IT

ဒေါ်လာ ၁၀၀ ဝန်းကျင်နဲ့ ထွက်ရှိလာတဲ့ Redmi 6 နဲ့ Redmi 6A စမတ်ဖုန်းများ

Want create site? Find Free WordPress Themes and plugins.

တန်ဖိုးနည်းပြီး အရည်အသွေး မဆိုးတဲ့ ဖုန်းတွေကြောင့် နာမည်ရရှိခဲ့တဲ့ Xiaomi Redmi စီးရီးရဲ့ မျိုးဆက်သစ် Redmi 6 နဲ့ Redmi 6A စမတ်ဖုန်းတို့ကတော့ ဇွန်လအတွင်းမှာ တရားဝင် ထွက်ရှိလာပါပြီ။

Redmi စီးရီးတွေရဲ့ ထုံးစံအတိုင်း အဓိက ဆွဲဆောင်မယ့်အရာကတော့ “လူတိုင်း ဝယ်ကိုင်နိုင်တဲ့ ဈေးနှုန်းဖြစ်ပြီး” ဒေါ်လာ ၁၀၀ (မြန်မာငွေကျပ် ၁ သိန်း ၃ သောင်းဝန်းကျင်) လောက်နဲ့ နောက်ဆုံးပေါ် မော်ဒယ်ဖုန်းကို ကိုင်နိုင်မယ့် အခွင့်အရေးပါ။ တန်ဖိုးနည်းဖုန်း ဆိုပေမယ့် Face Unlock လို နည်းပညာသစ်တွေ ပါရှိပြီး၊ နောက်ဆုံးပေါ် ဘောင်မဲ့ Display တွေနဲ့ ဖြစ်ပါတယ်။

Redmi 6 ဖုန်းကနေ စပြောရမယ်ဆိုရင် MediaTek ရဲ့ Helio P22 Chipset အသစ်ကို အသုံးပြုထားပြီး၊ 3GB RAM+32 GB မော်ဒယ်ရယ် 4GB RAM+64GB မော်ဒယ်ဆိုပြီး ၂ မျိုး ရွေးချယ်နိုင်ပါတယ်။ Display ကတော့ ၅.၄၅ လက်မအရွယ် HD+ (720×1440 pixels) 18:9 Display နဲ့ ဖြစ်ပါတယ်။

ကင်မရာပိုင်းမှာ ဆိုရင်လည်း ကျောကင်မရာ ၂ လုံးတွဲကို အသုံးပြုနိုင်မှာဖြစ်ပြီး၊ 12MP+5MP Dual-Camera Setup နဲ့ ဖြစ်ပါတယ်။ ဈေးနှုန်း ၁ သိန်းကျော်လေးနဲ့ Dual-camera ဖုန်းကိုင်နိုင်မှာက မဆိုးဘူးလို့ ဆိုရမှာပါ။ ရှေ့ကင်မရာကတော့ 5MP ကင်မရာနဲ့ ပါ။ Redmi 6 ဖုန်းမှာ Artificial Intelligence ခေါ် A.I နည်းပညာတွေလည်း ပါရှိပြီး၊ ထူးခြားတာက AI အသုံးပြု Face Unlock ပါ။

ဖုန်းကို ကောက်ကိုင်လိုက်တာနဲ့ Screen ပွင့်လာမှာ ဖြစ်ပြီး ပိုင်ရှင်မျက်နှာကို အလိုလို ဖတ်ပေးမှာ ဖြစ်ပါတယ်။ Face Unlock မသုံးချင်လို့ လက်ဗွေရာ Sensor ပဲ သုံးချင်ရင်လည်း ဖုန်းကျောဘက်မှာ Sensor ပါဝင်ပါသေးတယ်။

နောက်ထပ်တလုံးဖြစ်တဲ့ Redmi 6A ကတော့ Hardware နည်းနည်းလျော့ချထားတဲ့မော်ဒယ်ဖြစ်ပြီး ဈေးလည်း ပိုနည်းသွားပါတယ်။ Display ကတော့ Redmi 6 နဲ့ အတူတူပဲ ဖြစ်ပေမယ့် Chipset မှာတော့ Helio A22 chipset ကို ပြောင်းလဲ အသုံးပြုထားပါတယ်။ RAM အနေနဲ့ 2GB ပဲ ပါရှိမှာဖြစ်ပြီး၊ Internal Storage ကတော့ 16GB ပါရှိမှာပါ။

Redmi 6 နဲ့ 6A မှာ ကွာခြားသွားတဲ့နေရာတွေကတော့ Redmi 6A ဖုန်းမှာ ကျောကင်မရာက တလုံးတည်းပဲ ပါဝင်တော့မှာ ဖြစ်ပြီး၊ ဘေးမှာ LED Flash လေးနဲ့ Dual ကင်မရာလိုလို ဒီဇိုင်းလုပ်ထားတာ တွေ့ရပါတယ်။ ဒါ့အပြင် Redmi 6A မှာ လက်ဗွေရာ Sensor လည်း မပါဝင်ဘဲ Face Unlock နဲ့ပဲ အဓိက အသုံးပြုရမှာပါ။ ရှေ့ကင်မရာကတော့ အတူတူပါပဲ။ ဘက်ထရီလည်း ဖုန်းမော်ဒယ် ၂ ခုလုံး 3,000mAh ဘက်ထရီတွေပဲ သုံးထားပါတယ်။

အားလုံး စိတ်ဝင်စားနေတဲ့ ဈေးနှုန်း အနေနဲ့ကတော့ Redmi 6 3GB+32GB version ကို အမေရိကန် ဒေါ်လာ ၁၂၅ ဒေါ်လာဖြစ်ပြီး၊ 4GB+64GB မော်ဒယ်ကို ကန်ဒေါ်လာ ၁၅၅ ဒေါ်လာ ဖြစ်ပါတယ်။ Redmi 6A ကတော့ ၉၅ ဒေါ်လာပဲ ရှိမှာပါ။ ဖုန်းမော်ဒယ် ၂ ခုလုံးကို တရုတ်နိုင်ငံမှာ ဇွန်လ ၁၅ ရက်နေ့မှ စတင် ရောင်းချနေပြီ ဖြစ်ပါတယ်။

Ref: GSM Arena, Android Authority

Did you find apk for android? You can find new Free Android Games and apps.
Loading