နည်းပညာလောကမှာ တဖြည်းဖြည်း တွင်ကျယ်လာပြီဖြစ်တဲ့ VR Headset တွေကို အခုအခါ ဆေးရုံဆေးခန်းတွေမှာပါ စတင်အသုံးချလာပြီ ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံ စိန့်ဂျိုးဇက်ဆေးရုံဟာ လူနာတွေကို စိတ်သက်သာရစေဖို့နဲ့ နာကျင်မှုဒဏ်ကို ခံနိုင်ရည်မြင့်မားစေဖို့အတွက် နာကျင်ကိုက်ခဲပျောက်ဆေးတွေအစား ဘွဲ့လွန်ကျောင်းသား တချို့ရေးဆွဲထားတဲ့ Virtual Reality ပရိုဂရမ်တခုကို စတင် စမ်းသပ် အသုံးချနေပြီ ဖြစ်ပါတယ်။
ဒီပရိုဂရမ်ဟာ စာရေးသူတို့ အသုံးပြုဖူးတဲ့ VR Program တွေလိုပဲ အလွန်ရိုးရှင်းပြီး၊ လူနာတယောက်ဟာ နာကျင်ရမယ့် ဆေးကုသမှုခံနေတုန်းမှာ VR Headset တခုကို စွပ်ပြီး၊ နှင်းဖုံးလွှမ်းနေတဲ့တောင်တန်းတွေ ဒါမှမဟုတ် ဂျပန်နိုင်ငံ ဇန်ဥယျာဉ်တွေထဲမှာ Virtual ဂိုက်နဲ့ လှည့်လည်လျှောက်ကြည့်နေရုံပါပဲ။
လူနာတွေဟာ အဆိုပါ Virtual Headset ဝတ်ထားချိန်မှာ ဒဏ်ရာချုပ်တာမျိုး၊ အပူလောင်တာကို ကုသပေးတာမျိုး၊ ပခုံးအဆစ်လွဲလို့ ပြန်တည့်ပေးတာမျိုး စတဲ့ အသေးစားပေမယ့် နာကျင်ရတဲ့ကုသမှုတွေကို ပိုမိုခံနိုင်ရည်ရှိလာတာကို တွေ့ရှိခဲ့ရတယ်လို့ Reuters သတင်းဌာနက တင်ပြထားပါတယ်။
“အရေးပေါ် အခန်းထဲမှာ လူနာတွေကို ကုသပေးတဲ့အချိန်မျိုးမှာ အခု Virtual Reality ပရောဂျက်က တော်တော်လေး ထိရောက်တာကို တွေ့ရပါတယ်။ လူနာတွေရဲ့ နာကျင်မှု ဒါမှမဟုတ် ထိတ်လန့်ကြောက်ရွံ့မှုတွေကို အာရုံလွှဲပြီး ဖြေလျော့ပေးနိုင်ပါတယ်” လို့ စိန့်ဂျိုးဇက်ဆေးရုံ၊ အရေးပေါ်ဌာနမှူး Olivier Ganansia က ပြောပြပါတယ်။
“လာမယ့် ၁၀နှစ်လောက်ဆိုရင် Virtual Reality က အထူးအဆန်းကို ဖြစ်နေမှာ မဟုတ်တော့ဘူးလို့ ထင်ပါတယ်။ ဆေးရုံ၊ ဆေးခန်းတွေမှာ ပုံမှန်မြင်တွေ့အသုံးပြုလာမယ့် နည်းပညာတခု ဖြစ်လာနိုင်မှာပါ” လို့ သူက ဆိုပါတယ်။
ယခု Virtual Reality ပရိုဂရမ်ကို ‘The Healthy Mind’ လို့ အမည်ပေးထားပြီး သြစတြေးလျနိုင်ငံ Adelaide တက္ကသိုလ် ကနေ ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၂ သောင်းတိတိ ချီးမြှင့်ခံထားရတဲ့ ပရောဂျက်တခု ဖြစ်ပါတယ်။ မကြာခင်မှာပဲ ဒီပရောဂျက် တည်ထောင်သူ ၃ ယောက်ဟာ အမေရိကန်နိုင်ငံ၊ ဆီယက်တယ်မြို့မှာရှိတဲ့ Microsoft ရုံးချုပ်အထိ သွားရောက်ပြီး ပရောဂျက် အကြောင်း မိတ်ဆက်တင်ပြဖို့ ရှိတယ်လို့ သိရပါတယ်။
Ref: Engadet, Reuters