အသုံးပြု ပေါင်း ၈၇ သန်းကျော်ရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ ပေါက်ကြားခဲ့မှုကြောင့် Facebook CEO Mark Zuckerberg တယောက် ပြီးခဲ့တဲ့ ဧပြီလတုန်းက အမေရိကန် ဆီးနိတ်လွှတ်တော်မှာ လာရောက် အစစ်ဆေးခံခဲ့တာကို မှတ်မိကြမှာပါ။
အဆိုပါ ကြားနာစစ်ဆေးမှု အပြီးမှာတော့ Facebook ဟာ ကုမ္ပဏီရဲ့ အသုံးပြုသူ ဒေတာကောက်ယူမှု အသေးစိတ် အကြောင်း ရှင်းပြထားတဲ့ စာမျက်နှာ ၂၂၂ မျက်နှာရှိ စာရွက်စာတမ်းတခုကို အမေရိကန် ဆီးနိတ်လွှတ်တော်ဆီ ပေးပို့ခဲ့ ပါတယ်။
အဆိုပါ စာရွက်စာတမ်းကို Business Insider ကနေ အကုန်အစင် ဖတ်ရှုကာ အသုံးပြုတွေ သိထားသင့်တဲ့ အရေးကြီး အချက်အလက်တွေကို ပြန်လည်ဖော်ပြပေးခဲ့ပါတယ်။ အဆိုပါ အချက်တွေအရ Facebook ဟာ အသုံးပြုသူ တယောက်ရဲ့ Facebook အသုံးပြုမှု ကြာချိန်၊ Facebook ပလက်ဖောင်းကနေ တဆင့် ဝယ်ယူလိုက်တဲ့ ပစ္စည်းတွေ စတဲ့ အချက်အလက်တွေ ကောက်ယူနေတယ်ဆိုတာ အားလုံး သိရှိခဲ့ရပါတယ်။
ဒီအချက်တွေဟာ သာမန် Analytics Tool တိုင်းလိုလို ကောက်ယူနေတဲ့ ဒေတာ အချက်အလက်တွေ ဖြစ်တာကြောင့် သိပ်အံ့သြစရာ မရှိပါဘူး။ ဒါပေမယ့် Facebook ကောက်ယူနေတဲ့ ဒေတာတွေထဲမှာ စာရေးသူတို့ အားလုံး မထင်မှတ်ထားတဲ့ ဒေတာတွေပါ ပါဝင်နေတာကို အံ့အားသင့်ဖွယ် တွေ့မြင်ခဲ့ရပါတယ်။
Business Insider ကနေ တွေ့ရှိချက်အရ Facebook ဟာ အသုံးပြုသူ တယောက်က Bot ပရိုဂရမ်လား၊ အမှန်တကယ် အသုံးပြုလားဆိုတာ ခွဲခြားသိရှိနိုင်ဖို့အတွက် အဆိုပါ အသုံးပြုသူရဲ့ မောက်စ် လှုပ်ရှားမှု ဒေတာတွေနဲ့Browser အသုံးပြုမှု ဒေတာတွေကိုပါ ကောက်ယူနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် Facebook အသုံးပြုနေတဲ့ Device ရဲ့ အသေးစိတ် အချက်အလက်တွေဖြစ်တဲ့ ဘက်ထရီပမာဏ ဘယ်လောက် ကျန်သေးတာ၊ ဘာကွန်နက်ရှင်နဲ့ သုံးနေတာ၊ ဖုန်းမှာ Storage ပမာဏ ဘယ်လောက်ကျန်နေသေးလဲ ဆိုတာက အစ ဒေတာ ကောက်ယူထားပါတယ်။
Bot နဲ့လူသားကို ခွဲခြားသိရှိဖို့အတွက် Browser ကို Background မှာ ဖွင့်ထားတာလား Foreground မှာ ဖွင့်ထား တာလား ဆိုတာကိုပါ Facebook အနေနဲ့ သိရှိနိုင်ပြီး၊ Browser မှာ ဘာ Plugins တွေ သွင်းထားလဲ ဆိုုတာကအစ သိနိုင်ပါတယ်။
ကုန်ကုန်ပြောရရင် သူတို့ ဝက်ဘ်ဆိုက် ‘Facebook’ ကို ဝင်ရောက်ထားတဲ့ Device ရဲ့ အချက်အလက် အကုန်နီးပါးကို သိရှိနိုင်တာပါ။ ဒီထဲမှာ IP Address တွေပါမယ်၊ Cookie Dataတွေ၊ Time Zone တွေနဲ့ အင်တာနက် ကွန်နက်ရှင် မြန်နှုန်းတွေပါ ပါဝင်ပါတယ်။
ဒီထက် ပိုအံ့အားသင့်ဖွယ် ပြောရရင် Facebook ဟာ အသုံးပြုသူ Device နဲ့ ချိတ်ဆက်ထားတဲ့ Devices တွေ Network ကွန်ရက်တွေကိုပါ သိရှိနိုင်ပြီး၊ အနားမှာ Wi-Fi Hotspots တွေ ဘယ်လောက် ရှိတယ်၊ မိုဘိုင်းတာဝါတွေ ဘယ်လောက် အကွာအဝေးအတွင်းမှာ ရှိတယ်ဆိုတာကအစ သိရှိနိုင်တယ်လို့အဆိုပါ Document မှာ ဖော်ပြထာားပါတယ်။
Facebook App ကို Install လုပ်တုန်းက ပေးထားတဲ့ Permissions တွေအရ ကုမ္ပဏီဟာ သင့်ဖုန်းရဲ့ ‘Location’ ‘Camera’ နဲ့ ‘Gallery’ တို့ကို Access ရထားတာကြောင့် သင့်ဓာတ်ပုံ၊ ဗီဒီယိုတွေကိုပါ သိနေတယ်ဆိုတာကတော့ ထူးဆန်းမယ် မထင်ပါဘူး။
မိုဘိုင်း ဖုန်းနံပါတ်ကို Facebook မှာ Sync လုပ်ထားမယ်ဆိုရင် ကိုယ့်ဖုန်းခေါ်ဆိုမှုတွေနဲ့မက်ဆေ့တွေကိုုပါ Facebook က သိနေနိုင်ပါတယ်။ တကယ်လို့ဂိမ်းတွေ၊ Apps တွေနဲ့တခြားအကောင့်တွေကို Facebook အကောင့်နဲ့ပဲ Logged in ဝင်ထားမယ်ဆိုရင် သင်ဘာလုပ်လုပ် Facebook ကို လှမ်းပြောနေတဲ့အတိုင်းပါပဲ။
Ref: Hindustan Times