Samsung စမတ်ဖုန်း ကုမ္ပဏီဟာ ၂၀၂၀ ခုနှစ်ရောက်ရင် အမေရိကန်၊ ဥရောပနဲ့ တရုတ်နိုင်ငံတို့မှာ ရှိတဲ့ ကုမ္ပဏီပိုင် စက်ရုံတွေနဲ့ ရုံးခန်း အဆောက်အဦတွေကို Renewable Energy (ပြန်လည် အသုံးချ စွမ်းအင်) နဲ့ ၁၀၀ ရာခိုင်နှုန်း လည်ပတ်တော့မှာ ဖြစ်တဲ့အကြောင်း ဇွန်လ ၁၄ ရက်နေ့က သတင်းထုတ်ပြန် ကြေညာလိုက်ပါတယ်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားဆောင်ရွက်နေသူ “Greenpeace” အဖွဲ့သားတွေဟာ ပြီးခဲ့တဲ့ MWC 2017 ပွဲတုန်းက Samsung ရဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ လာရောက်ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပြီး၊ တနှစ်အကြာမှာ အခုလိုကြေညာချက်ထွက် ပေါ်လာတာဖြစ်ပါတယ်။
ဆန္ဒပြသူတွေက Samsung ဟာ ပြိုင်ဘက် ကုမ္ပဏီကြီးတွေဖြစ်တဲ့ Apple တို့ Google တို့နဲ့ ယှဉ်ရင် Samsung က ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်ချက်တွေမှာ နောက်ကောက်ကျနေကြောင်း ထောက်ပြခဲ့ကြပါတယ်။ Apple တို့ Google ဟာ ယခုနှစ်၊ ဧပြီလတုန်းက ကုမ္ပဏီလုပ်ငန်း ဆောင်ရွက်မှုအားလုံးကို Renewable Energy နဲ့သာ ၁၀၀ ရာခိုင်နှုန်း လည်ပတ်နေပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးလည်း ဖြစ်ပါတယ်။
Apple နဲ့ Google တို့ဟာ နေရောင်ခြည်နဲ့ လေစွမ်းအင်လိုမျိုး Renewable Energy အသုံးပြုနိုင်ဖို့အတွက် ကိုယ်တိုင် စက်ရုံဆောက်၊ စွမ်းအင် ထုတ်လုပ်တာ မဟုတ်ဘဲ စွမ်းအင်ဝယ်သုံးတာ ဖြစ်တာကြောင့် Samsung လည်း အလားတူ ပုံစံမျိုးပဲ လုပ်ဖို့ ရှိနိုင်ပါတယ်။
ဒါပေမယ့် Samsung ဟာ တကမ္ဘာလုံးမှာရှိတဲ့ ကုမ္ပဏီပိုင် အဆောက်အဦ၊ ရုံးခန်း ၃၈ ခုထဲကမှ ၁၇ ခုကိုပဲ ၁၀၀ ရာခိုင်နှုန်း Renewable Energy သုံးကာ လည်ပတ်မယ်လို့ ကတိပေးထားပြီး၊ အစ္စရေး၊ အိန္ဒိယ၊ စင်ကာပူနဲ့ ဂျပန်တို့မှာရှိတဲ့ ဒေသတွင်း ရုံးခန်း အဆောက်အဦတွေကိုတော့ ဘာမှမပြောထားပါဘူး။
Samsung ကတော့ အမေရိကန်၊ ဥရောပနဲ့ တရုတ်တို့မှာရှိတဲ့ အဆောက်အဦတွေကပဲ Renewable Energy ထုတ်လုပ်၊ ပို့လွှတ် သုံးစွဲဖို့အတွက် လိုအပ်တဲ့ အခြေခံ အဆောက်အုံတွေ ရှိတယ်လို့ ဆိုထားပါတယ်။ အဆိုပါ အမေရိကန်၊ ဥရောပ၊ တရုတ် ရုံးခန်း အဆောက်အဦတွေနဲ့ စက်ရုံတွေကို ၂ နှစ် ကြားကာလအတွင်းမှာ အပြီးသတ် အဆင့်မြှင့်တင်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် Samsung ဟာ ကုမ္ပဏီရဲ့ ထုတ်လုပ်၊ တင်ပို့ရောင်းချမှု အဆင့်ဆင့်ဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက် စေနိုင်သလားဆိုတာ စစ်ဆေးအတည်ပြုပေးမယ့် Carbon Disclosure Project (CDP) ပရိုဂရမ်ကိုလည်း လာမယ့် ၂၀၁၉ ခုနှစ်မှာ ပါဝင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
Samsung အပါအဝင် Apple, Google, Amazon နဲ့ Facebook စတဲ့ ကမ္ဘာ့အကြီးဆုံး နည်းပညာကုမ္ပဏီကြီးတွေဟာ သူတို့ရဲ့ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှု အားလုံးကို Renewable Energy နဲ့သာ ၁၀၀ ရာခိုင်နှုန်း လည်ပတ်နိုင်ဖို့ အလေးထား ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
Ref: The Verge