖုန်း 8GB+128GB မော်ဒယ်ကို ဒေါ်လာ ၇၀၀ နဲ့ 8GB+256GB မော်ဒယ်ကို ဒေါ်လာ ၇၈၀ ရှိပါတယ်။ Nex A ကတော့ 6GB+128GB မော်ဒယ်တခုတည်း ထွက်ဦးမှာ ဖြစ်ပြီး ဒေါ်လာ ၆၀၀ ကျသင့်မှာပါ။ ကာလာအနေနဲ့ကတော့ ဖုန်း ၂ မျိုးစလုံးကို အနက်နဲ့ အနီနှစ်ရောင် ကြိုက်ရာ ရွေးချယ်နိုင်မှာပါ။ ဇွန်လ ၂၃ ရက်နေ့ကစပြီး တရုတ်ပြည်တွင်းမှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။

Ref: The Verge, Gadgets 360, Android Central

Did you find apk for android? You can find new Free Android Games and apps.
Loading