Apple ဟာ ပြီးခဲ့တဲ့ နှစ်တုန်းက iPhone X ကို မိတ်ဆက်ခဲ့တုန်းက ရေနဲ့ ဖုန်မှုန့် စိမ့်ဝင်မှု ခံနိုင်စွမ်းရည် IP 67 အထိ Rating သတ်မှတ်ထုတ်ပေးခဲ့တာပါ။
IP67 က ဘာကိုရည်ညွှန်းလဲဆိုတော့ ဟန်းဆက်ဟာ ရေအနက် ၁ မီတာမှာ မိနစ် ၃၀ အထိ ရေစိမ်ခံနိုင် စွမ်းရည် ရှိတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုထွက်ပေါ်လာတဲ့ သတင်းဗီဒီယိုတခုကြောင့် iPhone X ဟာ မိနစ်သုံးဆယ်မကဘဲ ရက်သတ္တပတ် ၂ ပတ်တိတိ ခံနိုင်ရည်ရှိနေပုံပေါ်ပါတယ်။
နာမည်ကြီး YouTuber တယောက်ဖြစ်တဲ့ Dallas ဟာ Man+River ဆိုတဲ့ YouTube Channel ထောင်ပြီး “မြစ်ထဲ နစ်မြုပ်ပျောက်ဆုံးနေတဲ့ အဖိုးတန်ပစ္စည်းတွေ” ကို ရှာဖွေလေ့ရှိသူ တယောက်ဖြစ်ပါတယ်။ Dallas ဟာ သူမြစ်ထဲက ရတဲ့ ပစ္စည်းတွေကို ပိုင်ရှင်မှန်ဆီ ပြန်ရအောင်လည်း ကြိုးစားလိုက်ပေးလေ့ရှိသူတယောက်ပါ။
ပုံမှန်အားဖြင့် Dallas တွေ့နေကြပစ္စည်းတွေက ငွေလက်စွပ်တွေ၊ ဈေးကြီး နေကာမျက်မှန်တွေ ဖြစ်ပေမယ့် ဒီတခါမှာတော့ Dallas တယောက် iPhone X ကြီးကို ရှာတွေ့ခဲ့ပါတယ်။ Silver ကာလာ ဖြစ်ပြီး၊ ရေစိုခံနိုင်တဲ့ ကာဗာတွေ ထပ်တပ်ထားတာမျိုးလည်း မတွေ့ရပါဘူး။ ဘယ်သူမဆို မြစ်ထဲကရတဲ့ဖုန်းဆို ပျက်လောက်ပြီလို့ ထင်ကြမှာ ဖြစ်ပေမယ့် Dallas ကတော့ iPhone X ကို ပြန်အလုပ်လုပ်အောင် အားမလျော့ဘဲ ကြိုးစားကြည့်ပါတယ်။
အောက်ပါဗီဒီယိုထဲမှာ Dallas ဟာ iPhone X ကို အဖုံးဖွင့်ပြီး ဆံပင်မှုတ်စက်နဲ့ မှုတ်နေတာ၊ ရေဓာတ် စုပ်ယူ နိုင်တဲ့ ဆီလီကာဂျယ်ဘူးထဲ ထည့်ထားတာကို တွေ့မြင်ရမှာပါ။ သုံးရက်လောက်ကြိုးစားပမ်းစား အခြောက်ခံပြီး မှာတော့ iPhone X ကို အားသွင်းကြိုးတပ်ပြီး အားသွင်းထားခဲ့ပါတယ်။
အားပြည့်သွားလို့ ဖုန်းကို ပါဝါဖွင့်ကြည့်လိုက်တဲ့ အခါမှာတော့ အံ့သြစရာကောင်းလောက်အောင် ဖုန်းက အကောင်းပကတိ အလုပ်လုပ်နေတာကို တွေ့မြင်ရမှာပါ။ ထို့နောက်မှာတော့ Dallas ဟာ iPhone X ကို ပိုင်ရှင်ထံ မရမက ရှာပြီး ပြန်ပေးနိုင်ခဲ့ပါတယ်။
ပိုင်ရှင် Alyssa ဟာ သူ့ကလေးစမွေးကင်းစလေးရဲ့ ဓာတ်ပုံတွေ အများကြီးပါတဲ့ iPhone X ကို မမျှော်လင့်ထားဘဲ ပြန်ရခဲ့တဲ့အတွက် အတိုင်းမသိဝမ်းသာနေတာကို လည်း ဗီဒီယိုထဲမှာ တွေ့မြင်ရခဲ့ပါတယ်။
ပိုင်ရှင်ဖြစ်သူ Alyssa က သူမရဲ့ iPhone X ဟာ လွန်ခဲ့တဲ့ ၂ ပတ်လောက်ထဲက မြစ်ထဲကျ၊ ပျောက်ဆုံး သွားခဲ့တာ ဖြစ်တယ်လို့ ဆိုတာကြောင့် အခုလိုအချိန်တော်တော်ကြာ ရေထဲမြုပ်နေပေမယ့် အကောင်းတိုင်း ပြန်သုံးနိုင်တဲ့ iPhone X ရဲ့ ရေစိမ့်ဝင်မှု ကာကွယ်နိုင် စွမ်းရည်ကတော့ အံ့မခန်းပါပဲ။
iPhone X ရဲ့ ရေစိမ်ခံနိုင်စွမ်းရည်ကို ဖတ်ပြီး မိတ်ဆွေရဲ့ iPhone X ကို ရေထဲ အကြာကြီး ပစ်ချပြီး စမ်းသပ် မကြည့်ဖို့တော့ အကြံပေးပါရစေ။ ဘာလို့လဲ ဆိုတော့ IP Rating တွေ ပေးထားပေမယ့်လည်း ရေကြောင့် ထိခိုက်ပျက်စီးမှုက Apple Warranty မှာ အကျုံးမဝင်တာကြောင့် ဖြစ်ပါတယ်။
Ref: Gadgets 360, YouTube, 9to5Mac